ကမ္ဘာမြေကိုကယ်တင်ဖို့အတွက် ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေးရမယ့် အချက်(၁)ချက်

0
77

လူဦးရေထူထပ်လာခြင်း၊ နေထိုင်ရာ နယ်ပယ်ဒေသချဲ့ထွင်ခြင်း၊ စက်ရုံအလုပ်ရုံတွေနဲ့ ပမာဏများပြားတဲ့ ကုန်ကြမ်းပစ္စည်းတွေထုတ်ယူမှုတွေကြောင့် ကမ္ဘာကြီး နေထိုင်မကောင်းဖြစ်နေတာ တော်တော်ကြာခဲ့ပါပြီ။ ရာသီဥတုဖောက်ပြန်မှုတွေ၊ ကပ်ရောဂါဘေးတွေ၊ရေကြီးရေလျံမှုတွေကြောင့် လူသန်းပေါင်းများစွာနဲ့ တိရစ္ဆာန်သန်းပေါင်းများစွာ နှစ်စဉ်သေကြေပျက်စီးနေကြရပါတယ်။

ကမ္ဘာတဝှမ်းမှာ ရာသီဥတု ပြန်လည်မှန်ကန်လာစေဖို့အတွက် ဖန်လုံအိမ်စိုက်ပျိုးမှု၊ ကာဗွန်သုံးစွဲမှု၊ ပလတ်စတစ်သုံးစွဲမှု အစရှိတာတွေကို လျော့ချဖို့နဲ့ သစ်တောသစ်ပင်များ ပြန်လည်စိမ်းစိုလာစေဖို့အတွက် ကြိုးစားနေကြပါတယ်။ ကျနော်တို့လည်း ကျနော်တို့ရဲ့ ရှင်သန်ကျန်နေရစ်မယ့် မျိုးဆက်တွေဖြစ်တဲ့ ကလေးငယ်တွေရဲ့ဘဝကို ရာသီဥတုဖေါက်ပြန်မှုတွေ၊ ကပ်ရောဂါဘေးဆိုးတွေ မခံစားရစေဖို့အတွက် စဉ်းစားဖို့လိုအပ်နေပါပြီ။ ဒီတော့ ကျတော်တို့ရဲ့ ရှင်သန်ကျန်နေရစ်မယ့် မျိုးဆက်သစ်ကလေးငယ်တွေကို မှန်ကန်တဲ့ အပြုအမူတွေ၊ စိတ်သဘောထားတွေနဲ့ သဘာဝတရားကြီးကို ချစ်မြတ်နိုးတတ်အောင် သင်ကြားပေးပြီး ကျနော်တို့ရဲ့ အသက်ဝိဉာဉ်ဖြစ်တဲ့ ကမ္ဘာကြီးကို ဆေးပြန်ကုပေးဖို့ သင်ကြားပေးရပါမယ်။ ဒါမှသာ သူတို့ရဲ့ နောက်မျိုးဆက်ကလေးငယ်တွေဆီကို ကောင်းမွန်တဲ့ အမူအကျင့်တွေ လက်ဆင့်ကမ်းသင်ကြားပေးနိုင်မှာဘဲဖြစ်ပါတယ်။

ကလေးငယ်တွေကို သစ်ပင်စိုက်ပျိုးဖို့၊ ဥယျာဉ်ပန်းမာန်စိုက်ပျိုးဖို့ အလေ့အကျင့်ပြုလုပ်ပေးတာက သဘာဝတရားကြီးကို ချစ်မြတ်နိုးတတ်စေဖို့၊ အလေးထားဂရုပြုမိစေဖို့၊ တန်ဖိုးထားတတ်စေဖို့နဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အထတွေကိုပါ အလေ့အကျင့်ပြုလုပ်ပြီးသားဖြစ်စေပါတယ်။ မြေကြီးဓါတ်ကို ခံစားရစေခြင်း၊ သစ်ပင်ပန်းမာန်တွေရဲ့ အဆင့်ဆင့်ပြောင်းလဲလာပုံကို မျက်မြင်ကိုယ်တွေ့သိနားလည်လာခြင်း၊ စားသုံးနိုင်တဲ့ အသီးအရွက်တွေနဲ့ခြံထွက်သီးနှံတွေကို ရောင်းချပြီး အပိုဝင်ငွေရရှိလာနိုင်ခြင်း၊ ပိုးသတ်ဆေးကင်းဝေးတဲ့ လတ်လတ်ဆတ်ဆတ်သဘာဝဟင်းသီးဟင်းရွက်တွေကို စားသုံးနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိလာနိုင်ပါတယ်။

တကယ်လို့ ကလေးငယ်တွေဟာ အသီးအရွက်စားသုံးရတာကို မကြိုက်နှစ်သက်ဘူး၊ စားသုံးဖို့ တိုက်တွန်းမရဘူးဆိုရင် သူတို့နဲ့အတူ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတာက အကောင်းဆုံးအကြံဉာဏ်ဖြစ်ပါတယ်။ အပင်တွေကို ဘယ်လိုစိုက်ပျိုးလည်း၊
ဘယ်လိုကြီးထွားလာသလည်းဆိုတာကြည့်ရှုစေပြီး သူတို့စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို မြည်းစမ်းကြည့်ခိုင်းတာက သူတို့အတွက်စိတ်လှုပ်ရှားစရာဖြစ်နေပါလိမ့်မယ်။ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ဆွတ်ယူဆေးကြောပြီး ချက်ခြင်းချက်ပြုတ်ကျွေးမွေးတာက ကျန်းမာရေးအတွက် ကောင်းမွန်သလို ကလေးငယ်တွေအတွက်လည်း ဟင်းသီးဟင်းရွက်စားသုံးဖို့အလေ့အထဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သစ်ပင်စိုက်ပျိုးခြင်း၊ ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ပန်းမာန်စိုက်ပျိုးတာဟာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်စေသလိုဖြစ်စေပြီး ပေါင်းပင်နှုတ်ခြင်း၊ အပင်ရေလောင်းခြင်း၊ မြေဩဇာကျွေးမွေးခြင်းစတာတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုတွေကို အထောက်အကူဖြစ်စေပါတယ်။

သစ်ပင်၊ ဟင်းသီးဟင်းရွက်၊ ဥယျာဉ်ပန်းမာန်တွေကိုစိုက်ပျိုးတာဟာ ကလေးငယ်တွေရဲ့ သိပ္ပံဆိုင်ရာအယူအဆတွေနဲ့ မိသားစုစည်လုံးညီညွတ်မှုတွေကိုပါတိုးပွားလာစေနိုင်ပါတယ်။ မိသားစုနဲ့အတူတကွ သစ်ပင်စိုက်ပျိုးပြီး ဘယ်လိုအရာက သစ်ရွက်တွေကို စိမ်းလန်းစေသလည်း၊ အပင်ကြီးထွားရှင်သန်ဖို့အတွက် ဘာတွေလိုအပ်သလည်း အစရှိတဲ့ သိပ္ပံဆိုင်ရာ အယူအဆတွေကို လေ့လာစူးစမ်းနိုင်ပြီး အသက်အရွယ်ကြီးပြင်းလာချိန်မှာ အထူးလိုအပ်တဲ့ အဖွဲ့အစည်းတခုအနေနဲ့ စုပေါင်းအလုပ်လုပ်ကိုင်ခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း စတာတွေကိုပါ သိရှိနားလည်စေနိုင်ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေကို သစ်ပင်၊ ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ပန်းမာန်စိုက်ပျိုးစေတာဟာ သင်္ချာစွမ်းရည်တွေကိုပါ တိုးတက်စေနိုင်ပါတယ်။ သီးနှံတမျိုးစီကို စိုက်ပျိုးဖို့အတွက် နေရာအကျယ်အဝန်းတွက်ချက်ခြင်း၊ နေရာပိုင်းခြားကန့်သတ်ဖို့အတွက် တွက်ချက်ခြင်း၊ ၁ဧက အကျယ်အဝန်းဆိုရင် ဘယ်လိုမျိုးစေ့တွေကို ဘယ်လောက်ထိစိုက်ပျိုးနိုင်သလည်းဆိုတာ တွက်ချက်ခြင်း အစရှိတာတွေကို ပြုလုပ်ရင်းနဲ့ အတွက်အချက်ပိုင်းဆိုင်ရာတွေကိုပါ လေ့ကျင့်သင်ကြားပြီးသားဖြစ်စေပါတယ်။ အပင်တပင်စိုက်ပျိုးတာဟာ မျိုးစေ့မှ အပင်ပေါက်ရန် ရက်သတ္တပတ်(သို့) လပေါင်းများစွာ ကြာရှည်နိုင်တဲ့အတွက် သူတို့ရဲ့ လိုအင်ဆန္ဒတွေပြီးပြည့်စုံနိုင်ဖို့အတွက် သည်းခံခြင်း၊ စောင့်စားခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာအပြုအမူတွေကိုပါ လေ့ကျင့်သင်ကြားပေးပြီးသားဖြစ်စေပါတယ်။

ဒါကြောင့်မို့ ကလေးငယ်တွေကို သစ်ပင်ပန်းမာန်တွေနဲ့ ဥယျာဉ်စိုက်ပျိုးဖို့ အလေ့အကျင့်ဖြစ်စေတာက သူတို့ရဲ့ လက်ရှိဘဝအနေအထားအတွက် အကျိုးရှိစေသလို နောင်လာမယ့် သူတို့ရဲ့ မျိုးဆက်တွေနဲ့ ကမ္ဘာလောကကြီးကိုပါ အကျိုးဖြစ်ထွန်း
စေနိုင်ပါတယ်ဆိုတဲ့ အကြောင်းဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here