ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေကြားက ယှဥ်ပြိုင်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

0
115

တိုင်းပြိုင်ပွဲ၊ နိုင်ငံတကာပြိုင်ပွဲ သို့မဟုတ် ကျောင်းတွင်းပြိုင်ပွဲပဲဖြစ်ဖြစ် ပြိုင်ပွဲတွေဆိုတာဟာ နေရာတကာမှာရှိပါတယ်။ ဒီလိုယှဥ်ပြိုင်မှုတွေက ကလေးတွေအတွက် တကယ်ပဲကောင်းတဲ့အရာဟုတ်ရဲ့လား။ ကလေးတွေခေါင်းထဲကို ရိုက်သွင်းပေးထားသင့်တဲ့ အရာတစ်ခုဟုတ်ရဲ့လား ဆိုတာကို မေးခွန်းထုတ်ဖူးပါသလား။ ယှဥ်ပြိုင်မှုနှင့်ပတ်သက်လို့ ကလေးတွေကို သင်ကြားပေးရာမှာ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းမတူညီနိုင်ကြပါဘူး။ တစ်ချို့တွေက ကလေးတွေကို ယှဥ်ပြိုင်မှုတွေနဲ့ ရင်းနှီးမှုရစေတာက နိုင်ခြင်း၊ ရှုံးခြင်းတို့လို လက်တွေ့ဘဝသင်ခန်းစာတွေကို သင်ကြားပေးတယ်လို့ ခံစားရပါတယ်။ တချို့တွေကျတော့လည်း ကောင်းတာထက် ဆိုးတာတွေသာ ပိုဖြစ်စေတယ်ဆိုပြီး တွေးတတ်ကြပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ယှဥ်ပြိုင်မှုနဲ့ပတ်သက်လာရင် အကောင်းအဆိုးက အမြဲဒွန်တွဲနေမြဲပါပဲ။

အားနည်းချက်တွေနဲ့ အားသာချက်များ

ကလေးတွေစိတ်ထဲမှာ အနိုင်ယူလိုစိတ် သွတ်သွင်းပေးခြင်း သို့မဟုတ် ယေဘုယျအားဖြင့် ပြိုင်ပွဲတွေနဲ့ ထိတွေ့စေခြင်းလိုမျိုးတောင် ပတ်သက်တာမျိုးမကြိုက်တဲ့ မိဘတွေအနေနဲ့ ပြိုင်ပွဲဆိုတာဟာ ဖျက်လိုဖျက်ဆီးဖြစ်စေပြီး အဆိပ်အတောက်တစ်ခုလို ယူမှတ်ကြပါတယ်။ စာလုံးပေါင်းသတ်ပုံဖြစ်ဖြစ် အားကစားပြိုင်ပွဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင်လို့ ကလေးတွေအပေါ်မှာ ကြီးလေးတဲ့ဖိအားတွေ သက်ရောက်လာစေနိုင်တာကြောင့် မလိုလားတဲ့ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်စိတ်တွေကို ပေါ်ပေါက်လာစေနိုင်တယ်လို့လည်း ပြောဆိုကြပါသေးတယ်။

တစ်ဖက်မှာတော့ သင့်တင့်လျောက်ပတ်တဲ့ ပြိုင်ပွဲနည်းနည်းပါးပါးက ကလေးတွေအတွက် ကောင်းကျိုးဖြစ်ကောင်းဖြစ်စေနိုင်တယ်လို့ ယူဆကြပြီး ယှဥ်ပြိုင်မှုတွေကို လက်သင့်ခံကြတဲ့ မိဘတွေလည်းရှိပါတယ်။ နိုင်တာဖြစ်ဖြစ် ရှုံးတာဖြစ်ဖြစ် ဘယ်လိုရလဒ်မျိုးမဆိုအတွက် ကြိုတင်ပြင်ဆင်ထားဖို့စိတ်ဓာတ်အပြင် ဒူပေနာပေခံနိုင်မှု၊ ဇွဲသန်မှု၊ အလျှော့မပေးမှုတို့လို အရေးကြီးတဲ့ အရည်အချင်းတွေကို ဖွံ့ဖြိုးလာအောင် အကူအညီဖြစ်စေပါတယ်။

မိဘတွေပြုလုပ်တတ်လေ့ရှိတဲ့ အမှားကြီးတစ်ခုကတော့ ကလေးတွေကို ရှုံးနိမ့်မှုမရှိအောင်လို့ အမြဲတမ်းကြိုပိတ်ထားခြင်းပါပဲ။ ကျရှုံးမှုဆိုတာဟာ မကောင်းတဲ့အရာမဟုတ်ပါဘူး။ စစချင်း ကြုံတွေ့ရချိန်မှာတော့ နေလို့ထိုင်လို့ကောင်းမှာမဟုတ်ပေမယ့်လည်း သင်ယူဖို့အတွက် ကောင်းမွန်တဲ့အခွင့်အရေးတစ်လက်ဖြစ်ပါတယ်။ အရှုံးတွေကနေတဆင့် သင်ယူတတ်ခြင်းဟာ ကလေးတွေကို ပိုပြီးကြိုးစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးရုံသာမက အရည်အချင်းကိုလည်း တိုးတက်အောင် အကူအညီဖြစ်စေပါတယ်။

ဆိုးကျိုးတွေမရှိတဲ့ ပြိုင်ပွဲကောင်းတစ်ခုက ဘယ်လိုပုံစံမျိုးလဲ

ပြိုင်ပွဲကို ပြိုင်ပွဲလို့ယူမှတ်မယ်ဆိုရင် မကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒီပြိုင်ပွဲကိုအခြေခံပြီး တစ်ဖက်သက် တွေးထင်မှုတွေ၊ ပြုလုပ်မှုတွေကြောင့်သာလျှင် ယှဥ်ပြိုင်မှုတွေက အဆိပ်အတောက်ဖြစ်လာတာပါ။ နောက်တစ်မျိုးနဲ့ပြောရမယ်ဆိုရင်တော့ သင့်ရဲ့တစ်ခုတည်းသော ရည်မှန်းချက်က အနိုင်ရဖို့ပဲဖြစ်ပြီး ဘာလေ့လာသင်ယူမှုမှမရှိဘူးဆိုရင် ရှုံးနိမ့်မှုနဲ့ကြုံတွေ့လာရတဲ့အခါ စိတ်ဓာတ်ထိုးကျသွားမှာဖြစ်ပါတယ်။ သို့သော်လည်း မိဘတွေ၊ နည်းပြတွေက ရှုံးနိမ့်မှုနဲ့ပတ်သက်လို့ လက်ခံပုံလက်ခံနည်း၊ မြင်ပုံမြင်နည်းတွေကို သေချာသင်ပြပေးမယ်ဆိုရင် ကလေးတွေကလည်း သူတို့ပါဝင်ထားတဲ့ ပြိုင်ပွဲတွေကနေတဆင့် အများကြီးသင်ယူနိုင်မှာဖြစ်ပါတယ်။

ယှဥ်ပြိုင်မှု/ ပြိုင်ပွဲတွေနဲ့ပတ်သက်လို့ ကလေးကိုဘယ်လိုရှင်းပြမလဲ

မိဘတစ်ယောက်အနေနဲ့ ပြိုင်ပွဲတွေ၊ ယှဥ်ပြိုင်မှုတွေအပေါ်မှာ ကလေးတွေ အကောင်းဖက်ကမြင်တတ်အောင်လို့ ကူညီပေးနိုင်တဲ့ အာဏာရှိပါတယ်။ ဘာအမုန်းပွားမှု၊ ရန်လိုမှုမှမရှိတဲ့ ယှဥ်ပြိုင်မှု၊ ပြိုင်ပွဲတွေဟာ ကလေးတွေကို အနိုင်အရှုံးသာရှိတယ်ဆိုပြီး မမြင်စေ၊ မတွေးစေကြပါဘူး။ ပြိုင်ပွဲဆိုတာက ပန်းတိုင်တစ်ခုကိုချမှတ်ပြီး ထိုပန်းတိုင်ကိုဖြစ်မြောက်အောင် အကောင်အထည်ဖော်ခြင်းသာဖြစ်တယ်ဆိုတာကို ကလေးတွေသိအောင်လုပ်ပါ။ နိုင်ဖို့ထက် ကိုယ်လုပ်နိုင်တာအပေါ်မှာသာ အာရုံစိုက်စေပါ။

#Chit_May_May

#Thinzar

Ref- verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here