ကလေးငယ်တွေနဲ့ အတူတကွ အချိန်ကုန်ဆုံးပေးဖို့ လိုအပ်တဲ့ အကြောင်းရင်းများ

0
114

ကလေးငယ်များသည် မွေးဖွားချိန်မှစပြီး လူကြီးဘဝရောက်သည်အထိ မိဘတွေဆီက ဂရုစိုက်ပေးမှုကိုလိုအပ်ပါတယ်။ မိသားစုကို အချိန်ပေးပြီး ဂရုတစိုက်ရှိနေပေးတာဟာ ကလေးသူငယ်များရဲ့ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုအပေါ်သက်ရောက်မှုရှိပြီး မိသားစုဝင်များအကြား ခိုင်မာတဲ့ နားလည်မှုမျိုးကိုတည်ဆောက်ပြီးသားဖြစ်စေပါတယ်။ မိသားစုရဲ့ အခန်းကဏ္ဍသည် ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေအပေါ် သိသိသာသာသက်ရောက်မှုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေအတွက် မိသားစုအချိန်ပေးခြင်းရဲ့ အရေးပါမှုကို ဖော်ပြပေးလိုက်ပါတယ်။

မိသားစုဝင်အချင်းချင်း ရင်းနီးမှုကို တိုးတက်စေပါတယ်

မိသားစုလိုက်အတူတကွ အချိန်ကုန်ဆုံးခြင်း၊ ဆွေးနွေးခြင်း စတာတွေဟာ ကလေးငယ်တွေကို မိသားစုအတွင်း ရင်းနီးပွင့်လင်းမှုပိုမိုဖြစ်လာစေနိုင်ပါတယ်။ သူတို့သိချင်တဲ့ မေးခွန်းတွေ ဒါမှမဟုတ် သူတို့ဖြေရှင်းမရတဲ့ ပြဿနာတွေကို အတူတကွဖြေရှင်းခြင်း၊ အဖြေရှာခြင်း အစရှိတာတွေကို ပြုလုပ်ပေးလို့ ရနိုင်တဲ့အပြင် သူတို့ကိုယ်သူတို့ တန်ဖိုးထားတတ်စေဖို့၊ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ကိုလည်း အကူအညီဖြစ်စေပါတယ်။

အတုယူစရာ ပုံရိပ်ကောင်းတွေဖြစ်ပေါ်စေပါတယ်

မိဘများသည် ကလေးငယ်တွေအတွက် အကြီးမြတ်ဆုံးနဲ့ ဩဇာအရှိဆုံး လက်ဦးဆရာတွေဘဲဖြစ်ကြပါတယ်။ မိသားစုတစုအနေနဲ့ အတူတကွအချိန်ကုန်ဆုံးခြင်းအားဖြင့် မိမိတို့ရဲ့ ကလေးငယ်တွေ မျှော်လင့်ထားတဲ့ အပြုအမူမျိုးကို စံပြဖြစ်စေဖို့ အခွင့်အလမ်းဖြစ်စေပါတယ်။ ကလေးငယ်တွေအနေနဲ့ မိဘများသည် အန္တရာယ်များ၊ ပြဿနာများနဲ့ လူမှုဆက်သွယ်ရေးများကို ဘယ်လိုရင်ဆိုင်ဖြေရှင်းလည်း ဆိုတာမျိုးကိုမြင်တွေ့ဖို့အရေးကြီးပါတယ်။ ဒါမှသာ သူတို့ကြီးပြင်းလာချိန်မျိုးမှာ အထက်ပါကိစ္စမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရပါက အလွယ်တကူဖြေရှင်းနိုင်မှာဘဲဖြစ်ပါတယ်။

လူမှုစွမ်းရည်တွေကို တိုးတက်စေနိုင်ခြင်း

ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်မှာ အလွန်အရေးပါလာမယ့် လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေကို ငယ်စဉ်ကတည်းကသင်ကြားပေးထားသင့်ပါတယ်။ ဒါမှသာ ဆယ်ကျော်သက်အရွယ်တွင် ကြုံတွေ့လာရနိုင်သော လူမှုဆက်ဆံရေးအခက်အခဲများနဲ့ ပြဿနာများကို လွယ်ကူစွာဖြေရှင်းနိုင်မှာဘဲဖြစ်ပါတယ်။ မိသားစုအတူတကွစုစည်းကာ လူမှုဆက်ဆံရေးအခြေအနေတွေကို ပြောကြားခြင်း၊ အတူတကွဂိမ်းကစားခြင်း စတာတွေဟာ ပဋိပက္ခများကိုဖြေရှင်းရန်နဲ့ အပြန်အလှန်နားလည်မှုရှိစေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းတခုဘဲဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်စေခြင်း

မိသားစုအတူတကွရှိနေတဲ့အခါ သူတို့ရဲ့အတွေးတွေနဲ့ ခံစားချက်များကို ထုတ်ဖော်ပြောဆိုနိုင်ပြီး သူတို့ရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေအတွက် အကြံဉာဏ်များရရှိစေနိုင်ပါတယ်။ မိသားစုရဲ့ အလေးထားမှု၊ ဂရုစိုက်မှု၊ ကြင်နာနွေးထွေးမှုတွေသည်
သူတို့ကို အားအင်တရပ်ဖြစ်ပေါ်စေပြီး ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကြောင့် အပြုသဘောဆောင်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေးများ၊ အပြန်အလှန်အကျိုးသက်ရောက်မှုများ အစရှိတဲ့ ကောင်းကျိုးတွေကိုပါခံစားရစေနိုင်ပါတယ်။ ထိုကဲ့သို့သော
ကောင်းမွန်တဲ့ အကျိုးဆက်များကြောင့် စိတ်ဖိစီးမှုဟော်မုန်းများလျော့နည်းစေကာ ရုပ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတွေကိုပါ ရရှိစေနိုင်ပါတယ်။

ကလေးငယ်တဦးအတွက် မိဘတွေရဲ့ ဂရုစိုက်မှုရှိကြောင်း၊ ချစ်ခင်တွယ်တာမှုရှိကြောင်း အစရှိတာတွေကို သိရှိနိုင်ဖို့၊ ခံစားမိစေဖို့က အရေးကြီးပါတယ်။ ဒါမှသာ သူတို့ဟာ ကြင်နာသနားစိတ်ရှိပြီး တကိုယ်ကောင်းဆန်စိတ်နည်းပါးကာ ကမ္ဘာလောကအတွက် အကျိုးပြုနိုင်တဲ့ လူကောင်းလူမွန်တွေဖြစ်လာမှာဘဲဖြစ်ပါတယ်။ ဒီ့အတွက် အကောင်းမွန်ဆုံးနည်းလမ်းကတော့ မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေကို တတ်နိုင်သမျှအချိန်ပေးဖို့၊ အတူတကွအချိန်ကုန်ဆုံးဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- eacs.wa.edu.au

LEAVE A REPLY

Please enter your comment!
Please enter your name here