ကလေးငယ်တွေအတွက် သိထားသင့်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာအရည်အချင်းများ

0
2

ကျနော်တို့ရဲ့ ဘဝတလျှောက်လုံးမှာ စီမံခန့်ခွဲမှုဆိုင်ရာအရည်အချင်းတွေဟာ နေရာတိုင်းမှာ အရေးကြီးပါတယ်။ အချိန်ကို
စီမံခန့်ခွဲခြင်း၊ အလုပ်ခွင် (သို့) ကျောင်းသင်ခန်းစာများကို လေ့လာဆည်းပူးခြင်း၊ နေ့စဉ်ပြုလုပ်ရမယ့် တာဝန်ဝတ္တရားတွေကို
ပြုလုပ်ခြင်း စသည်ဖြင့် အရာရာတိုင်းကို စနစ်တကျဖြစ်စေဖို့အတွက် စီမံခန့်ခွဲမှုဆိုင်ရာတွေကို သိရှိထားဖို့လိုပါတယ်။

ဘယ်လိုအရာကိုမဆို စည်းစနစ်တကျလုပ်ဆောင်တတ်တဲ့ အကျင့်က လုပ်ငန်းတာဝန်တွေကို အမှားအယွင်းနည်းပါးစေသလို
လွယ်ကူလျင်မြန်စွာသပ်ရပ်စွာ ပြီးမြောက်စေနိုင်ပါတယ်။ စည်းစနစ်ရှိတဲ့လူတယောက်ဟာ လုပ်ငန်းခွင်မှာဘဲဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာဘဲဖြစ်ဖြစ် သူ့ရဲ့သေသပ်တဲ့လုပ်ရပ်ကောင်းတွေကြောင့် ချီးကျူးခြင်းခံရလေ့ရှိပါတယ်။ လုပ်ငန်းခွင်၊ ကျောင်းပညာရေးနဲ့ ပြင်ပလှုပ်ရှားမှုများမှာလည်း စည်းစနစ်ကျမှုများကြောင့် ဦးစီးဦးဆောင်ပြုလုပ်ရခြင်း၊ နေရာပေးခံရခြင်းစတဲ့ အကျိုးရလဒ်တွေကို ရရှိစေပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက စည်းစနစ်တကျပြုလုပ်တတ်စေရန်၊ စီမံခန့်ခွဲတတ်စေရန်သင်ကြားပေးဖို့က အရေးကြီးတဲ့အချက်တချက်ဘဲဖြစ်ပါတယ်။

ဒါပေမယ့် ကလေးငယ်တွေကို စည်းစနစ်ကျစေဖို့၊ စည်ကမ်းရှိစေဖို့ အမိန့်အာဏာသုံးပြီးလိုက်နာစေတာမျိုးကိုတော့ရှောင်ကြဉ်သင့်ပါတယ်။ မိဘတွေရဲ့ စကားကို မလွန်ဆန်နိုင်လို့ လုပ်ရတာမျိုးထက် ကိုယ့်အသိစိတ်ထဲက စိတ်ပါဝင်စားလို့လုပ်တာက တန်ဖိုးခြင်းကွာဟမှုရှိပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် စည်းစနစ်ကျမှုရှိတာက မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့လူအများကို သက်တောင့်သက်သာရှိစေပြီး စိတ်အနှောင့်အယှက်မဖြစ်စေဘူးဆိုတာမျိုးကို နားလည်သဘောပေါက်စေတာမျိုးက ခိုင်းလို့လုပ်ရမျိုးထက် ပိုပြီးကောင်းမွန်တဲ့နည်းလမ်းတခုဘဲဖြစ်ပါတယ်။

ကလေးတွေကို သူတို့ရဲ့ ကစားစရာထားရှိရမယ့်နေရာ၊ စာအုပ်တွေထားရှိရမယ့် နေရာမျိုးကို သတ်မှတ်ပေးထားပြီး ကစားပြီးတဲ့အခါ(သို့) စာကြည့်ပြီးတဲ့အခါမျိုးမှာ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်ဖြစ်စေဖို့ စတင်လေ့ကျင့်ပေးပါ။ အိမ်မှုကိစ္စများပြုလုပ်ခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း အစရှိတာတွေမှာလည်း အတူတကွလုပ်ဆောင်ပေးဖို့ အမိန့်ပေးတာမျိုးထက် အကူအညီတောင်းခံတဲ့ လေသံမျိုးနဲ့သာ ဝိုင်းဝန်းကူညီခိုင်းပါ။ အိပ်ရာခင်းခြင်း၊ စားသောက်စရာများပြင်ဆင်ခြင်း၊ အဝတ်အစားခေါက်ခြင်း၊ သွားတိုက်ခြင်းအစရှိတဲ့ လုပ်ရိုးလုပ်စဉ်များကို လိုက်လျောညီထွေဖြစ်စေဖို့ ကူညီပေးတာက သူတို့ရဲ့ အခြေခံဘဝကျွမ်းကျင်မှုဆိုင်ရာတွေကို သင်ယူနိုင်ကြပါလိမ့်မယ်။ ဒါ့အပြင် စည်းစနစ်တကျနေထိုင်ခြင်း၊ စီမံခန့်ခွဲခြင်း အစရှိတာတွေကိုလည်း အခြေခံအားဖြင့် သိရှိသွားနိုင်ပါတယ်။

အချို့သောကျောင်းမျိုးမှာ ကလေးငယ်တွေကို စည်းစနစ်တကျစီမံခန့်ခွဲတတ်စေဖို့အတွက် ကစားစရာများကို ကစားပြီးတဲ့
အခါမျိုးမှာ သူ့နေရာနဲ့သူ၊ သူ့အရောင်နဲ့သူ ပြန်လည်သိမ်းဆည်းခိုင်းပြီး လေ့ကျင့်ပေးတတ်ကြပါတယ်။ ဒီလိုမျိုးလေ့ကျင့်သင်ကြားပေးခြင်းဟာ ခက်ခဲတဲ့အရာမျိုးမဟုတ်တဲ့အတွက် မိမိတို့အိမ်မှာလည်း အရောင်တူကစားစရာများကိုဝယ်ပေးထားပြီး ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်ဆိုတဲအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref-youaremom

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here