ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သည့် အရာများ

0
73

ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ မိခင်တိုင်းရှောင်ရှားရမယ့်အရာတွေရှိပါတယ်။ အခြေအနေနဲ့အညီ ကာယလေ့ကျင့်ခန်းများ
ယောဂလေ့ကျင့်ခန်းများလည်းပြုလုပ်ပေးဖို့လည်းလိုပါတယ်။ ဒါမှသာ မိခင်ရော ကလေးပါ ကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေကို ပိုင်ဆိုင်နိုင်မှာဘဲဖြစ်ပါတယ်။

၁။ အရက်

ကိုယ်ဝန်ဆောင်စဉ်အတွင်း အရက်သောက်သုံးပါက ကလေးငယ်သည် fetal alcohol syndrome ရောဂါဖြစ်နိုင်ခြေများပြားပါတယ်။ အရက်သည် ရုပ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်စေပြီး ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှုများကိုလည်းဖြစ်ပေါ်စေပါတယ်။

၂။ ကဖိန်းဓါတ်အလွန်အကျွံသောက်သုံးခြင်း

လူတဦးသည် ကဖိန်း ၂၀၀ မှ ၃၀၀ မီလီဂရမ်အထိသောက်သုံးနိုင်ပေမယ့်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများကမူ ဒီထက်လျော့ပြီး သောက်သုံးသင့်ပါတယ်။ ကော်ဖီ၊ အချိုရည် စသည်တို့မှာ ကဖိန်းဓါတ်များပါဝင်ပြီး အကောင်းဆုံးကတော့ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ကဖိန်းဓါတ်ပါဝင်တဲ့ အရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကဖိန်းဓါတ်လွန်ကဲပါက ကိုယ်ဝန်ပျက်ကျခြင်း၊ သန္ဓေသားကြီးထွားမှုနှေးကွေးခြင်းစသည်တို့ ဖြစ်ပေါ်စေပါတယ်။

၃။ စီးကရက်သောက်သုံးခြင်း

ကိုယ်ဝန်ဆောင်စဉ်အချိန်တွင်းမှာ စီးကရက်သောက်သုံးပါက ဆိုးဝါးတဲ့ထိခိုက်မှုတွေဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်သောက်သုံးခြင်းသည် ကိုယ်ဝန်ပျက်ကျခြင်း၊ သွေးဆင်းခြင်းတို့အပြင် ကာဗွန်မိုနောက်ဆိုဒ်နဲ့ အခြားဓါတုပစ္စည်းများက မွေးကင်းစကလေးငယ် ရုတ်တရက်သေဆုံးစေတဲ့ အန္တရာယ်မျိုးပါဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဆေးလိပ်သောက်သုံးခြင်းသာမက ဆေးလိပ်သောက်သုံးတဲ့သူများအနီးမှာပါ မနေသင့်ပါဘူး။ စီးကရက်သောက်သုံးခြင်းသည် ပန်းနာရင်ကြပ်ရောဂါ၊ bronchitis နဲ့ pneumonia စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအပြင် သန္ဓေသားကြီးထွားမှုနှေးကွေးခြင်း၊ ပေါင်ချိန်မပြည့်ခြင်းနဲ့ ကလေးအရွယ်အစားသေးကွေးခြင်းများကိုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် လမစေ့ဘဲမွေးဖွားတဲ့ အန္တရာယ်မျိုးတွေကိုလည်းဖြစ်ပေါ်စေပါတယ်။

၄။ ဓါတုပစ္စည်းများသုံးစွဲခြင်း

ဆိုးဆေးများ၊ သန့်စင်ဆေးများ ဒါမှမဟုတ် အဆိပ်အတောက်ဖြစ်စေတဲ့ ထုတ်ကုန်များသည် မိခင်ရောကလေးအတွက်ပါ အန္တရာယ်ဖြစ်စေပါတယ်။ ၎င်းထုတ်ကုန်များသည် ပျို့အန်ခြင်း(သို့) မူးယစ်ခြင်းများဖြစ်ပေါ်စေနိုင်သောကြောင့် မတော်တဆမှုများကိုရှောင်ရှားဖို့အတွက် ထုတ်ကုန်တံဆိပ်များနဲ့ ပါဝင်ပစ္စည်းများကိုပါ သတိပြုဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေချိန်အတွင်း ဓါတ်မှန်မကြာခဏရိုက်ခြင်းသည် သန္ဓေသားဖွံ့ဖြိုးမှုကို အကျိုးသက်ရောက်မှုရှိနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

၅။ အသားစိမ်း၊ ငါးအစိမ်းနဲ့ စင်ကြယ်စွာမဆေးကြောထားတဲ့ အသီးအရွက်များ

ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ဆောင်စဉ်ကတည်းက အစားအသောက်ဆိုင်ရာစီမံခန့်ခွဲမှုများကို စတင်သင့်ပါတယ်။ ကိုယ်အလေးချိန်တိုးစေတဲ့အစားအသောက်များသည် ကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အကျိုးသက်ရောက်စေပါတယ်။ ကလေးငယ်ကျန်းမာသန်စွမ်းစွာမွေးဖွားလာဖို့အတွက် အဟာရရှိသောအစားအစာများကို စားသုံးပေးဖို့လိုအပ်ပါတယ်။ သေချာစွာ ချက်ပြုတ်မထားတဲ့ အသားငါးများကို စားသုံးခြင်းသည် salmonella နဲ့ toxoplasmosis ကဲ့သို့သော အန္တရာယ်ဖြစ်စေနိုင်ပြီး သေစေနိုင်တဲ့ ဘတ်တီးရီးယားများနဲ့ ကပ်ပါးပိုးများပျံ့နှံ့စေနိုင်ပါတယ်။ အလားတူစွာပင် သေချာစွာမဆေးကြောထားတဲ့ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များသည်လည်း ဆိုးရွားတဲ့အန္တရာယ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၆။ အပြင်းစားလေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အပြင်းစားလေ့ကျင့်ခန်းများပြုလုပ်ခြင်းနဲ့ အထိုင်များတဲ့ လူနေမှုပုံစံများသည် ကလေးငယ်နဲ့
မိခင်ရဲ့ ကျန်းမာရေးကိုဆိုးဝါးတဲ့ သက်ရောက်မှုတွေဖြစ်စေနိုင်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။ အပေါ့စားလေ့ကျင့်ခန်းများကတော့ မိခင်နဲ့ ကလေးကျန်းမာရေးကိုပါ အထောက်အကူပြုစေတာမို့ နေ့စဉ်ပြုလုပ်ပေးနိုင်ပါက ပိုပြီးကောင်းမွန်စေနိုင်ပါတယ်။

၇။ နေရောင်ခြည်လွန်ကဲစွာခံယူခြင်းနဲ့ စိတ်ဖိစီးမှုများပြားခြင်း

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း နေရောင်ခြည်ဒဏ်လွန်ကဲစွာခံယူတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ရေနွေးပူငွေ့များနဲ့ ပြင်းထန်သောအပူချိန်များသည် ကိုယ်ဝန်ဆောင်မိခင်ကို ပြင်းထန်သောမောပန်းခြင်းများနဲ့ မူးဝေခြင်းများကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ၎င်းဟာ ကလေးရဲ့ ဦးနှောက်အာရုံကြောစနစ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးများသက်ရောက်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း စိတ်ဖိစီးမှုများကို တတ်နိုင်သမျှရှောင်ရှားဖို့လိုအပ်ပါတယ်။ ၎င်းသည် ဟော်မုန်းအပြောင်းအလဲများဖြစ်ပေါ်စေပြီး မိခင်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားမှုများသည် သန္ဓေသားအပေါ် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနဲ့ ပုံမှန်မဟုတ်တဲ့ ဖွံ့ဖြိုးမှုများကိုပါဖြစ်စေနိုင်တဲ့အတွက် တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremon

LEAVE A REPLY

Please enter your comment!
Please enter your name here