ဆယ်ကျော်သက်ကလေးငယ်တွေကို လေ့လာမှုအားကောင်းစေရန် လှုံ့ဆော်ပေးနိုင်မယ့် နည်းလမ်းများ

0
72

ခေတ်အဆက်ဆက်မှာ လူကြီးနဲ့ လူငယ်တွေဟာ အမြဲလိုသဘောထားကွဲလွဲမှုတွေရှိခဲ့ကြပါတယ်။ ဒီလိုသဘောထား ကွဲလွဲမှုတွေကြောင့် မိဘတွေနဲ့ ဆယ်ကျော်သက်သားသမီးတွေသည် အပြန်အလှန်နားလည်မှုတွေလွဲမှားပြီး ပြောဆိုဆက်ဆံရခက်ခဲတာမျိုးတွေဖြစ်လာတတ်ပါတယ်။ မိဘနဲ့ သားသမီး နားလည်မှုလွဲမှားတာ၊ သဘောထားမတိုက်ဆိုင်တာမျိုးဟာ မိဘတွေအတွက် စိတ်ပင်ပန်းသောကရောက်ရသလို၊ သားသမီးတွေအတွက်လည်း ကောင်းမွန်တဲ့ အကျိုးဆက်တွေနဲ့ ဝေးကွာသွားစေပါတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ သားသမီးတွေကို မိဘတွေဖြစ်စေချင်တဲ့ အနေအထားမျိုးတွေဖြစ်စေနိုင်ဖို့အတွက် လှုံ့ဆော်ပေးနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆယ်ကျော်သက်သားသမီးတွေကို ကောင်းမွန်တဲ့ လှုံ့ဆော်မှုတွေပေးနိုင်ဖို့အတွက် သူတို့ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို နားလည်ဖို့အရေးကြီးပါတယ်။ ဆယ်ကျော်သက်ကလေးများသည် စိတ်ခံစားမှုပြင်းထန်တတ်ကြပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း အလွယ်တကူဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ မိမိတို့ဖြစ်စေချင်တာမျိုးကို ပြောဆိုသိမ်းသွင်းတဲ့နေရာမှာ သူတို့ရဲ့ အတွေးအမြင်ကို ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ သူတို့ရဲ့ အတွေးစိတ်ကူးတွေကို အကောင်အထည်ဖော်ခွင့်၊ လုပ်ဆောင်ခွင့်ပေးဖို့လည်းလိုအပ်ပါတယ်။ သူတို့ဖြစ်ချင်တာမျိုးကို တတ်နိုင်သမျှ ခွင့်ပြုပေးခြင်းသည် ဆယ်ကျော်သက်ကလေးတွေရဲ့ လုပ်ချင်ကိုင်ချင်စိတ်ကို တက်ကြွစေပါတယ်။

တခါတရံမှာ ဆယ်ကျော်သက်လူငယ်တွေသည် အိမ်အလုပ်တွေကို ဝိုင်းကူလုပ်ဖို့၊ သူတို့ရဲ့ နေ့စဉ်တာဝန်ဝတ္တရားတွေကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့ လျစ်လျူရှုတတ်ကြပါတယ်။ ဒီလိုအဖြစ်တွေကို အကောင်းဆုံးကိုင်တွယ်နိုင်ဖို့ နည်းလမ်းကတော့ သူတို့ရဲ့ လုပ်ချင်ကိုင်ချင်စိတ်ကို တားဆီးပိတ်ပင်နေတဲ့အကြောင်းအရာမျိုးကို ရှာဖွေဖို့ဘဲဖြစ်ပါတယ်။ များသောအားဖြင့် ဆယ်ကျော်သက်လူငယ်တွေဟာ တနေ့တာလုံး စာသင်ကြားလာခဲ့ရတာမို့ အိမ်ကိုပြန်ရောက်လာတဲ့အခါမျိုးမှာ သူတို့ရဲ့ အိမ်စာတွေကို ပြုလုပ်ဖို့ ပျင်းရိတတ်ကြပါတယ်။ ဒါကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက်ဆို မိဘတွေအနေနဲ့ စာကြည့်စားပွဲ
မှာ အတူတကွထိုင်ပေးပြီး သူတို့ရဲ့ အခက်အခဲတွေ၊ နားမလည်နိုင်တဲ့ သင်ခန်းစာတွေကို ကူညီဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ် သူတို့ရဲ့ သင်ခန်းစာတွေကို ကူညီဖြေရှင်းပေးနိုင်မယ့်လူတယောက်ကို ငှားရမ်းပြီး ကူညီပေးစေနိုင်ပါတယ်။

ဆယ်ကျော်သက်ကလေးငယ်တွေကို ဆူပူကြိမ်းမောင်းခြင်း၊ အော်ဟစ်ခြင်း၊ ဝေဖန်ပြစ်တင်ခြင်း အစရှိတာတွေဟာ သူတို့ကို အကူအညီမဖြစ်စေနိုင်ပါဘူး။ ဒီလိုမျိုးပြုလုပ်ခြင်းသည် ကလေးငယ်တွေရဲ့ စိတ်ကို အကြောက်တရားတွေဝင်ရောက်သွားစေပြီး အဆူခံ၊ အပြောခံရမှာစိုးတာကြောင့် အသေးအဖွဲ့လေးကအစ လိမ်ညာပြောဆိုတတ်တဲ့ အကျင့်စရိုက်မျိုးတွေဖြစ်သွားစေတတ်ပါတယ်။ ဒါ့အပြင် အရာရာကို မဝံ့မရဲဖြစ်ခြင်း၊ ဆုံးဖြတ်နိုင်မှုမပြတ်သားခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုတွေကို
ပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ဆိုဆုံးမတဲ့နေရာမှာ အေးဆေးတည်ငြိမ်စွာနဲ့ နားလည်သဘောပေါက်စေဖို့က အရေးကြီးတဲ့ အချက်တချက်ဖြစ်ပါတယ်။

မိဘတွေရဲ့ သားသမီးအပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေကိုလည်း အလွန်အကျွံမဖြစ်စေဖို့ ဂရုစိုက်ပေးရပါမယ်။ မိဘတွေရဲ့ ဖြစ်စေချင်စိတ်ကြီးမားလွန်းတာကလည်း သားသမီးတွေရဲ့ အနာဂတ်လမ်းကို ပိတ်ပင်တားဆီးသလိုဖြစ်စေတတ်ပါတယ်။ ဒါကြောင့်မို့ ပုံမှန်ကြိုးစားအားထုတ်မှုများနဲ့ အောင်မြင်မှုတွေကို တဆင့်ချင်းလှမ်းဆွတ်နိုင်ဖို့ကို အလေးထားသင်ကြားပေးဖို့လိုပါတယ်။ ဒါ့အပြင်ကလေးငယ်တွေကို အပြင်ထွက်ပြီး ကစားခုန်စားပြုဖို့နဲ့ သူတို့ရဲ့ ဝါသနာတွေကို ပြုလုပ်ဖို့အတွက် ကူညီပေးရပါမယ်။ ဒါမှသာ သူတို့ရဲ့ စိတ်တွေသည် လန်းဆန်းတက်ကြွပြီး ကောင်းမွန်တဲ့အရည်အသွေးတွေတိုးတက်လာနိုင်မှာဘဲဖြစ်ပါတယ်။

ဆယ်ကျော်သက်ကလေးငယ်တွေကို လှုံ့ဆော်ပေးတယ်ဆိုရာမှာ သူတို့မလုပ်ချင်တာမျိုးကို အတင်းအကြပ်လုပ်ခိုင်းတာမျိုးမဟုတ်ပါဘူး။ သူတို့ရဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးပြီး သူတို့ရဲ့ စိတ်သဘောသဘာဝတွေကို တက်ကြွစေလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ဒီအချက်အလက်တွေကို အသုံးချပြီး မိမိရဲ့ သားသမီးကို အကောင်းဆုံး ကူညီပံ့ပိုးမှုတွေပြုလုပ်ပေးနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- momjuction

LEAVE A REPLY

Please enter your comment!
Please enter your name here