တာဝန်ကျေပြီး ပြီးပြည့်စုံတဲ့မိဘတွေဖြစ်စေမယ့် နည်းလမ်းကောင်းများ

0
1

မိဘတွေဆိုတာက သားသားမီးမီးတို့ကို မွေးဖွားပြီးရုံနဲ့ တာဝန်မကျေနိုင်ပါဘူး။ သူတို့လေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးအတွက် လိုအပ်တဲ့နေထိုင်စားသောက်မှုပုံစံ၊ ပညာသင်ကြားရေးနဲ့ လူ့လောကကြီးအလယ်မှာ ထည်ဝါစွာနေထိုင်နိုင်ရေးတို့အတွက်ပါ ကြိုးစားပြီး လမ်းညွှန်ပြသပေးရပါတယ်။ အဲ့ဒါကြောင့်လည်း ချစ်မေမေတို့အပါအဝင် မိဘတွေအားလုံး တာဝန်ကျေပြီး ပြီးပြည့်စုံတဲ့မိဘတွေဖြစ်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကိုယ်လိုချင်တာချည်းပဲ ဖိအားမပေးဘဲ ညှိနှိုင်းဆောင်ရွက်ပါ။

မိဘတွေကတော့ သားသားမီးမီးလေးတို့ကို ဖြစ်ချင်ဇောနဲ့ သားသားမီးမီးတို့ရဲ့ ဆန္ဒကို မစဥ်းစားဘဲ ဟိုဟာ၊ ဒီဟာ တွန်းအားပေးတတ်ကြပါတယ်။ ဒါက မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ သူတို့လေးတွေ ဖြစ်ချင်တဲ့ဆန္ဒကို သေချာဦးစားပေးနားထောင်ပြီး လိုအပ်တဲ့ လမ်းညွှန်ပြသမှုတွေ ပြုလုပ်ရမှာပါ။ သူတို့ဝါသနာပါတဲ့အားကစား၊ တူရိယာပိုင်းတွေမှာ ထိပ်တန်းအဆင့်အထိရောက်ဖို့ လိုအပ်တဲ့သင်တန်းတွေကို တက်ရောက်စေတာမျိုးက မှန်ကန်တဲ့နည်းလမ်းဖြစ်တယ်လို့ အကြံပေးချင်ပါတယ်။

၂။ ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ကြားပေးပါ။

တချို့သော ချစ်မေမေတို့အပါအဝင် မိဘတွေက သူတို့သားသမီးတွေကို ချစ်မြတ်နိုးကြတာကြောင့် အူမချေးခါးအဆုံး အားလုံးလိုက်လုပ်ပြီး အလိုလိုက်လေ့ရှိပါတယ်။ ဒါကမှားယွင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သားသားမီးမီးတို့ကို ရေသာခိုစိတ်ဖြစ်လာအောင် မွေးမြူပေးတာဖြစ်ပြီး အချိန်တန်လို့ သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်ရပြီဆိုတာနဲ့ ကိုယ်အခုလိုလုပ်ပေးခဲ့တာတွေက မှားသွားပါလားလို့ နောင်တရနေရမှာပါ။ အဲ့ဒါကြောင့် သားသားမီးမီးတို့ကို စားတာသောက်တာကအစ ကျောင်းကပါလာတဲ့အိမ်စာတွေလုပ်တာ၊ ပြဿနာတစ်ခုဖြေရှင်းတဲ့နေရာတွေမှာ သူတို့အစွမ်းအစနဲ့သူတို့ ပြုလုပ်နိုင်စွမ်းရှိအောင် ငယ်ငယ်တည်းက ထိန်းကျောင်းပေးသင့်ပါတယ်။

၃။ သားသားမီးမီးတို့ရှေ့မှာ မိမိအပြုအမူကို ထိန်းသိမ်းပါ။

သားသားမီးမီးလေးတွေအတွက် အနီးကပ်ဆုံးအတုယူရမယ့်သူတွေက မိဘတွေဖြစ်တဲ့ ချစ်မေမေတို့ပါပဲ။ သူတို့လေးတွေက ကိုယ်လုပ်ကိုင်သမျှ အရာအားလုံးကို အမြဲတမ်းစောင့်ကြည့်နေတတ်ပြီး အခွင့်ရတာနဲ့ ကိုယ်လုပ်သလို လိုက်လုပ်တော့တာပါပဲ။ အဲ့ဒါကြောင့် ချစ်မေမေတို့လိုမိဘတွေက သူတို့ရဲ့ရှေ့မှာ မကောင်းတဲ့အပြုအမူလေး တစ်ခုတလေတောင် မလုပ်မိဖို့ အထူးသတိထားရပါမယ်။ သားသားမီးမီးလေးတို့ကို ကြင်နာမှုတွေ၊ ကိုယ်ချင်းစာနာမှုတွေ၊ လေးစားသမှု၊ အပြုအမူကောင်းတွေနဲ့ ကြီးပြင်းစေချင်တယ်ဆိုရင် မိဘတွေဖြစ်တဲ့ ချစ်မေမေတို့က ရှေ့ဆောင်လမ်းပြကောင်းဖြစ်နေဖို့ လိုအပ်ပါတယ်။

၄။ သားသားမီးမီးတို့ကို အရှက်မခွဲပါနဲ့။

ချစ်မေမေတို့ မိဘတွေကလည်း လူသားတွေပဲဖြစ်တာကြောင့် ရံဖန်ရံခါမှာ သားသားမီးမီးတို့အပေါ် ဒေါသဖြစ်တတ်တာကို နားလည်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဒေါသထွက်ပါစေ၊ သူတို့ကိုအရှက်ရအောင် စော်ကားပြောဆိုတာမျိုးကိုတော့ လုံံးဝလုံးဝရှောင်ကြဥ်သင့်ပါတယ်။ အချို့သော စကားလုံးတွေက အရိုက်ခံရတာထက်တောင် ပိုပြီးနာကျင်ရတယ်ဆိုတာကို ကြားဖူးကြတယ်မဟုတ်လားရှင့်။

၅။ ချစ်တဲ့အကြောင်း ထုတ်ဖော်ပြသပါ။

အချို့သော ချစ်မေမေတို့ ချစ်ဖေဖေတို့က ငါ့သားသမီးကို ငါကရင်ထဲမှာချစ်ပြီးသား၊ ထုတ်ပြစရာမလိုဘူး၊ ငါအခု သားသမီးတွေကို အချိန်မပေးနိုင်တာက သူတို့ရဲ့နောင်ရေးအတွက် အလုပ်လုပ်နေရလို့ဆိုပြီး တွေးတတ်ကြပါတယ်။ ဒါပေမယ့် ဒါကမှားယွင်းတဲ့လုပ်ရပ်ပါ။ ကိုယ်ကဘယ်လောက်ကြီးပဲ တည်တည်တံ့တံ့ နေတတ်ပြီး အလုပ်တွေအလွန်များနေပါစေဦး၊ သားသားမီးမီးလေးတို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို နေ့တိုင်းဖော်ပြနိုင်ဖို့လိုအပ်ပါတယ်။ အများကြီးမလိုအပ်ပါဘူး။ အလုပ်သွား၊ အလုပ်ပြန်ချိန်တွေမှာ သူတို့လေးတွေကို ပွေ့ဖက်နမ်းရှုံ့ပေးတာမျိုးက သားသားမီးမီးလေးတို့အတွက် အင်မတန်နွေးထွေးစေတဲ့အရာဖြစ်ပါတယ်။

၆။ အမှားလုပ်မိတဲ့အခါမှာလည်း မိမိအမှားကိုသိပြီး တောင်းပန်ပါ။

ချစ်မေမေတို့အနေနဲ့ ကိုယ်အမှားလုပ်မိတဲ့အခါမှာလည်း အဲ့ဒီအမှားကို အသိအမှတ်ပြုပြီး သားသားမီးမီးတို့ကို တောင်းပန်စကားဆိုနိုင်ရပါမယ်။ ငါက မိဘပဲ၊ ဒီလောက်လေး အမှားလုပ်မိတာဘာမှမဖြစ်ဘူးလို့ တွေးလို့မရပါဘူး။ သားသားမီးမီးတို့က ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဆိုးကြီးကို အတုခိုးသွားပါလိမ့်မယ်။

၇။ ထိရောက်တဲ့စည်းကမ်းတွေသတ်မှတ်ပါ။

စည်းကမ်းတွေအများကြီးသတ်မှတ်ပြီး သားသားမီးမီးတို့ကို ကြပ်မတ်ဖို့ ပြောချင်တာမဟုတ်ပါဘူး။ လိုအပ်ရင်လိုအပ်သလောက် အလျှော့အတင်းလေးလုပ်ပြီး ဆုပေးဒဏ်ပေးစနစ်ထားသင့်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ အလွန်အမင်းလိုက်လျောတာကြီးက သားသားမီးမီးတို့ကို ပျက်စီးစေနိုင်တာကြောင့် ချစ်မေမေတို့က ဒီအရာတွေအပေါ် လိုအပ်ရင်လိုအပ်သလို ချိန်ညှိပေးသင့်ပါတယ်။

၈။ သားသားမီးမီးတို့နဲ့အပြန်အလှန်စကားပြောပေးပါ။

များသောအားဖြင့် မိဘတွေက သားသားမီးမီးတို့ကိုဆုံးမဖို့၊ မိဘတစ်ယောက်အနေနဲ့ပဲ စကားပြောဖို့ အာရုံရှိတတ်ကြပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို သားသားမီးမီးတို့ပြောတဲ့စကားတွေကို ပြန်နားထောင်ပေးပြီး သူတို့လေးတွေနဲ့ အပြန်အလှန်စကားပြောပေးတာက မိဘနဲ့သားသမီးအကြား ပိုမိုရင်းနှီးမှုရရှိစေပါတယ်။

မိဘတိုင်းက သားသမီးအပေါ်စေတနာမေတ္တာတွေ အလျှံအပယ်ရှိနေပေမယ့် တစ်ခါတလေမှာ ဒါတွေက စေတနာအမှားတွေဖြစ်လာနိုင်တာကြောင့် အခုပြောပြပေးခဲ့တဲ့အချက်တွေကို ကျင့်သုံးရင်း သားသားမီးမီးလေးတို့အတွက် တာဝန်ကျေပြီး ပြီးပြည့်စုံတဲ့မိဘတွေ ဖြစ်လာနိုင်ပါစေလို့ အကြံပြုလိုက်ရပါတယ်နော်။

#HM

#ChitMayMay

Source: verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here