သားသားမီးမီးတို့ရဲ့စွမ်းရည်တွေကိုတိုးတက်စေမယ့် အရုပ်အမျိုးအစား (၅) ခု

0
129

သားသားမီးမီးတို့နဲ့ အရုပ်တွေဆိုတာက ခွဲခြားလို့ရတဲ့အရာတွေမဟုတ်ပါဘူးနော်။ ဖေဖေနဲ့မေမေတို့ကသာ သားသားမီးမီးတို့ကစားဖို့အတွက် အရုပ်တွေကို ဒီအတိုင်း ဝယ်ပေးနေကြတယ်ဆိုပေမယ့် ဒီအထဲမှာ သားသားမီးမီးတို့ရဲ့ စွမ်းဆောင်ရည်တွေကို ပိုပြီးတိုးတက်လာစေမယ့် အရုပ်တွေရှိနေတယ်ဆိုတာကို သတိထားမိကြရဲ့လား။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ သားသားမီးမီးတို့အတွက် ဘက်ပေါင်းစုံက အထောက်အကူဖြစ်စေမယ့် အရုပ်အမျိုးအစားတွေကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ ပျော့ပျော့အိအိအရုပ်များ
မွေးကင်းစသားသားမီးမီးလေးတို့အတွက် သိပ်ကိုသင့်တော်တဲ့အရုပ်တွေလို့ဆိုရမှာပါ။ အဲ့ဒီအရုပ်လေးတွေက သူတို့အတွက် သူငယ်ချင်းကောင်းတွေဖြစ်လာနိုင်ပြီး လူပေါင်းစုံနဲ့မထိတွေ့ခင် အဲ့ဒီအရုပ်လေးတွေက သားသားမီးမီးတို့အတွက် စကားပြောဖော်တွေဖြစ်ပြီး ပန်ဒါရုပ်၊ မျောက်ရုပ်၊ ကျားရုပ်၊ ပင်ဂွင်းရုပ်နဲ့ခွေးရုပ်၊ ကြောင်ရုပ်လေးတွေကလည်း သားသားမီးမီးတို့ကို အကောင်းဆုံးဆွဲဆောင်နိုင်မယ့်အရုပ်တွေပါ။ သားသားလေးရေ၊ မီးမီးလေးရေ ဒါဘာကောင်လေးလဲလို့မေးလိုက်တိုင်း မကျွမ်းကျင်သေးတဲ့ဗဟုသုတနဲ့ မပီကလာပီကလာ ချိုသာတဲ့အသံလေးတွေနဲ့ပြန်ဖြေမယ့် သူတို့ရဲ့အဖြေတွေက တွေးကြည့်ရုံနဲ့တင်ကို နားသောတဆင်ချင်စရာဖြစ်နေပါပြီ။ ဒီအရုပ်လေးတွေက သားသားမီးမီးတို့ကို ငယ်ငယ်တည်းက တိရိစ္ဆာန်လေးတွေနဲ့ပတ်သက်တဲ့ ဗဟုသုတတစ်စိတ်တစ်ပိုင်းကို ပေးစွမ်းနိုင်မှာလည်း သေချာပါတယ်။

၂။ ဘလောက်တုံးလေးများ
ကိုယ့်ရဲ့ကလေးငယ်ကို ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လာစေဖို့ ရည်ရွယ်ထားတဲ့ ဖေဖေမေမေတို့အတွက် အသုံးဝင်တဲ့အရုပ်လေးတွေပါ။ ငယ်ငယ်တည်းက ထိတွေ့လာမယ့် ဒီအရုပ်လေးတွေက သားသားမီးမီးတို့ရဲ့ အနာဂတ်ကို လွှမ်းမိုးနိုင်တဲ့အရုပ်တွေဖြစ်နိုင်ပါတယ်။ အင်မတန်ငယ်ရွယ်သေးတဲ့အရွယ်မှာ ကြီးမားတဲ့ဘလောက်တုံးတွေနဲ့ ဆော့ကစားစေပြီး နည်းနည်းလေးအရွယ်ရောက်လာရင်တော့ ပိုမိုသေးငယ်တဲ့ ဘလောက်တုံးလေးတွေနဲ့အတူ သူတို့ရဲ့ တည်ဆောက်ရေးစွမ်းရည်နဲ့ဖြတ်ထိုးဥာဏ်တွေကို အဆင့်မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီဘလောက်တုံးတွေနဲ့ သူတို့စိတ်ကြိုက်ပုံစံတွေကို ဖန်တီးရင်း မသိစိတ်ထဲကနေ ထူးချွန်တဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်သွားနိုင်ပါတယ်။

၃။ ဘောလုံးများ
ဒါက သားသားမီးမီးတို့ရဲ့အိမ်တိုင်းမှာ မရှိမဖြစ် ကစားစရာတစ်ခုလို့ဆိုရမှာပါ။ ဒီနေရာမှာ ကောင်းကျိုးသိပ်မပေးနိုင်တဲ့ ပလတ်စတစ်ဘောလုံးတွေကို မဝယ်ပေးသင့်ဘဲ လေထိုးလို့ရတဲ့ဘောလုံးတွေကို ဝယ်ပေးထားသင့်ပါတယ်။ ဒီဘောလုံးတွေကိုပစ်တမ်း၊ ဖမ်းတမ်းကစားရင်း၊ ခြေထောက်နဲ့ကန်ကစားရင်း သူတို့လေးတွေရဲ့ ခန္ဓာကိုယ်က အရိုးအဆစ်လေးတွေက ပိုမိုသန်မာလာနိုင်ပါတယ်။

၄။ အသံမြည်တဲ့အရုပ်များ
တော်တော်များများက အသံမြည်တဲ့အရုပ်တွေ၊ အရုပ်ကနေ လေဆာမီးတွေလွှတ်တဲ့အရုပ်တွေက သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကို အထောက်အကူမဖြစ်စေဘူးလို့ဆိုကြပေမယ့် အချို့သောအသံမြည်တဲ့အရုပ်တွေကတော့ သားသားမီးမီးတို့အတွက် ဆော့ကစားပေးသင့်တဲ့အရုပ်တွေဖြစ်ပါတယ်။ မွေးကင်းစကနေ အသက် (၆) နှစ်အထိ သူတို့လေးတွေရဲ့ အကြားအာရုံက အလုပ်လုပ်နိုင်စွမ်းအရှိဆုံးဖြစ်တာကြောင့် ဒီလိုမျိုးအသံမြည်တဲ့အရုပ်တွေက သားသားမီးမီးလေးတို့ရဲ့ အာရုံခံနိုင်စွမ်းကို အထောက်အကူဖြစ်စေမှာပါ။ ဒါပေမယ့် အရွယ်နည်းနည်းရောက်လာရင်တော့ အဲ့ဒီလိုအရုပ်မျိုးတွေထက် Animation effect တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ အရုပ်လေးတွေကို ပိုပြီး ဝယ်ပေးသင့်ပါတယ်။

၅။ စာအုပ်များ
စာအုပ်ဆိုတာမျိုးက အသက်အရွယ်ဘယ်လောက်ပဲကြီးကြီး အသုံးဝင်နေမယ့်အရာပါ။ ဒါပေမယ့် လူမမယ် သားသားမီးမီးတို့အတွက် စာအုပ်တွေဝယ်ပေးတဲ့နေရာမှာ စာအုပ်အတွင်းပိုင်းက ကာတွန်းရုပ်စုံတွေ၊ ရောင်စုံကာလာတွေနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ စာအုပ်တွေကို ဝယ်ပေးသင့်ပြီး အဲ့ဒီစာအုပ်ထဲက ပုံပြင်တွေကိုလည်း အမြဲတမ်းဖတ်ပြပေးသင့်ပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ သူတို့ရဲ့မှတ်ဉာဏ်က အရမ်းကိုထက်မြက်ပြီး အကြောင်းအရာများစွာကို ဦးနှောက်ကသိမ်းဆည်းထားနိုင်စွမ်းရှိတာကြောင့် ငယ်တုန်းခဏမှာ ပုံပြင်တွေဖတ်ပြ၊ အရွယ်နည်းနည်းရောက်လာတဲ့အခါမှာ အဲ့ဒီပုံပြင်တွေအကြောင်းကို ပြန်မေးရင်းနဲ့ သားသားမီးမီးတို့ရဲ့ မှတ်ဉာဏ်စွမ်းရည်တွေကို တိုးတက်လာအောင် လေ့ကျင့်ပေးလို့ရပါတယ်လို့ ဖေဖေနဲ့မေမေတို့ဆီ သတင်းကောင်းပါးလိုက်ရပါတယ်နော်။

#HM
#ChitMayMay
Source: magforwomen
Chit May May မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here