သားသားမီးမီးတို့အတွက် ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေမယ့် အစားအသောက်ကောင်းများ

0
3

တန်ဖိုးထားရတဲ့ သားသားမီးမီးလေးတွေက သူများနဲ့မတူဘဲ ထူးချွန်ထက်မြက်ဖို့ဆိုတာ ချစ်မေမေတို့အားလုံးမျှော်လင့်တောင့်တတဲ့အရာပါ။ တချို့ဆို မျိုးရိုးဗီဇအရ သားသားမီးမီးလေးတွေ မှတ်ဥာဏ်မကောင်းတာမျိုး၊ သွက်သွက်လက်လက်မရှိဘဲ ထုံထုံထိုင်းထိုင်းဖြစ်နိုင်တာမျိုးတွေကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့လေးတွေရဲ့ ဥာဏ်ရည်ထက်မြက်မှုရှိ၊ မရှိဆိုတာက ငယ်စဥ်တည်းက နေထိုင်စားသောက်မှုပုံစံနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဥာဏ်ကောင်းပြီး ထူးချွန်ထက်မြက်တဲ့ သားသားမီးမီးလေးတွေဖြစ်လာစေဖို့ ဘယ်လိုအစားအသောက်ကောင်းတွေ ကျွေးမွေးသင့်လဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဥများ

သားသားမီးမီးတို့ စားသောက်တဲ့နေရာမှာ မပါမဖြစ်အရာကတော့ ဥအမျိုးမျိုးပဲဖြစ်ပါတယ်။ ဥမှာပါဝင်တဲ့ ပရိုတိန်းဓာတ်နဲ့ အာဟာရဓာတ်တွေက ကလေးငယ်တွေရဲ့ ဥာဏ်ရည်နဲ့အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေမှာပါ။

၂။ ဒိန်ချဥ်

အဆီဆိုတဲ့အရာကလည်း ဦးနှောက်အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒိန်ချဥ်မှာပါဝင်တဲ့ အဆီတွေက ဦးနှောက်ဆဲလ်တွေကို ကောင်းမွန်တဲ့အနေအထားဖြစ်အောင် ဖွဲ့စည်းပေးနိုင်ပြီး ဦးနှောက်ရဲ့ အချက်အလက် လက်ခံနိုင်စွမ်းတွေကိုလည်း တိုးတက်စေပါတယ်။ ဒိန်ချဥ်ကို ဘလူးဘယ်ရီသီးလေးတွေ ထည့်စားလို့လည်း အဆင်ပြေပြီး Dark ချောကလက်ကိုလည်း ထည့်သွင်းစားသုံးနိုင်ပါတယ်။ ဒီအရာတွေမှာပါဝင်တဲ့ဓာတ်တွေက ဦးနှောက်ရဲ့သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဥာဏ်ရည်ထက်မြက်စေမှာပါ။

၃။ အဆီပါဝင်တဲ့ငါး

ဦးနှောက်ရဲ့ (၆၀) ရာခိုင်နှုန်းဝန်းကျင်လောက်က အဆီတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အဆီပါဝင်မှုများပြားတဲ့ငါးတွေကိုလည်း မဖြစ်မနေ စားသုံးပေးသင့်ပါတယ်။ ငါးမှာပါဝင်တဲ့ အိုမီဂါ- 3 Fatty Acid က ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး မှတ်ဥာဏ်ဆုံးရှုံးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ ငါးမှာပါဝင်တဲ့အဆီက ဥာဏ်ရည်ထက်မြက်စေတာကြောင့် စာမေးပွဲဖြေဆိုတဲ့နေရာမှာလည်း အမှတ်ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ သားသားမီးမီးတို့က ငါးဟင်းမကြိုက်ရင်တောင် ငါးကို ကင်ပြီးတော့ပဲဖြစ်ဖြစ်၊ ကြော်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဆန်းဒွစ်ချ်အနေနဲ့ ပြုလုပ်ပြီးတော့ပဲဖြစ်ဖြစ် ကျွေးနိုင်ပါတယ်။

၄။ အခွံမာသီးနဲ့အစေ့အဆံများ

အခွံမာသီးနဲ့အစေ့အဆံတွေမှာ ပရိုတိန်းဓာတ်၊ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ Fatty အက်ဆစ်များ၊ ဗီတာမင်နဲ့သတ္တုဓာတ်မျိုးစုံပါဝင်တာကြောင့် စိတ်ခံစားချက်ကို တိုးတက်ကောင်းမွန်စေပြီး အာရုံကြောစနစ်ကိုလည်း အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ အဲ့ဒီအထဲကမှ မြေပဲထောပတ်ကို ပေါင်မုန့် ဒါမှမဟုတ် ဘီစကစ်ပေါ်မှာ သုတ်ပြီးတော့လည်း ကျွေးနိုင်ပါတယ်။ နေကြာစေ့မှာ ဖော်လိတ်၊ ဗီတာမင်အီးနဲ့ ဆယ်လီနီယမ်တို့ပါဝင်တာကြောင့် သားသားမီးမီးတို့ရဲ့ ဥာဏ်ရည်ကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

၅။ သစ်သီးများ

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သစ်သီးတွေက သားသားမီးမီးတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။ လိမ္မော်သီးလို အသီးမျိုးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်ကို ကျန်းမာစေပြီး အမြဲတမ်း တက်ကြွလန်းဆန်းစေမှာပါ။ သစ်သီးတွေကို ဒီအတိုင်းစားသုံးရုံတင်မကဘဲ မနက်ခင်းမှာ ဖျော်ရည်အဖြစ် ဖန်တီးပြီးသောက်တာမျိုး၊ အသီးအနှံတွေကို သုပ်ပြီး စားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

၆။ ဟင်းသီးဟင်းရွက်များ

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေအပြင် မုန်လာဥနီ၊ ခရမ်းချဥ်သီး၊ ရွှေဖရုံသီးနဲ့ ကန်စွန်းဥတို့ကလည်း ဗီတာမင်နဲ့သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှု တစ်နည်းအားဖြင့် ပြောရရင် ဥာဏ်ရည်ထက်မြက်ဖို့အတွက် အဓိကအထောက်အကူဖြစ်စေပါတယ်။ သားသားမီးမီးလေးတို့က အစားချေး (ဂျီး) များတတ်တယ်ဆိုရင်လည်း ဟင်းသီးဟင်းရွက်တွေကို ကြော်ကျွေးခြင်းအားဖြင့် သူတို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ရရှိစေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်စုံမျှတအောင်လည်း ပါဝင်တာကြောင့် ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုအပြင် ခန္ဓာကိုယ်ရဲ့အခြားသောအစိတ်အပိုင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပါ စားသုံးပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း ချစ်မေမေတို့ဆီ စကားလက်ဆောင်ပါးလိုက်ရပါတယ်နော်။

#HM

#LifestyleMyanmar

Source: webmd, healthplus

LEAVE A REPLY

Please enter your comment!
Please enter your name here