သားသားမီးမီးလေးတို့ ဆံပင်သန်ဖို့အတွက် နည်းလမ်းကောင်းများ

0
2

သားသားမီးမီးလေးတွေဆိုတာက မိဘတိုင်းအတွက် တန်ဖိုးဖြတ်မရတဲ့ဆုလာဘ်တွေပါပဲ။ တစ်ဖက်မှာလည်း ချစ်မေမေတို့က သူတို့ရဲ့ သားသားမီးမီးလေးတွေကို မျက်ခုံးမွှေးလေးထူစေချင်တာ၊ ဆံပင်သန်စေချင်တာဆိုပြီး အာသီသအမျိုးမျိုးတောင့်တတတ်ကြတာကြောင့် ဒီနေ့မှာတော့ သားသားမီးမီးတို့ရဲ့ဆံပင်တွေကို သန်စေမယ့် နည်းလမ်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ဗီတာမင်အီး။

လေ့လာမှုတွေအရ ဗီတာမင်အီးဟာ အသားအရေကို ကောင်းမွန်စေပြီး ဆံပင်သန်မာဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ ဆံကေသာထိန်းသိမ်းရေးအတွက် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေမှာ ဗီတာမင်အီးက အဓိကပစ္စည်းအဖြစ် အမြဲတမ်းပါဝင်နေပါတယ်။

၂။ နူးညံ့တဲ့ပဝါကို အသုံးပြုပါ။

ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို ခေါင်းလျှော်ပေးပြီးသွားတဲ့အချိန်မှာ ကြမ်းတမ်းတဲ့မျက်နှာသုတ်ပဝါတွေကို အသုံးပြုတာက ဆံပင်ကျွတ်စေပြီး ဆံကေသာနဲ့ဦးရေပြားကို ပျက်စီးစေနိုင်ပါတယ်။ အဲ့ဒါကြောင့် ချစ်မေမေတို့က နူးညံ့တဲ့ပဝါကိုအသုံးပြုပြီး သားသားမီးမီးတို့ရဲ့ခေါင်းကို ညင်ညင်သာသာလေးသုတ်ပေးတာက သားသားမီးမီးတို့ရဲ့ ဆံကေသာတွေ ကောင်းမွန်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

၃။ ဗာဒံဆီ

ဗာဒံဆီမှာ ပရိုတိန်းဓာတ်နဲ့ မရှိမဖြစ်လိုအပ်တဲ့အမိုင်နိုအက်ဆစ်တွေ ပါဝင်တာကြောင့် သားသားမီးမီးလေးတို့ရဲ့ခေါင်းကို တစ်နေ့ (၂) ကြိမ်ကနေ (၃) ကြိမ်အထိ လူးပေးခြင်းအားဖြင့် သားသားမီးမီးတို့ရဲ့ ဆံပင်တွေကို သန်မာလာစေနိုင်ပါတယ်။

၄။ သံဓာတ်

သံဓာတ်က ဆံပင်တွေသန်မာစေဖို့အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ သံဓာတ်အားကောင်းနေမယ်ဆိုရင် ဆံပင်ကိုထူပြီး ပိုမိုသန်မာလာစေသလို ဆံပင်ပျက်စီးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် သားသားမီးမီးတို့ကို အစားအသောက်ကျွေးမွေးတဲ့အခါမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပဲ၊ ဖရုံသီးတို့လို သံဓာတ်ပြည့်ဝစွာပါဝင်တဲ့ အစားအစာတွေကို မပါမဖြစ်ထည့်သွင်းကျွေးမွေးသင့်ပါတယ်။

၅။ ခေါင်းဖြီးပေးခြင်း။

သားသားမီးမီးလေးတို့အတွက် သီးသန့်ဘီးတစ်ချောင်းနဲ့ ခေါင်းကိုညင်ညင်သာသာလေး ဖြီးပေးတာက ဆံပင်တွေသန်မာစေဖို့ အကောင်းဆုံး အထောက်အကူပြုနိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးတာက ဦးရေပြားမှာ သွေးလည်ပတ်မှုကောင်းမွန်စေပြီး သူတို့လေးတွေကိုလည်း သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေစေမှာပါ။ တစ်ခုသတိထားရမှာက ချစ်မေမေတို့အနေနဲ့ သားသားမီးမီးလေးတို့ကို ဆံပင်မကြာခဏညှပ်တာ ဒါမှမဟုတ် ကတုံးရိတ်တာတွေက သေချာပေါက်ဆံပင်သန်မာလာမယ်ဆိုပြီး အာမခံချက်မရှိပါဘူး။

၆။ ခေါင်းမှန်မှန်လျှော်ပေးပါ။

သားသားမီးမီးတို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ရှန်ပူတွေနဲ့ (၃) ရက်တစ်ခါလောက် ခေါင်းလျှော်ပေးတာကလည်း ဦးရေပြားကိုသန့်ရှင်းစေပါတယ်။ ဒီလိုမျိုးခေါင်းလျှော်ပေးတဲ့အချိန်မှာလည်း သားသားမီးမီးလေးတို့ အဆင်ပြေစေဖို့အတွက် မပူလွန်း၊ မအေးလွန်းတဲ့ရေကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်နော်။

၇။ ဆံပင်ကိုဆီလူးပေးပါ။

ဆံပင်ကို ဆီလူးပြီး ဦးရေပြားကို နုနုနယ်နယ်လေး နှိပ်နယ်ပေးတာက သားသားမီးမီးတို့ရဲ့ ဆံပင်သန်မာဖို့အတွက် လိုအပ်တဲ့အစိုဓာတ်ကို ရရှိစေပါတယ်။ ဒီလိုမျိုး ဆီလူးပေးတဲ့နေရာမှာလည်း သဘာဝအတိုင်း သန့်ရှင်းတဲ့ အုန်းဆီက အကောင်းဆုံးဖြစ်ပြီး ဓာတုပစ္စည်းတွေ အများကြီးမပါဝင်တဲ့ အခြားသော သင့်တော်မယ့်ခေါင်းလိမ်းဆီကိုလည်း အသုံးပြုပေးလို့ရပါတယ်။

၈။ Conditioner ကို အသုံးပြုပါ။

သားသားမီးမီးလေးတို့ရဲ့ ဆံပင်က ကောက်ကွေးပြီး အုံပွပွကြီးဖြစ်နေတယ်ဆိုရင် Conditioner ကို အသုံးပြုနိုင်ပါတယ်။ သားသားမီးမီးတို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Conditioner က ဆံပင်ကို အလွယ်တကူနဲ့ပုံသွင်းနိုင်ဖို့ အကူအညီပေးပြီး ဦးရေပြားအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

၉။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က အသားအရေအတွက် အင်မတန်မှ အထောက်အကူဖြစ်စေတယ်ဆိုတာကို လူတိုင်းနားလည်လက်ခံထားပြီး ဆံပင်သန်စွမ်းမှုအတွက်လည်း ကြီးကြီးမားမား အထောက်အကူပြုနိုင်ပါတယ်။ ရှာစောင်းလက်ပတ်အဆီကို သားသားမီးမီးတို့ရဲ့ ဦးရေပြားအပေါ်ကို တိုက်ရိုက်လူးပေးတာ ဒါမှမဟုတ် ရှန်ပူ၊ Conditioner တို့နဲ့အတူ ရောနှောသုံးစွဲပေးခြင်းဖြင့် သားသားမီးမီးတို့ရဲ့ ဆံပင်တွေကို ပိုမိုသန်မာစေနိုင်ပါတယ်။

၁၀။ မတူညီတဲ့အမျိုးအစားများကို သတိပြုပါ။

သားသားမီးမီးတို့က တစ်ယောက်နဲ့တစ်ယောက် ဆံပင်ပုံစံအနေအထားချင်းမတူညီတာကြောင့် သူတို့လေးတွေရဲ့ ဆံပင်နဲ့ ကိုက်ညီမယ့် ရှန်ပူ၊ Conditioner တို့ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ သားသားမီးမီးလေးတို့ရဲ့ အသုံးအဆောင်ပစ္စည်းတော်တော်များများက ဓာတုပစ္စည်းကင်းရှင်းဖို့ အဓိကလိုအပ်ပြီး ချစ်မေမေတို့အနေနဲ့လည်း သူတို့လေးတွေနဲ့ ကိုက်ညီမယ့် ရှန်ပူ၊ Conditioner တို့ကို ရွေးချယ်သုံးစွဲနိုင်ဖို့ လိုအပ်ပါတယ်လို့ အကြံပေးလိုက်ရပါတယ်နော်။

#HM

#ChitMayMay

Source: Parenting

LEAVE A REPLY

Please enter your comment!
Please enter your name here