အသက် (၁) နှစ်အရွယ် သားသားမီးမီးတို့ကို ကျွေးမွေးနိုင်မယ့် အစားအသောက်များ

0
2

သားသားမီးမီးလေးတို့ အသက် (၁) နှစ်ရောက်ပြီဆိုတာနဲ့ သူတို့လေးတွေမှာ အပြောင်းအလဲလေးတွေ ဖြစ်လာသလို လူကောင်တွေလည်းထွားလာပြီး ချစ်မေမေတို့ကလည်း သူတို့လေးတွေကို အစားအသောက်တွေ ပြောင်းလဲကျွေးမွေးဖို့ ပြင်ဆင်ရတော့မှာပါ။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ အသက် (၁) နှစ်အရွယ် သားသားမီးမီးတို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ငှက်ပျောသီး၊ စတော်ဘယ်ရီသီးနဲ့အခြားသောပျော့ပျောင်းတဲ့အသီးများ။

ဒီအချိန်မှာ သားသားမီးမီးတို့က အစားအစာတွေကို လက်နဲ့ဆုပ်ကိုင်ပြီး စားသောက်နိုင်ဖို့ ပိုမိုကြိုးစားလာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ငှက်ပျောသီး၊ စတော်ဘယ်ရီသီး၊ သရက်သီးတို့လို ပျော့ပျောင်းတဲ့အသီးတွေကို အပိုင်းသေးသေးလေးတွေလုပ်ပြီး သူတို့လက်ထဲထည့်ပေးလိုက်ပါ။ အစိတ်အပိုင်းအကြီးကြီးတွေ လက်ထဲထည့်ပေးလိုက်တာမျိုးကိုတော့ ရှောင်ကြဥ်ပါနော်။ စပျစ်သီးဆိုရင်လည်း ရနိုင်သလောက် ဖဲ့ပြီးမှ အစေ့မပါစေဘဲ ကျွေးပါ။ တကယ်လို့ သားသားမီးမီးတွေက အဲ့ဒီအသီးအနှံတွေကို မစားဘဲ ငြင်းပယ်တယ်ဆိုရင်လည်း စိတ်မညစ်ပါနဲ့။ လေ့လာမှုတွေအရ သားသားမီးမီးတို့ကို အစားအစာအသစ်နဲ့ မိတ်ဆက်ပေးဖို့အတွက် (၆) ကြိမ်ကနေ (၁၅) ကြိမ်အထိ အချိန်ယူရတယ်လို့ဆိုပါတယ်။ နောက်တစ်ချက်သတိထားရမှာက ရေခဲသေတ္တာထဲက ထုတ်ထားတာ (၂) နာရီကျော်သွားတဲ့ အသီးတွေကို မကျွေးမွေးသင့်တော့ပါဘူး။ သစ်သီးတွေက သားသားမီးမီးတို့ ဖွံ့ဖြိုးတိုးတက်ဆဲကာလမှာ လိုအပ်တဲ့အာဟာရဓာတ်ပေါင်းစုတွေကို ပေးစွမ်းနိုင်တာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

၂။ နို့နဲ့ဒိန်ချဥ်။

သားသားမီးမီးတို့ကို မိခင်နို့စဖြတ်နေတဲ့အချိန်မှာ နွားနို့တိုက်ကျွေးတာက အလွန်ကောင်းတဲ့ ရွေးချယ်မှုတစ်ခုပါ။ နို့နဲ့ဒိန်ချဥ်တို့မှာ ပရိုတိန်းဓာတ်ပြည့်ဝစွာပါဝင်ပြီး အရိုးကျန်းမာရေးအတွက် အဓိကကျတဲ့ ကယ်လ်စီယမ်ဓာတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် သားသားမီးမီးတို့ရဲ့ သွားလေးတွေအတွက်လည်း အကျိုးကျေးဇူးကောင်းတွေပေးစွမ်းဦးမှာပါ။ နွားနို့တစ်ခွက်က (၁) နှစ်အရွယ် သားသားမီးမီးလေးတို့ရဲ့ တစ်နေ့တာအတွက်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် (၃၉) ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်သလို ပရိုတိန်းဓာတ် (၈) ဂရမ်အထိလည်း ရရှိစေပါတယ်။ တကယ်လို့ သူတို့လေးတွေကို (၂) နှစ် ဒါမှမဟုတ် (၂) နှစ်ကျော်တဲ့အထိ မိခင်နို့ဆက်တိုက်နေဦးမယ်ဆိုရင်လည်း နွားနို့နဲ့ဒိန်ချဥ်တို့ကို နေ့လယ်အဆာပြေကျွေးတဲ့အချိန်မှာ ထည့်သွင်းတိုက်ကျွေးနိုင်ပါတယ်။ ဒီလိုမျိုး နွားနို့တို့၊ ဒိန်ချဥ်တို့ကို စတင်တိုက်ကျွေးမယ်ဆိုရင်လည်း ပထမဆုံး တစ်ခေါက်တိုက်ကျွေးပြီး (၃) ရက်ကနေ (၅) ရက်အတွင်း သူတို့လေးတွေရဲ့ ခန္ဓာကိုယ်က ဘယ်လိုမျိုးတုံ့ပြန်လဲဆိုတာကို စောင့်ကြည့်သင့်ပါတယ်။

၃။ ကွေကာအုပ်။

သားသားမီးမီးတို့က (၄) နှစ်မပြည့်ခင်အထိ အစားအစာတွေကို ကောင်းကောင်းကြိတ်မဝါးနိုင်တာကြောင့် ဒီအတောအတွင်းမှာ လိုအပ်တဲ့အာဟာရဓာတ်တွေကို ရရှိစေဖို့ ကွေကာအုပ်ကို တိုက်ကျွေးနိုင်ပါတယ်။ ကွေကာအုပ်မှာ ပရိုတိန်းဓာတ်၊ ကာဘွန်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကျန်းမာတဲ့အဆီတွေ ပါဝင်ပြီး အစာခြေစနစ်ကို ကောင်းစွာ အလုပ်လုပ်စေမယ့် အမျှင်ဓာတ်ပါဝင်မှုနှုန်းလည်း မြင့်မားပါတယ်။ Ready- Made အထုပ်တွေနဲ့လာတဲ့ကွေကာအုပ်တွေက သကြားဓာတ်ပါဝင်မှုများပြားနိုင်တာကြောင့် ချစ်မေမေတို့ ကိုယ်တိုင်ဖန်တီးထားတဲ့ ကွေကာအုပ်က ပိုမိုဘေးကင်းမှာပါ။ ဒါ့အပြင် ကွေကာအုပ်တိုက်တဲ့နေရာမှာလည်း ရေနွေးအစားနွားနို့နဲ့ရောနှောတိုက်ကျွေးတာက သားသားမီးမီးလေးတို့အတွက် အာဟာရဓာတ်ပိုမိုရရှိစေပါလိမ့်မယ်။

၄။ ဥများ။

ကြက်ဥအပါအဝင် ဥအမျိုးမျိုးက သားသားမီးမီးတို့အတွက်တင်မက လူကြီးတွေအတွက်ပါ အရေးပါတဲ့အစားအစာဖြစ်ပါတယ်။ ကြက်ဥမှာ ပရိုတိန်း၊ အာဟာရဓာတ်ကြွယ်ဝတဲ့အဆီနဲ့ အခြားသောအာဟာရဓာတ်မျိုးစုံပါဝင်ပါတယ်။ ကြော်ပြီးပဲကျွေးကျွေး၊ ပြုတ်ပြီးပဲကျွေးကျွေး တစ်ခုသတိထားရမှာက (၁) နှစ်သားအရွယ် သားသားမီးမီးလေးတို့ ဝါးနိုင်၊ မျိုချလောက်နိုင်တဲ့ ပမာဏလောက်ပဲ ဖဲ့ပြီးကျွေးပါ။ အချို့သောကလေးငယ်တွေက ကြက်ဥနဲ့မတည့်တာမျိုးရှိတာကြောင့် ကြက်ဥစားပြီးရင် အစာမကြေတာ၊ ချောင်းဆိုတာ၊ အသက်ရှူရခက်တာနဲ့အော့အန်တာမျိုးတွေရှိမရှိ စောင့်ကြည့်သင့်ပါတယ်။

၅။ ကြက်သား ဒါမှမဟုတ် ကြက်ဆင်သား။

ကြက်သားနဲ့ကြက်ဆင်သားတွေမှာ သားသားမီးမီးတို့ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ လုံလုံလောက်လောက်ပါဝင်ပြီး ပရိုတိန်းဓာတ်ကိုလည်း များစွာပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ဒီအသားတွေကို ကျွေးတဲ့နေရာမှာ သူတို့လေးတွေ ဝါးနိုင်လောက်တဲ့ပမာဏကိုပဲ ခပ်သေးသေးလေးတုံးဖဲ့ပြီး ကျွေးပါ။ နောက်ပြီး အသားကိုလည်း နူးအိနေအောင် ပြင်ဆင်ထားရမှာဖြစ်ပြီး မာတောင့်ပြီးဝါးရခက်တဲ့အသားတွေဆိုရင်တော့ သူတို့လေးတွေ ကောင်းကောင်းဝါးစားနိုင်မှာမဟုတ်ပါဘူး။

၆။ ပန်းဂေါ်ဖီ၊ ပဲနဲ့ မုန်လာဥများ။

သေချာကျက်အောင်ကြော်လှော်ချက်ပြုတ်ထားတဲ့ ပန်းပွင့်စိမ်း၊ ပဲနဲ့ မုန်လာဥတွေက သားသားမီးမီးတို့ရဲ့ နေ့စဥ်စားသောက်မှုပုံစံအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒီအစားအစာတွေမှာ အမျှင်ဓာတ်နဲ့ဗီတာမင်စီတို့ ကြွယ်ဝစွာပါဝင်ပြီး မုန်လာဥမှာဆိုရင် မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ Lutein ဓာတ်၊ ပဲမှာဆိုရင် ကြွက်သားတွေဖွံ့ဖြိုးဖို့အတွက် ပရိုတိန်းဓာတ်တွေ ပါဝင်ပါတယ်။ ဒီလိုအစားအသောက်တွေကို ကျွေးမွေးတဲ့နေရာမှာ သားသားမီးမီးတို့ ဝါးရခက်မယ့် ရိုးတံရင့်ရင့်တွေ၊ အခွံတွေကို ဖယ်ရှားပြီးမှ ကျွေးမွေးဖို့လည်း လိုအပ်ပါတယ်။

#HM

#ChitMayMay

Source: healthline, unicef

LEAVE A REPLY

Please enter your comment!
Please enter your name here