အသက် ၂နှစ်မှ ၃နှစ်အတွင်း အရေးကြီးတဲ့ ပြောင်းလဲမှု (၅)ခု

0
52

အသက် ၂နှစ်မှ ၃နှစ်အကြားဟာ ဘေဘီလေးတွေကနေ ကလေးတွေ အဖြစ်သို့ ကူးပြောင်းချိန်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွံ့ဖြိုးတိုးတတ်မှု ဒီအဆင့်မှာ ကလေးတွေဟာ သိမြင်မှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးအပြောင်းအလဲအမျိုးမျိုးကို တွေ့ကြုံခံစားရလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်နိုင်ပါတယ်။

မေမေတို့ရေ…ကလေးတွေရဲ့ ဒီအသက်အရွယ်မှာ ဖြစ်ပေါ်လာတဲ့ အရေးကြီးဆုံးပြောင်းလဲမှုတစ်ချို့ကို သိချင်ပါသလား? ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပါနော်။

အသက် ၂နှစ်မှ ၃နှစ်အကြား အရေးကြီးသော အပြောင်းအလဲများ

ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုအပြင် အသက် ၂နှစ်မှ ၃နှစ်အကြား ကလေးတွေဟာ သိမြင်မှုအဆင့်မှာ ရင့်ကျက်ပါတယ်။ ဒီအဆင့်မှာ သူတို့ရဲ့ စွမ်းရည်အတော်များများဟာ ကျယ်ပြန့်စွာ ဖွံ့ဖြိုးလာပါလိမ့်မယ်။

သူတို့ဟာ လောကကြီးကို မတူကွဲပြားတဲ့နည်းတွေနဲ့ စတင်ဆက်ဆံလာကြပါတယ်။ လွတ်လပ်မှုနှင့် လုပ်ပိုင်ခွင့်ကို ရလာကြပါတယ်။ သူတို့ဟာ ယခင်က မလုပ်နိုင်တဲ့ အလုပ်တစ်ချို့ကို စတင်လုပ်ကိုင်လာကြပါတယ်။ (သို့) မိဘ၊ အခြားလူကြီးတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်လာကြပါတယ်။

၁။ အသက် ၂နှစ်မှ ၃နှစ်ကြား ကလေးတွေဟာ သန့်စင်ခန်းကို ကိုယ့်ဘာသာ သွားနိုင်ကြပါပြီ

စပိန်နိုင်ငံ LaRioja ရှိ အစောပိုင်းပြုစုစောင့်ရှောက်ရေးအဖွဲ့ရဲ့အဆိုအရ အသက် ၂နှစ်မှာ ကလေးငယ်တွေဟာ toilet နဲ့ potty ကိုသိနိုင်စွမ်းရှိလာပါပြီ။ လူကြီးတစ်ယောက်က သူတို့ကို ပြသထားမယ်ဆိုရင် သူတို့စနစ်တကျ သုံးလာနိုင်ပါတယ်။

အသက် ၃နှစ်အရွယ်မှာ ကလေးတွေဟာ များသောအားဖြင့် သန့်စင်ခန်းကို သွားဖို့ တောင်းဆိုတတ်နေပါပြီ။ သူတို့ တစ်ယောက်တည်းတောင် သွားနိုင်ပြီး အများအားဖြင့် သန့်စင်ဖို့အတွက်တော့ အကူအညီ လိုအပ်တတ်ပါတယ်။

၂။ သူတို့ဘာသာသူတို့ အဝတ်အစား ဝတ်လို့ရနေပါပြီ

၂နှစ်အရွယ်ကလေးအများစုက ဘောင်းဘီတွေ၊ ဖိနပ်တွေကို ဘယ်လိုချွတ်ရမယ်ဆိုတာ သိနေပါပြီ။ ၃နှစ်အရွယ်မှာ လူကြီးတွေရဲ့ အကူအညီနဲ့ အဝတ်အစား ဝတ်တာ/ချွတ်တာကို ပိုပြီးကျွမ်းကျင်လာကြပါပြီ။

၃။ ကိုယ့်ဘာသာ စားတတ်လာပါပြီ

အသက် ၂နှစ်မှ ၃နှစ်အကြား ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုက ကလေးတွေဟာ မိဘခွံ့ကျွေးတာကို ရှောင်ကြဉ်လာခြင်းဖြစ်ပါတယ်။ ဇွန်းတွေ၊ ခရင်းတွေသုံးခြင်းကို ကျွမ်းကျင်စွာ တတ်မြောက်အောင် သင်ယူဖို့ အခက်အခဲရှိပေမယ့် အချိန်ကြာလာတာနှင့်အမျှ အစားအစာ အဖိတ်အစင်နည်း လာပါလိမ့်မယ်။

၄။ လူမှုရေးဘဝ တိုးတတ်လာပါတယ်

အသက် ၂နှစ်မှ ၃နှစ်အကြား ကလေးအများစုဟာ နေ့ကလေးထိန်းကို စတတ်နေပြီဖြစ်တာကြောင့် အခြားမိသားစုတွေ၊ ဆရာမတွေနှင့် အပြန်အလှန်ဆက်သွယ်ခြင်းကနေ လူမူရေးဘဝ သိသိသာသာတိုးမြှင့်လာပါတယ်။ သူတို့ရဲ့ လူမှုဘဝ တိုးမြှင့်ခြင်းဖြင့် လူမှုရေးအရ လက်ခံထားတဲ့ စံနှုန်းတွေ၊ အမူအကျင့်ဆိုင်ရာ အလေအထတွေနဲ့ သက်ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကို သင်ယူရမယ့်အချိန်ဖြစ်ပါတယ်။

၅။ အိမ်မှာ စပြီးအကူအညီပေးလာပါတယ်

စောလွန်းပုံရပေမဘ့် အသက်၂နှစ်မှ ၃နှစ်ကြား ကလေးတွေဟာ အိမ်မှာ စတင်ကူညီနိုင်ပြီး အရာဝတ္တုတွေကို ရှင်းလင်းဖို့ ကူညီနိုင်ပါတယ်။ ဥပမာအားဖြင့် သူတို့လေးတွေဟာ ကစားစရာတွေကို ကောက်သိမ်းဖို့၊ ဖယ်ရှားဖို့ (သို့) ပန်းကန်၊ လက်သုတ်ပုဝါ၊ ဇွန်းကဲ့သို့သော ရိုးရှင်းတဲ့ အရာဝတ္တုတွေကို စားပွဲပေါ်တင်ဖို့ ကူညီနိုင်ပါပြီ။

အသက် ၂နှစ်မှ ၃နှစ်အကြား ပြောင်းလဲမှုအပေါ် နိဂုံးချုပ်

အသက် ၂နှစ်မှ ၃နှစ်အကြားရှိ ကလေးတွေဟာ သူတို့ဘဝမှာ ပြောင်းလဲမှုများစွာကို ကြုံတွေ့ရပါတယ်။ ဒီအပြောင်းအလဲတွေက မိဘတွေပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်၊ မိဘတွေဟာ သူတို့လေးတွေ ကြီးပြင်းလာတာနှင့်အမျှ တစ်ချိန်က မှီခိုသလို မှီခိုအားထားခြင်းမရှိကြောင်းကို လက်ခံရပါလိမ့်မယ်။

ဒီအသက်အရွယ်မှာ ကျွန်မတို့ပြောခဲ့တဲ့ အပြောင်းအလဲအချို့က မဖြစ်ခဲ့ဖူးဆိုရင် ကလေးတစ်ယောက်ချင်းစီဟာ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတတ်မှုနဲ့ သင်ယူမှု အရှိန်အဟုန်ရှိကြတာကြောင့် စိုးရိမ်ထိတ်လန့်စရာ မလိုပါဘူး။

Chit_MayMay

LM_Nandar

Source-youaremom

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here