ကမ္ဘာတစ်လွှားမှာ လက်ခံကျင့်သုံးနေတဲ့ တိဗက်လူမျိုးတွေရဲ့ ကလေးပြုစုပျိုးထောင်နည်း ၄ ဆင့်

0
7655
- Advertisement -

တိဗက်လူမျိုးတွေဟာ စိတ်ရှည်တဲ့လူမျိုးတွေလို့ ကမ္ဘာကသိကြပါတယ်။ တိဗက်လူမျိုးတွေသူတို့ရဲ့ကလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့ နည်းတွေကလည်း စိတ်ဝင်စားစရာကောင်းတာမို့ ကမ္ဘာတစ်လွှားမှာလည်း တိဗက်လူမျိုးတို့ရဲ့ အမြင်ဆိုပြီး ကလေးပြုစုပျိုးထောင်နည်းဟာ ခေတ်စားလျက်ရှိပါတယ်။

အသက် ၅ နှစ်မတိုင်မီ

သူတို့ဟာ ကလေးတွေကို ဘုရင်လို ဘုရင်မလို သဘောထားပြီး ဆက်ဆံလေ့ရှိပါတယ်။ အမှားအယွင်းတစ်ခုခုလုပ်မိရင်လည်း အပြစ်ပေးတာမျိုးမရှိပါဘူး။ ဒီအရွယ်ဟာ အရာအားလုံးကို စူးစမ်းလေ့လာဖို့ တက်ကြွနေလေ့ရှိတဲ့အတွက် တစ်ခါတစ်ရံ အန္တရာယ်ရှိတာမျိုးပြုလုပ်မိရင်လည်း သူတို့ကိုကြောက်စိတ်ဝင်သွားအောင်မလုပ်ဘဲ အခြားအရာတစ်ခုကို စိတ်အာရုံပြောင်းလဲဖို့လုပ်တတ်ကြပါတယ်။ ဒီအရွယ်ဟာ စိတ်ခံစားမှုတွေကို အပြည့်အဝ သင်ယူလေ့လာတတ်ကြတဲ့အတွက် ကောင်းမွန်စွာ နည်းလမ်းပြပေးဖို့လိုအပ်ပါတယ်။ အကယ်၍ သင်ဟာ ကလေးငယ်တွေအပေါ် ဘာမလုပ်ရ၊ ညာမလုပ်ရဆိုပြီး အမိန့်နာခံတတ်အောင် သင်ကြားပေးမယ်ဆိုရင် သူတို့ရဲ့ ပင်ကိုယ်အရည်အသွေးထွက်ပေါ်မလာအောင် ပြုလုပ်လိုက်တာနဲ့ အတူတူဘဲဖြစ်ပါတယ်။

အသက် ၅ နှစ်ကနေ ၁၀ နှစ်အထိ

ဤအသက်အရွယ်မှာတော့ ကလေးတွေကို အလုပ်သမား၊ အခိုင်းအစေ “ကျွန်” တွေလို ပြောဆိုဆက်ဆံတတ်ကြပါတယ်။ ဒါပေမယ့် ရက်စက်သလိုမဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီအသက်အရွယ်မှာ ကလေးတွေဟာ စဉ်းစားဉာဏ်နဲ့ လေ့လာသင်ယူလိုစိတ်တွေဟာ ဖွံ့ဖြိုးလာပြီဖြစ်တဲ့အတွက် သူတို့ရဲ့ အနာဂတ်မှာ အရေးပါအရာရောက်မယ့် သင်ယူလိုစိတ်နဲ့ တာဝန်ယူလိုစိတ်ကို စတင်ပေးရမှာဖြစ်ပါတယ်။ သူတို့ကို သင်ကြားပေးဖို့နဲ့ အလုပ်တာဝန်တွေပေးဖို့ကို စိုးရိမ်ပူပန်မနေပါနဲ့။ သူတို့ဟာ လက်တွေ့လေ့လာလုပ်ကိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီအရွယ်မှာ “ဘုရင်” ဘဝကနေ “ကျွန်” ဘဝကိုပြောင်းလဲမပေးပါက ကြီးပြင်းလာတဲ့အခါမှာ သူတို့ရဲ့လုပ်ရပ်တွေကို တာဝန်မယူနိုင်ကြတော့ပါဘူး။

အသက် ၁၀ နှစ်မှ ၁၅ နှစ်

ဒီအသက်အရွယ်မှာတော့ ကလေးတွေကို တန်းတူရည်တူစကားပြောပေးဖို့ အရေးကြီးပါတယ်။ သင့်မှာ ဘဝအတွေ့အကြုံနဲ့ ဗဟုသုတများစွာရှိနေပေမယ့်လည်း ကလေးတွေရဲ့ ထင်မြင်ချက်တွေကို လေးစားပေးရပါမယ်။ သူတို့ကို အကြံဉာဏ်တောင်းခံဖို့ကို ရှက်ရွံ့မနေဖို့နဲ့ သူတို့ရဲ့ လွတ်လပ်မှုစွာတွေးခေါ်မှုကို အားပေးဖို့ လိုအပ်ပါတယ်။ အကြံဉာဏ်ပေးသည်ဆိုရာမှာ အမိန့် သို့မဟုတ် တားမြစ်ချက်တွေ မဖြစ်ဖို့လိုအပ်ပါတယ်။ အကယ်၍ သင်ဟာ တားမြစ်ချက်တွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားပါက ဆက်ဆံရေးကို ဆိုးဝါးသွားစေနိုင်ပြီး သူတို့ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေကို ရောက်သွားစေနိုင်ပါတယ်။ ကလေးတွေဟာ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို ပြုလုပ်ခွင့်မရဘဲ ကြီးပြင်းလာခဲ့မယ်ဆိုရင် တစ်စုံတစ်ယောက်ကို အမြဲတမ်းမှီခိုနေရပြီး သူတို့ရဲ့ ဘဝ ထွန်းတောက်အောင်မြင်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားစေနိုင်ပါတယ်။

အသက် ၁၅ နှစ်နဲ့အထက်

ဒီအသက်အရွယ်မှာတော့ သူတို့ဟာ သူတို့ရဲ့ ပင်ကိုယ်စရိုက်တွေနဲ့ ပြည့်ဝနေပြီဖြစ်တဲ့အတွက် ဆုံးမသင်ကြားပေးဖို့ကို နောက်ကျနေပြီဖြစ်ပါတယ်။ သင်ဟာ သူတို့ကို အကြံဉာဏ်ပေးနိုင်တယ်၊ လေးစားမှုရှိသင့်တဲ့အရာတွေကို အလေးထားဆက်ဆံဖို့ ပြောနိုင်ပါတယ်။ ပြီးတော့ သင်တို့ သွန်သင်ဆုံးမခဲ့မှုတွေဟာ အကျိုးဖြစ်ထွန်းစေခဲ့သလားဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ကြီးပြင်းခွင့်ရပြီး သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေကို အလေးထားဆက်ဆံခံခဲ့ရတဲ့ ကလေးငယ်တွေဟာ ကြီးပြင်းလာတဲ့အခါမှာလည်း မိဘဆွေမျိုးသားချင်းများနဲ့ အခြားသူများကိုပါ အလေးထားဆက်ဆံတတ်ကြပါတယ်။

#Chit_may_may

#Dmo_aung

#Ref- Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here