Home Parenting Child Care ကလေးက ဝမ်းသွားနေရင်း ဘာ့ကြောင့်ငိုတာလဲ?

ကလေးက ဝမ်းသွားနေရင်း ဘာ့ကြောင့်ငိုတာလဲ?

0
ကလေးက ဝမ်းသွားနေရင်း ဘာ့ကြောင့်ငိုတာလဲ?

ဝမ်းသွားတဲ့အခါ ကလေးတွေ ငိုနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမယ် ကလေးက အင်အင်းပါတဲ့အချိန် ငိုတဲ့အခါ မိဘတွေအနေနဲ့ စိုးရိမ်နေပါလိမ့်မယ်။ ဝမ်းသွားခြင်းက သူတို့အတွက် အတွေ့အကြုံတစ်ခုဖြစ်နိုင်တာကြောင့် ကလေးတွေဟာ များသောအားဖြင့် ငိုကြပြီး ဒီခံစားမှုအသစ်တွေနဲ့ ရင်းနှီးဖို့ အချိန်ယူရတတ်ပါတယ်။ စားသောက်ပုံ (သို့) အိပ်နည်းကို အလွယ်တကူလေ့လာနိုင်သော်လည်း ဝမ်းသွားခြင်းက ကနဦးလတွေမှာ သင်ယူဖို့ ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။

အောက်ပါအချက်တွေက သင့်ကလေး ဝမ်းသွားတဲ့အခါ ညည်းတွား (သို့) ငိုယိုနိုင်တဲ့ အကြောင်းရင်းအချို့ဖြစ်ပါတယ်။

၁။ ဝမ်းချုပ်ခြင်း

ကလေးတွေ ဝမ်းချုပ်ခြင်းကြောင့် ဝမ်းအလွယ်တကူ မသွားနိုင်တဲ့အခါ ငိုတတ်ပါတယ်။ ခြောက်သွေ့ မာကျောတဲ့ မစင်အညစ်အကြေးတွေ စွန့်ထုတ်တဲ့အခါ ကလေးက နာကျင်ပြီး ငိုရင် သူတို့ ဝမ်းချုပ်နေတာပါ။ ဒီကိစ္စမှာ မိခင်နို့တိုက်သည်ဖြစ်စေ(သို့) နို့ဘူးတိုက်သည်ဖြစ်စေ အူလှုပ်ရှားမှု နည်းနိုင်ပါတယ်။ အရည်စားသုံးမှု မလုံလောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးအား ရေဓါတ်လုံလောက်စွာ ရရှိစေရပါမယ်။ နည်းနည်းကြီးတဲ့ ကလေးတွေမှာဆိုရင် အသီးဖျော်ရည် တိုက်နိုင်ပြီး သစ်တော်သီး၊ ဇီးသီးကဲ့သို့သော အသီးတွေ၊ ဟင်းနုနွယ်ကဲ့သို့သော ဟင်းသီးဟင်းရွက်တွေမှတဆင့် အမျှင်ဓါတ်စားသုံးမှုကို တိုးပေးနိုင်ပါတယ်။

၂။ ကြီးထွား၊ ဖွံ့ဖြိုးမှု

ကလေးငယ်ဟာ လုံလောက်တဲ့ အဟာရ မရသေး၊ မဖွံ့ဖြိုးသေးရင် သူတို့ ဝမ်းသွားရ ခက်ခဲနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာလည်း ဝမ်းသွားခြင်းက ကြွက်သားညှိနှိုင်းမှု လိုအပ်တဲ့ လုပ်ငန်းစဉ်ဖြစ်တာကြောင့် ဝမ်းသွားဖို့အတွက် ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ မွေးကင်းစကလေးရဲ့ ညှိနှိုင်းဆောင်ရွက်မှုက မဖွံ့ဖြိုးသေးတာကြောင့် ဝမ်းသွားတဲ့အခါမှာ သက်တောင့်သက်သာရှိတဲ့ အနေအထားကို ရှာဖွေဖို့ ရုန်းကန်ရနိုင်ပါတယ်။

၃။ ဒိုက်ဘာပွန်းတာကြောင့်

ဝမ်းသွားတဲ့အခါ ကလေးငိုရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ဒိုက်ဘာပွန်းတာကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတရံ ကလေးတွေကို အနှီးအကြာကြီး ဝတ်ပေးထားတဲ့အခါ အဖုလေးတွေ ထွက်လာတတ်ပါတယ်။ ကလေးဝမ်းသွားတဲ့အခါ နာကျင်ခြင်းနဲ့ ယားယခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

၄။ လေထခြင်း

Gas ပြဿနာတွေက သင့်ကလေးအတွက် ဗိုက်နာစေနိုင်ပါတယ်။ ဖော်မြူလာတိုက်ကျွေးတဲ့ ကလေးအများစုက လေထမှုကို ခံစားကြရပါတယ်။ ကလေးနို့စို့နေစဉ်မှာ အနေအထားမမှန်ခြင်း (သို့) ကလေးပါးစပ်အတွင်းသို့ နို့သီးခေါင်း ကောင်းစွာ မရောက်ခြင်း (သို့) နို့ဘူးများတွင် ပါဝင်သည့် နို့စို့ပေါက် ကျယ်နေခြင်းတို့ကြောင့် ကလေးဟာ လေကို မျိုချမိနိုင်ပါတယ်။ သူတို့ဝမ်းသွားတဲ့အခါနဲ့ လေလည်ပြီးချိန်မှာတောင် ငိုနိုင်ပါတယ်။

၅။ လေထိုးလေအောင့်ဖြစ်ခြင်း

ကလေးတွေ ဝမ်းသွားတဲ့အချိန် (သို့) ဝမ်းသွားပြီးနောက် ငိုတာက လေထိုးလေအောင့်ကြောင့် ဖြစ်နိုင်ပါတယ်။ လေထိုးလေအောင့်ဟာ တစ်ပတ်လျှင် သုံးရက်ခန့်၊ တခါတရံ နှစ်နာရီမှ သုံးနာရီအထိ အချိန်အကြာကြီး ငိုကြွေးခြင်းကို ရည်ညွှန်းပါတယ်။ နေ့တိုင်း တစ်ချိန်တည်းမှာပဲ ဖြစ်တတ်ပါတယ်။ သို့သော် လေထိုးလေအောင့်ဝေဒနာဟာ ကလေး သုံးလ (သို့) လေးလအရွယ်မှာ ပျောက်သွားသင့်ပါတယ်။

၅။ အာရုံစိုက်မှု လိုအပ်ခြင်း

တစ်ခါတစ်ရံ ကလေးတွေဟာ ငိုခြင်းဖြင့် အာရုံစူးစိုက်မှုကို ရယူကြပါတယ်။ ပထမသုံးလမှာ ကလေးအများစု အဖြစ်များပါတယ်။ ကလေးကို ကောက်ချီလိုက်တဲ့အခါ မငိုတော့ဘူး၊ အောက်ချလိုက်လို့ ပြန်ငိုတယ်ဆိုရင် ဒါကအာရုံစိုက်မှု လိုအပ်နေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သူတို့ကို ပွေ့ဖက်ပြီး ချော့ပေးပါ။

၆။ ပင်ပန်းနွမ်းနယ်ခြင်း

ကလေးက ဝမ်းသွားတဲ့အခါ ပင်ပန်းနေရင် ဂျီကျပါလိမ့်မယ်။ ကလေး မောပန်းနွယ်နယ်ရတဲ့ အကြောင်းရင်းတစ်ခုက အိပ်ရေးမဝလို့ ဖြစ်ပါတယ်။ ကလေးတွေဟာ တစ်နေ့လျှင် ၁၆နာရီခန့်အိပ်ချိန်ရှိပါတယ်။ ကလေးက မျက်လုံးတွေကို ပွတ်သပ်နေတာမျိုး၊ သမ်းနေတာမျိုး (သို့) ဝမ်းသွားနေရင်း ဂျီကျတာမျိုးဆိုရင် အညစ်အကြေးစွန့်မှုကို အားထုတ်ဖို့ အရမ်းပင်ပန်းနေနိုင်ပါတယ်။

ကလေးက ဝမ်းသွားနေရင်း ငိုတဲ့အခါ ရပ်တန့်အောင် ဘာလုပ်သင့်လဲ?

သင့်ကလေးက အညစ်အကြေးစွန့်တဲ့အခါ ဘာ့ကြောင့်ငိုတယ်ဆိုတာကို ပြောပြရခက်နိုင်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေကို ရှင်းရှင်းလင်းလင်း သတိပြုမိရင် အကြောင်းရင်းကို အနီးကပ်လေ့လာပြီး အလွယ်တကူပြောပြနိုင်ပါတယ်။ ဒါကတော့ ငိုတာကို ရပ်တန့်အောင် ကူညီပေးမယ့် အကြံပြုချက်တစ်ချို့ပါ။

  • ကလေးရဲ့ အစားသောက်ကို ပြောင်းလဲခြင်းနှင့်အတူ ကလေးက ဗိုက်ပြည့်နေရပါမယ်။ ကလေးဗိုက်ဟာနေရင် ဓါတ်ငွေ့တွေ ထွက်လာနိုင်ပါတယ်။
  • ကလေးကို နို့တိုက်နေပါက သင်စားတဲ့အရာကို သတိထားပါ၊ အစပ် (သို့)အစပ်များတဲ့ အစားအစာကို ရှောင်ပါ။ ကလေးဗိုက်နာစေနိုင်မယ့် အစားအစာတွေကို ရှောင်ပါ။
  • ကလေးငယ်ရဲ့ ကြွက်သားတွေကို သက်သာရာရစေဖို့၊ ဝမ်းသွားလွယ်စေဖို့ ဗိုက်ကို ဖွဖွလေးနှိပ်နယ်ပေးပါ။ ကလေးကို အစာအိမ်တဝိုက် ညင်သာစွာ ပွတ်ပေးခြင်းဖြင့် လေလည်ပြီး ဓါတ်ငွေ့(လေ)တွေ ထုတ်လွှတ်နိုင်ပါတယ်။
  • ကလေးရဲ့ ပတ်ဝန်းကျင်ကိုသန့်ရှင်းအောင် ထားဖို့နဲ့ ကလေးနှင့် ထိတွေ့နိုင်ခြေအရှိဆုံး နေရာတွေကို ပိုးသတ်ဖို့ မမေ့ပါနဲ့။ ဒါက ရောဂါပိုးမွှားတွေနဲ့ ဝမ်းလျှောခြင်းတို့ကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။။

ကလေးတွေ ဝမ်းသွားတဲ့အခါ မကြာခဏ ငိုတတ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို လိုက်နာကာ ဆရာဝန်ရဲ့ အကြံဉာဏ်ကို ခံယူခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။

Chit_MayMay

Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here