ကလေးခေါင်းထဲသို့ ဝင်အောင် ရိုက်သွင်းနေဆဲဖြစ်တဲ့ ခေတ်မမှီတော့သော ယူဆချက်တစ်ချို့

0
2274
- Advertisement -

ကျွန်တော်တို့အားလုံးဟာ ကလေးတွေကို ပျော်ရွင်ပြီး အောင်မြင်သော လူကြီးတွေအဖြစ် ကြီးပြင်းလာစေချင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ ယုံကြည်မှုအတိုင်း ဒီရည်မှန်းချက်ကို အောင်မြင်အောင် ကူညီပေးမယ့် ပြုစုပျိုးထောင်တဲ့ နည်းစနစ်တွေကို သုံးကြပါတယ်။ ကျွန်တော်တို့ဟာ ကလေးတွေကို လူကြီးစကားနားထောင်ဖို့၊ စာလေ့လာမှု တစ်ခုတည်းပေါ်မှာ အာရုံစိုက်ဖို့ သင်ကြားပေးနေသော်လည်း အနာဂတ်မှာ ကောင်းသော သင်ခန်းစာတွေထက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ သင်ခန်းစာတွေ ဖြစ်နေမလားဆိုတာ ကျွန်တော်တို့စိတ်ထဲမှာ မတွေးမိခဲ့ကြပါဘူး။ အရင်တုန်းက ကျင့်သုံးခဲ့ကြ၊ ကြိုက်ခဲ့ကြတဲ့ တချို့သော အတွေးအခေါ်တွေဟာ မျိုးဆက်သစ်လူငယ်တွေအတွက် အကျိုးမပြုတော့ပါဘူး။

ခေတ်သစ်ပြဿနာတွေဟာ ခေတ်မီသော ဖြေရှင်းနည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအတွက် အသုံးဝင်သော အကြံဉာဏ်များနှင့် ကျင့်သုံးနေတာတွေ ရပ်လိုက်သင့်တဲ့ ခေတ်မမီတော့သော ယူဆချက်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ ငါ့ကလေးသာ အကောင်းဆုံး ပိုင်ဆိုင်ရမယ်

ကလေးဆိုးတစ်ယောက်ကို ပျိုးထောင်ရတာက လွယ်ကူပါတယ်။ လိမ္မာရေးခြားရှိတဲ့ ကလေးတစ်ယောက်ကို ပျိုးထောင်ရတာက ခက်ခဲနိုင်ပါတယ်။ ကလေးတွေဟာ သူတို့လိုချင်တဲ့အရာကို သူတို့လိုချင်တဲ့အချိန်မှာ ရချင်ကြပါတယ်။ မိဘတွေအနေနဲ့ အလွန်အကျွံ အလိုလိုက်ခြင်းဟာ ကလေးတွေအတွက် အကျိုးယုတ်စေတဲ့ အပြုအမှုတွေ ဖြစ်ပါတယ်။ အရွယ်ရောက်လာတာနှင့်အမျှ ထိုကဲ့သို့သော ကလေးတွေဟာ အစွဲအလမ်းကြီးခြင်း၊ တာဝန်ကင်းမဲ့ခြင်း၊ လူမှုရေးကျွမ်းကျင်မှု ချို့တဲ့ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ကိုယ့်အကျိုးအတွက် သူတပါးကို အသုံးချခြင်း စတဲ့အပြုအမူတွေ ဖြစ်လာပါတယ်။

အကောင်းဆုံးနည်းလမ်းက ဘောင်သတ်မှတ်ပေးခြင်း၊ ကလေးရဲ့တာဝန်များကို ဆုံးဖြတ်ပေးခြင်း၊ သူတို့ရဲ့ အမူအကျင့်နဲ့ အပြုအမှုတွေကို ဂရုစိုက်ပေးခြင်းနှင့် မိဘနှင့် အခြားလူတွေအား မလေးစားတဲ့ လုပ်ရပ်တွေ ပြသတာ မလုပ်ဖို့ ဖြစ်ပါတယ်။ ကလေးတစ်ယောက်အား လုပ်အားကို တန်ဖိုးထားဖို့နှင့် ငွေတန်ဖိုးကို နားလည်ဖို့ သင်ကြားပေးခြင်းကလည်း အကျိုးရှိစေပါတယ်။ ဥပမာအားဖြင့် မိဘတွေအနေနဲ့ ကလေးအား အချိန်ပိုင်းအလုပ်ရှာပေးတာမျိုးဖြစ်ပါတယ်။

၂။ လူကြီးစကားကို အမြဲတမ်းနားထောင်သင့်တယ်

မိဘတွေဟာ မိမိတို့သားသမီးတွေကို မိဘစကားအမြဲတမ်း နားထောင်ပေးစေချင်ကြပါတယ်။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ဆောင်ခြင်း၊ အမြဲတစေ နာခံစေခြင်းရဲ့ အလေ့အထက သားသမီးရဲ့အနာဂတ်အတွက် အန္တရာယ်ရှိနိုင်တယ်လို့ မတွေးမိကြပါဘူး။

စိတ်ပညာရှင်နှင့် “ငြိမ်းချမ်းသောမိဘ၊ ပျော်ရွင်သော ကလေးများ”စာအုပ်ကို ရေးသားသူ လော်ရာမာ့ချ်က “နာခံမှုရှိသော ကလေးတွေဟာ နာခံမှုရှိသော လူကြီးတွေအဖြစ်”သို့ ပြောင်းလဲသွားမှာ ကျိန်းသေတယ်လို့ ဆိုပါတယ်။

ထိုကဲ့သို့သော လူကြီးတွေဟာ သူတို့ကိုယ်သူတို့ ရပ်တည်ဖို့ အခွင့်အလမ်းနည်းပါးပြီး သစ္စာမရှိသောလူမျိုး၊ ခြယ်လှယ်သူတွေရဲ့ သားကောင်တွေ ပိုမိုဖြစ်လာနိုင်ခြေရှိပါတယ်။ သူတို့ဟာ ဘယ်မေးခွန်းမှ ပြန်မေးတာမရှိဘဲ အမိန့်ကို လိုက်နာဆောင်ရွက်နိုင်ပါတယ်။ ထို့ကြောင့် သင့်ကလေးအား ဘယ်လိုငြင်းပယ်ရမယ်ဆိုတာနှင့် သူတို့ရဲ့ အမြင်ကို ထုတ်ဖော်ပြောဆိုတတ်ဖို့ မဖြစ်မနေ သင်ပေးရပါမယ်။

၃။ ကျောင်းမှာ A ရတာကောင်းတယ်၊ C ရတာမကောင်းဘူး

Aရမှ ဖြစ်မယ်ဆိုတဲ့ အယူအဆဟာ သင့်ကလေးအား စိုးရိမ်ပူပန်မှု တစ်သက်လုံး ခံစားစေနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို ရှုံးနိမ့်မှုတွေဟာ သူတို့ရဲ့ ဆက်ဆံရေးကို ဘယ်နည်းနဲ့မှ ထိခိုက်မှုမရှိကြောင်း ရှင်းပြပေးရပါမယ်။ အကြောင်းရင်းများစွာကြောင့် ကျရှုံးခြင်းက ကလေးတွေအတွက် အကျိုးရှိနိုင်တယ်လို့ လက်တွေ့စိတ်ပညာရှင် Dr. Stephanie O’Leary ကယုံကြည်ပါတယ်။ ကျရှုံးမှုက ကလေးတွေအား ဆိုးကျိုးတွေနဲ့ ရင်ဆိုင်တတ်အောင် သင်ကြားပေးပြီး တန်ဖိုးရှိသာ ဘဝအတွေ့အကြုံကို ပေးပါတယ်။ ခက်ခဲရှုပ်ထွေးသော အခြေအနေများကို ဖြေရှင်းဖို့ နည်းလမ်းများစွာ ရှာတွေ့အောင် ကူညီပါလိမ့်မယ်။

၄။ စာလေ့လာမှုပေါ်မှာပဲ အာရုံစိုက်သင့်တယ်၊ ကျန်တာ အမေလုပ်လိမ့်မယ်

မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို အဓိကလုပ်ငန်းတစ်ခုတည်းမှာပဲ အာရုံစိုက်ဖို့ ၊ ကျန်ရှိနေသေးတဲ့ ပြဿနာတွေကို သူတို့အတွက် ဖြေရှင်းပေးမယ်လို့ မပြောသင့်ပါဘူး။ ဘယ်သူမဆို multitaking ကျွမ်းကျင်မှု ဖွံ့ဖြိုးရမှာဖြစ်ပြီး သူတို့ဘဝရဲ့ ကဏ္ဍအားလုံးကို တာဝန်ယူနိုင်ရပါမယ်။ အလွန်အကျွံ ဂရုစိုက်မှုဖြင့် ကြီးပြင်းလာပါက ကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အတွေ့အကြုံတွေ မရှိတာ မကြာခဏ ဖြစ်လာတတ်ပါတယ်။

မိဘတွေဟာ ကလေးတွေကို သူတို့ပြဿနာတွေမှ ကာကွယ်ဖို့ ကြိုးစားတဲ့အခါ ပိုတောင်ဆိုးရွားစေပါတယ်။ ထိုသို့သော ကလေးတွေဟာ ကြီးပြင်းလာတဲအ့ခါ မွေးကင်းစကလေးနှင့်မခြား တာဝန်မဲ့စွာ ပြုမှုလေ့ရှိပါတယ်။

၅။ ဆယ်တန်းပြီးတာနဲ့ ကျောင်းဆက်တတ်သင့်တယ်

တကယ်လို့ ကလေးက ဘာဖြစ်ချင်တယ်ဆိုတာ မသိရင် မိဘတွေ ရွေးချယ်ပေးထားတဲ့ လမ်းကြောင်းကိုသာ ရွေးချယ်နိုင်ဖွယ်ရှိပါတယ်။ ဒီလိုရွေးချယ်မှုက အမှားကြီးကြီးဖြစ်လာပြီး ကလေးနောင်တရပါလိမ့်မယ်။ ဒါကို ရှောင်ရှားဖို့ မိဘတွေအနေနဲ့ ဆယ်ကျော်သက်တစ်ယောက်အပေါ် အလွန်အကျွံဖိအားမပေးဘဲ သူတို့ဘဝအတွက် သူတို့ရဲ့ အစီအစဉ်များကို ခွဲထုတ်ဖို့ အခွင့်အရေးပေးသင့်ပါတယ်။

ထိုအကြောင်းကြောင့် နိုင်ငံများစွာမှာ ဆယ်ကျော်သက်တွေကို အထက်တန်းကျောင်းဆင်းပြီးချိန်နှင့် ကောလိပ်တတ်ချိန်အကြား (တစ်နှစ်ခန့်)အချိန်ယူခွင့် ပေးထားပါတယ်။

ဒီအတောအတွင်းမှာ ဆယ်ကျော်သက်တွေဟာ အလုပ်လုပ်နိုင်တယ်။ အလုပ်သင် သဘောမျိုး ဝင်လုပ်နိုင်တယ်။ (သို့) သင်တန်းအချို့ တတ်နိုင်တယ်။ သို့သော် အရေးအကြီးဆုံးက အချိန်ယူပြီး အနာဂတ်အတွက် သူတို့ရဲ့အစီအစဉ်များကို စဉ်းစားဖို့ ဖြစ်ပါတယ်။

၆။ တက္ကသိုလ်ဘွဲ့ကမှ အရေးပါတယ်

လေယာဉ်ဒီဇိုင်းရေးဆွဲသူ (သို့) မြို့ပြအင်ဂျင်နီယာ ကဲ့သို့သော အလုပ်တွေအကြောင်း ပြောတဲ့အခါ အဆင့်မြင့်ပညာရေးက အရေးပါပါတယ်။ ဒါပေမယ့် လစာအတွက် ကွာခြားချက် အကြီးကြီးရှိလိမ့်မယ်လို့ မဆိုလိုပါဘူး။ ဒါက ကျောင်းသားရဲ့ စွမ်းရည်၊ တက္ကသိုလ်အဆင့်သတ်မှတ်ချက်၊ အလုပ်စျေးကွက်ရဲ့ အလုပ်အကိုင်တန်ဖိုး၊ တိုင်းပြည်ပေါ်မှာ မူတည်ပါတယ်။ ဥပမာ- ဆရာဝန်တွေဟာ အမေရိကန်မှာ ဝင်ငွေအမြင့်မားဆုံး အလုပ်စာရင်းမှာ ထိပ်ဆုံးက ရှိနေပေမယ့် မြန်မာနိုင်ငံလို အခြေအနေမျိုးနှင့် အတော်လေးကွာခြားနိုင်ပါတယ်။

( အလှအပ၊ အိုင်တီနှင့် ရုပ်ရှင်ထုတ်လုပ်ရေး)ကဲ့သို့သော လစာမြင့်မားတဲ့ စက်မှုလုပ်ငန်းတွေေမှာ ကောလိပ်ဘွဲ့ဟာ လူတစ်ယောက်မှာရှိတဲ့ အတွေ့အကြုံ ကျွမ်းကျင်မှုထက် အရေးပါမှု နည်းပါတယ်။ ဒါ့ကြောင့် တက္ကသိုလ်မှ ဘွဲ့မရဘဲနဲ့ အောင်မြင်သော စီးပွားရေးသမားတွေ၊ အလှအပပညာရှင်တွေ၊ အနုပညာရှင်တွေ များပြားတာ ဖြစ်ပါတယ်။

၇။ အချိန်ပိုင်းအလုပ်က ကလေးကို ကျောင်းကနေ အာရုံပြောင်းသွားစေတယ်၊ လေ့လာမှုကို အာရုံစိုက်တာပဲ ပိုကောင်းတယ်

ဂုဏ်ထူးတန်းဆက်တတ်ဖို့၊ ဂုဏ်ထူးနဲ့ ဘွဲ့ယူဖို့ မလိုအပ်ဘူးဆိုရင် အချိန်ပိုင်းအလုပ်တစ်ခုရခြင်းက တန်ဖိုးရှိတဲ့ အတွေ့အကြုံနှင့် လူမှုဆက်ဆံရေး ရနိုင်ပါတယ်။ ကလေးရဲ့အနာဂတ်ကိုတောင် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါတယ်။ လူငယ်တွေ စောစောစီးစီး အလုပ်လုပ်တဲ့အခါ သတ်မှတ်ချက်ပြည့်မီအောင် ဘယ်လိုဖြည့်ဆည်းရမယ်၊ စာရင်းဘယ်လိုလုပ်ရတယ်၊ ကြီးကြပ်ရေးမှုးဆီကနေ ဘယ်လို တုံ့ပြန်ချက်ကို လက်ခံရရှိမယ်ဆိုတာ လေ့လာမိစေပါတယ်။

ယနေ့ခေတ်မှာ အလုပ်ရှင်တွေက အချိန်ပိုင်းအလုပ်တစ်ခုရဲ့ တန်ဖိုးကို နားလည်ပါတယ်။ ဒါ့ကြောင့် ကိုယ်ရေးရာဇဝင်အကျဉ်းကို ကြည့်မယ်။ အခြားကျောင်းပြီး ဘွဲ့ရသူတွေအကြား လုပ်ငန်းအတွေ့အကြုံရှိ ဘွဲ့ရတစ်ယောက်ကိုသာ ဦးစားပေးပါလိမ့်မယ်။

၈။ တခြားလူတွေက ငါတို့အတွက် အဆုံးအဖြတ်ပေးလိမ့်မယ်

အချို့လူတွေက သူတို့ကို တခြားလူတွေ ဆုံးဖြတ်ချက်ချပေးမယ့် အချိန်ထိ စောင့်ချင်ကြပါတယ်။ ပြီးတော့ သူတို့ဟာ သူတို့ကလေးတွေကို သူများကိစ္စ မဝင်ဖို့၊ မပြောဖို့နှင့် မရပ်တည်ဖို့ သင်ပေးတတ်ကြပါတယ်။ ထိုကဲ့သို့သော ကလေးတွေဟာ လျစ်လျူရှုခြင်းဖြင့် ကြီးပြင်းလာသော ကလေးများဖြစ်လာကြပြီး သူတို့ရဲ့အကျိုးစီးပွားအတွက် ထုတ်ဖော်ပြနိုင်စွမ်း (သို့) ရပ်တည်နိုင်စွမ်း ရှိမှာမဟုတ်တော့ပါဘူး။

“ဒါ ငါနဲ့ဘာမှမဆိုင်ပါဘူး”ဆိုတဲ့ အနေအထားက ဘယ်သူ့အပေါ်မှ အကောင်းမမြင်တော့ပါဘူး။ ဒါ့ကြောင့် ကလေးတစ်ယောက်ကို နိုင်ငံရေး၊ လူမှုရေးစနစ်၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝတရား အလှအပများအကြောင်း သင်ပေးခြင်းက ပိုကောင်းပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here