Home adolescence ကလေးငယ်ကြောင့် အိပ်ရေးပျက်ခြင်းအတွက် အပြုသဘောဆောင်သော တွေးစရာများ

ကလေးငယ်ကြောင့် အိပ်ရေးပျက်ခြင်းအတွက် အပြုသဘောဆောင်သော တွေးစရာများ

0
307

မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ မအိပ်ရတဲ့ညတွေကို ဖြတ်သန်းရတာဟာ ပုံမှန်အခြေအနေတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ တစ်နေကုန်အိပ်ထားပြီး ညရောက်မှ ကလေးက မအိပ်တော့တာမျိုး၊ ကလေးရဲ့ ကျန်းမာရေးအခြေအနေကြောင့် တစ်ခုခုဖြစ်ပြီး (သို့) ဘာဖြစ်မှန်းမသိရဘဲ ထငိုတာမျိုးတွေကြောင့် တစ်ညလုံးငုတ်တုတ်ထိုင်ရင်း ကုန်ဆုံးသွားတာမျိုးတွေရှိပါလိမ့်မယ်။ ဒီကနေ့မှာတော့ အဲ့လိုနေ့ရက်တွေဖြတ်သန်းရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအပြုသဘောစိတ်ထားမျိုးနဲ့ ရှင်သန်ရမလဲဆိုတာ ရွေးချယ်နိုင်ဖို့ အချက်တစ်ချို့ကို မျှဝေပေးမှာဖြစ်ပါတယ်။

၁။ ဒီအရာတွေက သင့်ကို သန်မာစေပါလိမ့်မယ်

မိခင်တစ်ယောက်ဖြစ်ရတာ ခက်ခဲပြီး ပင်ပန်းပါလိမ့်မယ်။ ဒါပေမယ့် မေမေတို့ရဲ့ ကလေးကို ထိန်းကျောင်းရင်း ခွန်အားတွေပိုတိုးလာပါလိမ့်မယ်။ အရာရာတိုင်းဟာ တည်မြဲနေတာမဟုတ်လို့ အချိန်တန်ရင်တော့ ပြီးဆုံးသွားမှာပါ။ မေမေတို့ ခုချိန်မှာ စိုက်ထုတ်ခဲ့ရတဲ့ ခွန်အားတွေက မေမေတို့ကို သန်မာမှုတွေအဖြစ် ပြောင်းလဲသွားပြီး ကလေးတွေကြီးပြင်းလာတဲ့ မေမေတို့ရဲ့ ကြိုးစားမှုတွေအတွက် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေပါလိမ့်မယ်။

၂။ မေမေတို့ရဲ့ စိတ်ရှည်မှုတွေတိုးပွားလာပါလိမ့်မယ်

ဘေဘီလေးတစ်ယောက်ကို ပျိုးထောင်ရတာဟာ စိတ်ရှည်မှုအများကြီးလိုအပ်ပါတယ်။ အိပ်ရေးမဝတဲ့ညတွေမှာ တစ်ခြားလူတွေနဲ့မတူဘဲ စိတ်ရှည်ဖို့ ကြိုးစားရပါလိမ့်မယ်။ ကလေးတစ်ယောက်မွေးပြီးတိုင်း ကျွန်မတို့ရဲ့ စိတ်ရှည်သည်းခံမှုတွေဟာ ပိုတိုးလာတယ်လို့ ခံစားရပါလိမ့်မယ်။ ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ ဘဝအခြေအနေအတိုင်းအတွက် ဒီစိတ်ရှည်သည်းခံမှုက မေမေတို့နဲ့အတူ ရှိနေမှာပါ။ အိပ်မပျော်တဲ့ညတွေကို ဖြတ်ကျော်နိုင်တဲ့အခါ စိတ်ရှည်သည်းခံနိုင်ပြီး ဘာမဆိုလုပ်နိုင်ပါတယ်။

၃။ မေမေနဲ့ ကလေးတွေအကြားမှာ နှောင်ကြိုးတွေကို ပိုခိုင်မြဲစေတယ်

အိပ်မရတဲ့ညတွေမှာ မေမေတို့ကလေးရဲ့ မျက်နှာကို ကြည့်ပြီး အိပ်ချင်နေတဲ့မျက်လုံးတွေကို ထိန်းထားရင်း မေမေတို့ရဲ့ နှောင်ကြိုးတွေက ပိုမိုခိုင်မြဲလာပါလိမ့်မယ်။ ဒီအချိန်တွေဟာ အဖိုးတန်အချိန်တွေလည်း ဖြစ်လာနိုင်ပါတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ ကြီးပြင်းလာမှုတွေက မြန်လိုက်တာလို့ မေမေတို့မကြာခဏတွေးမိလာပါလိမ့်မယ်။

၄။ မေမေတို့ဟာ ပိုပြီးစာနာတတ်သူတွေဖြစ်လာပါလိမ့်မယ်

မေမေတို့မှာ ကလေးလေးတစ်ယောက်ရှိလာတဲ့အခါ ပိုပြီးကိုယ်ချင်းစာတတ်တဲ့သူတွေဖြစ်လာပါလိမ့်မယ်။ ကလေးတွေဘာတွေဖြစ်နေမှန်းမသိဘဲ ငိုကြွေးနေတဲ့ မေမေတို့ရဲ့ စာနာစိတ်တွေကလည်း ပိုတိုးလာပါလိမ့်မယ်။

၅။ ဇွဲလုံ့လရှိမှုကို တိုးပွားစေပါတယ်

ဒီအတွက်တော့ အထူးပြောစရာမလိုဘဲ အိပ်ရေးပျက်တဲ့ညတွေများလာတဲ့အခါ ဘယ်လိုခံနိုင်ရည်ရှိအောင် နေထိုင်ရမလဲဆိုတာကို ရွေးချယ်ရပါတယ်။ ကလေးလေးနဲ့ မေမေတို့အတွက် အချိန်မှန်အလုပ်တွေလုပ်နိုင်ဖို့ ကြိုးစားရပါမယ်။ ဒီလိုနဲ့ အိပ်ရေးပျက်ပေမယ့် ပုံမှန်အလုပ်တွေကို လုပ်နိုင်ပြီး ဇွဲရှိသူတစ်ယောက်ဖြစ်လာနိုင်သလို ကလေးငယ် အရွယ်ရောက်လာတဲ့အခါ အိပ်မပျော်တဲ့ညတွေကိုတောင် ပြန်လွမ်းလာနိုင်ပါတယ်။

၆။ မေမေတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ခြင်း

တစ်ခါတလေမှာ အိပ်မပျော်တဲ့ညတွေက မေမေတို့ရဲ့ တီထွင်ဖန်တီးမှုလှိုင်းတွေကို အံ့ဩစရာကောင်းလောက်အောင် ပျံ့နှံ့စေနိုင်ပါတယ်။ တီထွင်ဖန်တီးသူအများစုဟာ သူတို့ရဲ့ ဖန်တီးမှုတွေကို ညဘက်လူခြေတိတ်ချိန်မှာ ပိုလုပ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ညနက်ချိန်တွေဟာ အတွေးသစ်တွေပေါ်လာစေတာကြောင့်ဖြစ်ပါတယ်။

၇။ နှလုံးသားကို ပိုကျယ်ပြန့်လာအောင် လုပ်နိုင်ပါတယ်

အိပ်မပျော်ညတွေဟာ မေမေနဲ့ မေမေတို့ကလေးနှစ်ယောက်စလုံးအတွက် ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားရစေနိုင်ပါတယ်။ ညဘက်တွေမှာ ကလေးလေးကို ပိုမိုဂရုစိုက်မိတာနဲ့အမျှ သူတို့အရွယ်ရောက်လာတဲ့အခါ ကလေးတွေအပေါ် မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာဟာ ကြီးကျယ်ခမ်းနားစေပါလိမ့်မယ်။

Chit_May_May

Nyein_Thu

ref-sammyapproves

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here