ကလေးငယ်စဥ်ကတည်းက သင်ကြားပေးထားသင့်တဲ့ ဘဝတွက်တာအရည်အချင်းများ

0
4638
- Advertisement -

ဘဝတွက်တာအရည်အချင်းတွေဆိုတာဟာ ကလေးတွေရဲ့ ဘဝတစ်လျှောက်လုံး အသုံးပြုရမှာဖြစ်တဲ့ အဖိုးတန်သင်ခန်းစာတွေဖြစ်ပါတယ်။ သို့သော်လည်း ကလေးအများစုက သူတို့အထက်တန်းကျောင်းမရောက်သေးခင်အထိ လက်တွေ့မှာကြုံကြိုက်လာတဲ့ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို မသင်ကြားတတ်ကြပါဘူး။ ကလေးက ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိ စောင့်မနေဘဲနဲ့ ဘဝတွက်တာအရည်အချင်းတွေကို သင်ကြားပေးလိုက်ပါ။

၁။ ဆုံးဖြတ်ချက်ချတတ်တဲ့ အရည်အချင်း

မှန်ကန်သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်ခြင်းက ကလေးတိုင်း ငယ်စဥ်ကတည်းက သင်ကြားထားသင့်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ရေခဲမုန့်အရသာရွေးခိုင်းတာ၊ ခြေအိတ်အရောင်ရွေးတာ၊ ဘာနဲ့ကစားမှာဆိုတာမျိုးတွေလို အခြေခံကနေစပြီးတော့ သင်ကြားပေးပြီး ကျောင်းစနေတဲ့အရွယ်ရောက်ပြီဆိုရင် ဆုံးဖြတ်ချက်မှားလို့ နောက်ဆက်တွဲအခြေအနေတွေအကြောင်းကို စတင်သင်ကြားနိုင်ပါပြီ။

- Advertisement -

၂။ တစ်ကိုယ်ရည်သန့်ရှင်းမှု

ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ပတ်သက်လို့ ကလေးတွေသင်ကြားဖို့ဆိုတာ ဘယ်အရွယ်ရောက်မှ သင်ရမယ်ဆိုတာ မရှိပါဘူး။ နေ့တိုင်းမှန်မှန် ရေချိုးတာ၊ သွားတိုက်တာ၊ လက်ဆေးတာ၊ အတွင်းခံတွေလဲဝတ်တာ စသဖြင့် နေ့စဥ်ကိစ္စလေးတွေကို အမြဲတမ်းပြောပြပေးပါ။

၃။ အချိန်စီမံခန့်ခွဲတတ်မှု

မိသားစုတစ်ခုကို ထိန်းသိမ်းရာမှာ အချိန်စီမံခန့်ခွဲမှုက ဘယ်လောက်ထိအရေးပါလဲဆိုတာကို မိဘတိုင်းနားလည်သဘောပေါက်ကြသလို ထိုနည်းတူပဲ သားသမီးတွေလည်း အခုကတည်းက သင်ကြားထားဖို့ လိုအပ်ပါတယ်။ အချိန်ကိုဘယ်လိုတိုင်းတာရမလဲ၊ အချိန်မှန်မှန်ဘယ်လိုလုပ်ရလဲ၊ စသဖြင့် သင်ထားပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ ကျောင်း သို့မဟုတ် အလုပ်ခွင်ကို အချိန်မှီသွားတတ်အောင် သင်ကြားပေးရာရောက်ပါတယ်။

၄။ အစားအသောက်ပြင်ဆင်ခြင်း

ကြယ်ငါးပွင့်အဆင့်မှီအစားအသောက်တွေကို ပြင်ဆင်ရမယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ သို့သော်လည်း ဆန်းဒဝှစ်ချ် သို့မဟုတ် ဟမ်ဘာဂါတို့လို လွယ်ကူတဲ့ အစားအသောက်လေးတွေကို သူတို့ဘာသာ သူတို့ပြင်တတ်အောင် သင်ကြားပေးနိုင်ပါတယ်။

၅။ ငွေကြေးစုဆောင်းခြင်း

ရေတွက်တတ်အောင်၊ အခြေခံသင်္ချာတွေကို သင်ပေးသလိုမျိုးပဲ လက်ထဲရောက်လာတဲ့ ပိုက်ဆံကို စနစ်တကျနဲ့ ဥာဏ်ပညာရှိရှိ ကိုယ်တွယ်အသုံးပြုတတ်အောင်၊ စုဆောင်းတတ်အောင် သင်ကြားပေးခြင်းဖြင့် အလကားမရနိုင်ဘူးဆိုတာကိုပါ သင်ကြားပေးရာရောက်ပါတယ်။

၆။ သန့်ရှင်းရေးပြုလုပ်ခြင်း

ကလေးရဲ့အသက်အရွယ်နဲ့သင့်တော်တဲ့ အိမ်မှုကိစ္စလေးတွေ ကူလုပ်ခိုင်းပြီး အိမ်အလုပ်တွေလုပ်စေတာက နောက်တစ်ချိန် ကျောင်းတက်ဖို့သွားတဲ့အခါ သူတို့ဘာသာသူတို့ အိမ်ရဲ့ဝေယျာဝစ္စတွေကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ အိပ်ရာသိမ်းတာ၊ ပန်းကန်ဆေးတာ၊ ဖုန်သုတ်တာ စသဖြင့် အသေးအဖွဲလေးကနေ စတင်နိုင်ပါတယ်။

#Chit_May_May

#Thinzar

Ref- verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here