သားသားမီးမီးလေးတွေက ကားမူးတတ်တယ်ဆိုရင် မေမေတို့အနေနဲ့ စိတ်ညစ်ရမှာပါ။ သူတို့လေးတွေကို ကားမမူးအောင် ကာကွယ်ပေးရခြင်းက အားလပ်ရက်တွေ ခရီးထွက်တဲ့အခါ မိဘတွေအတွက် ဦးစားပေးအလုပ်တစ်ခု ဖြစ်မှာပါ။ ဒီမူးတတ်တဲ့ရောဂါကို motion sickness လို့လည်းခေါ်ပြီး ကား၊ လှေ၊ ရထား (သို့) လေယာဉ်တွေ ကဲ့သို့သော သယ်ယူပို့ဆောင်ရေးယာဉ်ဖြင့် ခရီးသွားတဲ့အခါ ဖြစ်ပေါ်ပါတယ်။
ဒီအခြေအနေက ကလေးဘဝတစ်လျှောက်လုံးမှာ ဆက်ရှိနေနိုင်ပြီး အသက် ၁၂နှစ်အထိ ကြာရှည်နိုင်ပါတယ်။ အရွယ်ရောက်လာချိန်မှာတော့ တဖြည်းဖြည်း ပျောက်သွားတတ်ပါတယ်။ ပိုကြာတဲ့ ခရီးစဉ်တွေမှာ ဖြစ်နိုင်ခြေပိုများပေမယ့် ခရီးတိုတွေမှာလည်း အစပျိုးနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေမှာ ဖြစ်လေ့ရှိသော ကားစီးရင် မူးတတ်တဲ့ရောဂါကို ကာကွယ်ဖို့အတွက် အကြံပြုချက် (၁၀)ချက်ကို မျှဝေပေးလိုက်ပါတယ်။
ကလေးတွေကို ကားမူးရောဂါ မဖြစ်အောင် ကာကွယ်နိုင်သလား?
ကားမူးခြင်းဟာ ဦးနှောက်က မျက်လုံး၊ အဆစ်တွေရဲ့ အာရုံကြောတွေနဲ့ ကြွက်သားတွေကဲ့သို့သော ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပို်ငးတွေကနေ၊ အတွင်းနားကနေ ပုံမှန်မဟုတ်၊ ကွဲလွဲတဲ့ သတင်းအချက်အလက်တွေကို လက်ခံရရှိတဲ့အခါ ဖြစ်ပေါ်လာသော အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါက ခန္ဓာကိုယ်မှ လက်ခံထားသော အနေအထားနှင့်လည်း မသက်ဆိုင်သလို (ဟန်ချက်အတွက် တာဝန်ရှိသော) နားအတွင်းပိုင်းမှ သိမြင်တဲ့ အရှိန်နှင့်လည်း မသက်ဆိုင်ဘဲ မျက်စိကနေ ရရှိတဲ့ လှုပ်ရှားမှုရဲ့ အာရုံကြောင့် ဖြစ်ပေါ်ပါတယ်။ ဒါကို ကလေးတိုင်း မခံစားရပေမယ့် မျိုးရိုးလိုက်တဲ့ အကြောင်းရင်းတွေက ဒီရောဂါဖြစ်ပွားမှုရဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
Motion sickness ရဲ့လက္ခဏာများ
အချို့ကလေးတွေမှာ အသက် ၁၂နှစ်အထိ ကြာတတ်ပေမယ့် အသက် ၃နှစ်အောက် ကလေးငယ်တွေမှာ အလွန်သိသာထင်ရှားပါတယ်။
- ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
- ချွေးစေးပြန်ခြင်း
- သန်းဝေခြင်း
- ခေါင်းမူးခြင်း
- သွားရည်ကျခြင်း
- ပျို့အန်ခြင်း တို့ဖြစ်ပေါ်ပါတယ်။
ကလေးငယ်တွေကို ကာမူးခြင်းကနေ ကာကွယ်ဖို့ ဒီအချက် (၁၀)ချက်ကို သိထားပါ
Motion sickness ကိုရှောင်ရှားနိုင်ပါတယ်။ မေမေတို့ ကလေးက ကား၊ ဘတ်စ်ကားပေါ်မှာ (သို့) ရထားစီးတဲ့အခါ မူးဝေအော့အန်တာကို မကြာခဏ ခံစားရလေ့ရှိရင် ဒီစိတ်အနှာက်အယှက်ဖြစ်စရာ လက္ခဏာတွေကို ကာကွယ်ဖို့ အောက်ဖော်ပြပါ အကြံပြုချက်တွေကို ထည့်စဉ်းစားပါ။
၁။ ကားမစီးခင်မှာ ကလေးရဲ့ အစားအသောက်ကို သတိထားပါ
ကားပေါ်မတတ်ခင်မှာ ကလေးကို အစားအသောက်တွေ အများကြီး မကျွေးသင့်သလို ပြန်အန်မှာစိုးလို့ဆိုပြီး ဘာမှမကျွေးဘဲနှင့်လည်း ခရီးမသွားပါနဲ့။ နှစ်ခုစလုံးက motion sickness ဖြစ်နိုင်ချေရှိပါတယ်။ ဒီတော့ သင့်တင့်တဲ့ ပမာဏ ကလေးကို ကျွေးဖို့လိုအပ်ပါတယ်။ ကိုယ်ကျွေးလိုက်တဲ့အစားအစာက အလွန်စပ်တာ၊ အဆီများတာ၊ အက်စစ်ဓါတ်နဲ့ အနံ့ပြင်းသော အစားအစာတွေမဖြစ်ဖို့လည်း အရေးကြီးပါတယ်။
ခရီးစဉ်မစခင်မှာ အစားအစာတစ်ခုခုကျွေးထားပါ။ ဂျင်း၊ သံပုရာသီး၊ သကြားလုံးတွေက ပျို့အန်ခြင်းကို တားဆီးပေးပါတယ်။ ခရီးရှည်သွားပါက ရပ်နားရတဲ့အခါ သစ်သီးတွေ၊ အသီးအရွက်တွေ၊ ပေါင်မုန့်တွေကို ကျွေးနိုင်ပါတယ်။

၂။ ကလေးရဲ့ ထိုင်ခုံအနေအထားနဲ့ တည်နေရာကို ချိန်ညှိပါ
ကားမူးခြင်းကို လျှော့ချလိုပါက ယာဉ်ရှိ ကလေးရဲ့ တည်နေရာက အဓိကဖြစ်ပါတယ်။ ကားခေါင်းခန်းထိုင်ခုံက ကားမူးတာ အနည်းဆုံးလို့ ဆိုပေမယ့် ကလေးငယ်တွေဟာ အရပ် ၄ပေ၊ ၅လက်မခန့်ရှိတဲ့အထိ( ဆိုလိုတာက အသက် ၁၂နှစ်အရွယ်အထိ) ရှေ့ထိုင်ခုံမှာ မစီးနိုင်ကြောင်းကို သတိထားပါ။ သူတို့အတွက် လောလောဆယ် နောက်ထိုင်ခုံ အလယ်မှာ စီးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။

၃။ ကားအတွင်း လေဝင်လေထွက်ရှိပါစေ
အပူရှိန်က ကားထဲမှာ မူးဝေခြင်းကို ပိုဆိုးစေပါတယ်။ ဒါ့ကြောင့် လေဝင်လေထွက်ကောင်းစေဖို့ ပြတင်းပေါက်တွေ ဖွင့်ထားရန် အကြံပြုလိုပါတယ်။ အထူးသဖြင့် ကားမူးတဲ့ လက္ခဏာတွေ စတင်လာတဲ့အခါမှာပါ။ လေအေးပေးစက်ကို ဖွင့်ထားပါက ၇၀ မှ ၇၄ ဒီဂရီ ဖာရင်ဟိုက်ကြားကို အကြံပြုလိုပါတယ်။
နွေရာသီမှာ ခရီးသွားမယ်ဆိုရင် ကလေးအတွက် နူးညံ့ပြီး သက်တောင့် သက်သာရှိတဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ၊ ခရီးစဉ်အတွင်း အဝတ်လဲရမယ်ဆိုရင် ချွတ်ရလွယ်တဲ့ အဝတ်အစားတွေကို ဝတ်ပေးဖို့ မမေ့ပါနဲ့။
၄။ ခရီးစဉ်အတွင်း ကလေးကို အာရုံပြောင်းပေးထားပါ
ကလေးတေးသီချင်းလေးတွေ ဖွင့်ပေးထားပါ။ ကလေးကို သီချင်းလိုက်ဆိုဖို့ အားပေးပါ။ ရယ်စရာကောင်းတဲ့ ပုံပြင်လေးတွေ ပြောပြပေးပါ။ ပဟေဠိလေးတွေ ဖန်တီးခြင်းနဲ့ သူတို့နှစ်သက်တဲ့ အရုပ်တွေကို ယူလာပေးနိုင်ပါတယ်။

၅။ သတိထားမောင်းပါ
ကားမောင်းတဲ့ နည်းလမ်းက ကားမူးရောဂါကို သိသိသာသာ လွှမ်းမိုးပါတယ်။ ယာဉ်မောင်းက ညှင်သာစွာ မောင်းနှင်သင့်ပြီး ရုတ်တရက် အရှိန်မြင့်ခြင်း (သို့) ရုတ်တရက် ဘရှိတ်အုပ်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ လမ်းမှာ အကွေ့အကောက်တွေများရင် သတိထားမောင်းသင့်ပါတယ်။
၆။ အနည်းငယ်ရပ်နားပါ
ခရီးရှည်ထွက်မယ်ဆိုရင် ကလေးတွေကို လေကောင်းလေသန့်ရှုနိုင်ပြီး ခြေထောက်ဆန့်နိုင်စေဖို့ ၂နာရီ (သို့) ၃နာရီတိုင်း မကြာခဏ ရပ်နားပေးတာက အကောင်းဆုံးပါပဲ။ ဒါ့အပြင် ဒီအချိန်မှာ အစားအစာကျွေးတာမျိုး၊ ရေတိုက်တာမျိုး လုပ်နိုင်ပါတယ်။
၇။ screens အသုံးပြုခြင်းကို ရှောင်ပါ
ကားနဲ့ ခရီးသွားနေချိန်မှာ တက်ဘလက်တွေ (သို့) ဆဲလ်ဖုန်းတွေ အသုံးပြုခြင်းက ကားမူးနိုင်ခြေကို တိုးစေပါတယ်။ ဒါ့ကြောင့် ကလေးဟာ စာဖတ်ခြင်း(သို့) ဗီဒီယိုဂိမ်းကစားခြင်းကဲ့သို့သော အနီးနားရှိ အရာဝတ္တုတွေပါ်မှာ သူတို့မျက်လုံးတွေကို fix လုပ်ရတဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အကောင်းဆုံးကတော့ တိမ်တွေ ဒါမှမဟုတ် တောင်တွေလိုမျိုး အဝေးကရှုခင်းတွေကို ကလေးတွေ အာရုံစိုက်နိုင်အောင် ကြိုးစားသင့်ပါတယ်။

၈။ ခရီးရှည်တွေအတွက် သင့်လျော်တဲ့အချိန် ခရီးသွားပါ
ပူအိုက်တဲ့ ရာသီဥတုမှာ မနက်ပိုင်း (သို့) ညဘက်ခရီးသွားတာက အကောင်းဆုံးပါပဲ။ ဒီအချိန်တွေက ကလေးကို အိပ်ချင်စေမှာ ဖြစ်ပါတယ်။ ကလေးအိပ်ပျော်နေချိန်မှာ ကားမူးနိုင်ခြေမရှိပါဘူး။
၉။ ကလေးက ရေဓါတ်ပြည့်ဝနေပါစေ
ရေသောက်ခြင်းက ကားမူးတာကို ကာကွယ်နိုင်တာကြောင့် ကားစီးနေချိန်မှာ ကလေးဟာ ရေဓါတ်ရှိနေဖို့ လိုအပ်ပါတယ်။ အချိုရည်တွေ၊ ကဖိန်းဓါတ်ပါတဲ့ ဖျော်ရည်တွေ တိုက်ကျွေးတာမျိုး ရှောင်ပါ။
၁၀။ ကလေးဆရာဝန် ညွှန်ကြားချက်ဖြင့်သာ ဆေးတိုက်ပါ
ကားမူးခြင်းကို ကာကွယ်ပေးတဲ့ ဆေးဝါးအချို့ရှိပေမယ့် သူတို့က ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပြီး ကလေးငယ်တွေကို ငိုက်မျဉ်းတာမျိုး၊ အားနည်းပြီး မူးနောက်နောက်ဖြစ်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်သင့်ပြီး သူတို့နှင့် သင့်လျှော်တဲ့ ဆေးကိုသာ တိုက်သင့်ပါတယ်။ ကလေးက ကားမူးနေရင် ကားကိုရပ်ပြီး မျက်လုံးမှိတ်ခိုင်းထားပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ပက်လက်လှဲလျောင်းခိုင်းတာက သင့်တော်ပါတယ်။ ဝေဒနာတွကို သက်သာစေဖို့ သူတို့ရဲ့ နဖူးပေါ်မှာ အအေးအိတ် ကပ်ပေးထားနိုင်ပါတယ်။
ကလေးအတွက် အလွယ်တကူ လဲလှယ်နိုင်တဲ့ အဝတ်အစားတွေ ယူသွားဖို့ မမေ့ပါနဲ့။ ကလေးက အော့အန်ချင်စိတ် ခံစားနေရရင် ပလပ်စတစ်အိတ်နဲ့ သန့်စင်ဖို့ တစ်ရှူးတွေ အသင့်ယူထားဖို့ အရေးကြီးပါတယ်။ ဒီနည်းဖြင့် ကြီးကြီးမားမား အဆင်မပြေမှု မရှိဘဲ ခရီးဆက်နိုင်မှာ ဖြစ်ပါတယ်။
Chit_MayMay
Nandar
ref- youaremom