ကလေးငယ်တွေကို မဖြစ်မနေသင်ကြားပေးသင့်တဲ့ တန်ဖိုးများအကြောင်း

0
1279
- Advertisement -

သားသားမီးမီးတွေ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်အတူ တာဝန်ယူလုပ်နိုင်စွမ်းတဲ့ သူတွေ ဖြစ်လာစေဖို့ မိဘတွေ သွန်သင်ပေးထားရမယ့် တန်ဖိုးအများအပြား ရှိပါတယ်။ မိဘတွေဟာ ကလေးရဲ့ပညာရေးမှာ ရှေ့ဆောင်လမ်းပြပေးရတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ကလေးတစ်ဦး လူလားမြောက်လာပြီဆိုရင် အမှားကနေ အမှန်ကို ဆုံးမသွန်သင်ပေးဖို့အတွက် တာဝန်ရှိသူတွေဟာ မိဘတွေပဲ ဖြစ်ပါတယ်။

ကလေးတွေဟာ နှစ်ပေါင်းများစွာ သင်ယူမှုတွေ ဆက်တိုက် ပြုလုပ်ကြပေမယ့်လည်း မိဘတွေသင်ကြားပေးတဲ့ ကောင်းမွန်တဲ့သိနားလည်ခြင်းတွေကသာ တကယ့်ကို အရေးပါတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးကို ဘယ်လိုမျိုးတွေကို အဓိကထားသင်ကြားပေးသင့်သလည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရိုးသားမှု

- Advertisement -

လူတယောက်ရဲ့ ကိုယ်ကျင့်တရားကို ထိုသူရဲ့ ရိုးသားမှုရှိခြင်းဆိုတဲ့အရာနဲ့ တိုင်းတာနိုင်ပါတယ်။ ရိုးသားမှုဟာ ကလေးဘဝ အစောပိုင်းကတည်းက သင်ယူရမယ့် တန်ဖိုးတခုဖြစ်ပါတယ်။ မေမေတို့ကလေးကို ရိုးသားမှုက အရေးကြီးတယ်ဆိုတာ သင်ပေးပါ။ ဒီလိုမှမဟုတ်ရင် တချိန်ချိန်မှာ အပြစ်ပေးမခံရအောင် သူတို့လုပ်ရပ်တွေကို ဖုံးကွယ်တာ ဒါမှမဟုတ် လိမ်ပြောတာကို ရွေးချယ်လာနိုင်ဖွယ် ရှိပါတယ်။

၂။ သည်းခံနားလည်မှု

သည်းခံစိတ်က တကယ့်ကို အရေးပါတဲ့ တန်ဖိုးတစ်ခုဖြစ်ပါတယ်။ ကလေးတွေကို မတူညီတဲ့ အမြင်တွေ၊ ယဉ်ကျေးမှုတွေ၊ လူမျိုးနှင့် ဘာသာတရားတွေကို နားလည်လက်ခံစေတာကြောင့် သည်းခံနားလည်မှုက အရေးပါပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ လူ့ဆက်ဆံရေးက လူတိုင်းမှာ မတူညီဘူးဆိုတာတော့ ကလေးတွေ သိနားလည်ထားအောင် ပြောပြထားဖို့လည်း လိုပါတယ်။

၃။ တာဝန်ယူမှု

အရာရာတိုင်းက အကောင်းနဲ့အဆိုးဒွန်တွဲနေကြောင်း သူတို့ နားလည်စေတဲ့အပြင် လူတိုင်းမှာ ကိုယ့်ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူမှုရှိရမယ်ဆိုတဲ့အကြောင်းကို မေမေတို့ ကလေးတွေကို သင်ကြားပေးနိုင်ပါတယ်။

၄။ လေးစားမှု

သားသားမီးမီးတွေကို ပထမဆုံးသင်ပေးရမယ့် တန်ဖိုးတစ်ခုက လေးစားမှု ဖြစ်ပါတယ်။ ဒီသူတော်ကောင်းတရားက လူ့မှုအသိုင်းအဝိုင်းတစ်ခုအဖြစ် အတူယှဉ်တွဲနိုင်စေဖို့ လူသားတွေအတွက် မရှိမဖြစ် အရေးပါပါတယ်။ လူကြီးမိဘတွေရဲ့စကား၊ အစ်ကိုအစ်မတွေရဲ့စကားကို လေးစားတတ်သူဖြစ်စေဖို့ သိတတ်စအရွယ်ကတည်းက သင်ပေးထားရမယ့် တန်ဖိုးတစ်ခုဖြစ်ပါတယ်။

၅။ ကြင်နာမှု

ကြင်နာမှုက မိသားစုဆက်ဆံရေးကဲ့သို့ လူမှု့ဆက်ဆံရေးကို ခိုင်မာစေတဲ့ အရည်အသွေးတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးတွေဟာ တခြားတစ်ယောက်ကို ကြင်နာတတ်သူဖြစ်ဖို့ သင်ယူသင့်ပါတယ်။ အကူအညီလိုနေတဲ့ သူငယ်ချင်းတစ်ယောက်ကို ကူညီတာ အားပေးခြင်းလိုမျိုး ဂရုစိုက်မှုကို သူတို့ဖာသာ လေ့ကျင့်ဖို့ ကလေးတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ ကလေးတွေကို ကြင်နာဖို့ သင်ပေးတဲ့အခါ အရေးအပါဆုံးကတော့ သူတို့ စံထားရတဲ့ မိဘတွေ ဖြစ်ပါတယ်။ တကယ်လို့ မိဘတွေက လုံလုံလောက်လောက် ဂရုမစိုက်ရင် ကလေးတွေ အရွယ်ရောက်တဲ့အခါ ကြင်နာတတ်ဖို့က ခက်ခဲသွားတတ်ပါတယ်။

၆။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု

ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်တဲ့ တန်ဖိုးထားမှု ရှိခြင်းဟာ ကလေးတွေရဲ့ တစ်စိတ်တပိုင်းအတွက် အရေးကြီးပါလိမ်မ့ယ်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုက ဖိအားတွေ ၊အခက်အခဲတွေ အများကြီးမရှိဘဲ နေထိုင်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် ကလေးဟာ သူတို့ကိုယ်သူတို့လက်ခံဖို့နှင့် တခြားသူတွေဆီက မကောင်းတဲ့အပြုအမှုတချို့ကို လက်မခံဖို့ သင်ယူရပါမယ်။

၇။ ပူးပေါင်းဆောင်ရွက်မှု

ကလေးတွေကို ပူးပေါင်းဆောင်ရွက်မှု သင်ပေးခြင်းက လိုအပ်လာတဲ့အခါ အဖွဲ့လိုက်လုပ်ဆောင်တတ်စေဖို့ အားပေးအားမြှောက်ဖြစ်စေပါတယ်။ သူတို့ရဲ့ပန်းတိုင်ကို ပြီးမြောက်စေဖို့၊ အဖွဲ့နဲ့ပူးပေါင်းဖို့ သင်ယူခြင်းဟာ သူတို့ဘဝမှာ တခြားတယောက်ကို ကူညီပေးရတဲ့ လက်တစုံဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သိလာပါလိမ့်မယ်။

၈။ ခွင့်လွှတ်မှု

အမှားတွေကို ဝန်ခံ၊ တောင်းပန်ဖို့နှင့် ခွင့်လွှတ်တတ်ဖို့ သင်ယူခြင်းက မရှိမဖြစ် အရည်အသွေးတွေ ဖြစ်ပါတယ်။ ခွင့်လွတ်ခြင်းရဲ့ အဓိပ္ပာယ်ကို ဆွေးနွေးခြင်းက ခွင့်လွတ်ခြင်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကို သူတို့တဖြည်းဖြည်းနားလည်လာပါလိမ့်မယ်။ ဒါ့ကြောင့် အနာဂတ်မှာ တခြားသူတွေကို ထိခိုက်စေတဲ့ ခံစားချက်တွေကို သိုဝှက်မထားဘဲ၊ အာဃာတမထားဘဲရှောင်ရှားပြီး သူတို့ရဲ့ဘဝကို အကောင်းမွန်ဆုံး ထုဆစ်ပုံဖော်သွားနိုင်ပါလိမ့်မယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here