ကလေးငယ်တွေကို အပြစ်ပေးတော့မယ်ဆိုရင် သိနားလည်ထားရမယ့်အချက်များ

0
607
- Advertisement -

မိဘတိုင်းက ကိုယ့်ရဲ့သားသမီးကို ကောင်းစေချင်တဲ့ဆန္ဒနဲ့ ကလေးတွေအမှားလုပ်တဲ့အခါမျိုးမှာ အပြစ်ပေးတတ်ကြပါတယ်။ ဒါပေမယ့် အကြိမ်အများစုမှာတော့ လူကြီးတွေဟာ သူတို့ရဲ့စိတ်ခံစားချက်ကိုကောင်းစွာမထိန်းချုပ်နိုင်တာကြောင့် ကလေးနဲ့ထိုက်တန်တဲ့ အပြစ်ထက်ပိုပြီး အပြစ်ပေးမိသလိုဖြစ်တတ်ကြပါတယ်။ ဒီလိုမှားယွင်းတဲ့ အပြစ်ပေးမှုတွေက ကလေးတယောက်ရဲ့ ကောင်းမွန်စွာဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ထိခိုက်စေတာကြောင့် ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကို မပျက်စီးစေပဲ အပြစ်ကိုသိရှိစေနိုင်တဲ့နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိရင် အပြစ်မပေးသင့်ပါဘူး

အချိန်အများစုမှာ ကလေးငယ်တွေဟာ အခြားသူတွေကို ထိခိုက်စေဖို့အတွက် ကြိုးစားတာမဟုတ်ပဲ စူးစမ်းရှာဖွေလိုတဲ့ စိတ်ဆန္ဒနဲ့ တခုခုကို ပြုလုပ်တတ်ကြပါတယ်။ တကယ်လို့ သူတို့သင်ယူဖို့၊ သိနားလည်ဖို့ကြိုးစားတဲ့ အရာကမှားယွင်းနေတယ်ဆိုရင်တောင်မှ မိဘတွေက ပံ့ပိုးပေးဖို့လိုပါတယ်။ ယခုလိုမှားယွင်းမှုကြောင့် ကြုံလာမယ့် အခြေအနေတစ်ခုအပေါ်မူတည်ပြီး အမှန်ဖြစ်လာအောင်နဲ့ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သင်ပြပေးရပါမယ်။ ဒီလိုမတော်တဆမှုတခုအတွက် ကလေးကိုအပြစ်ပေးမယ်ဆိုရင်တော့ သူတို့ကြီးပြင်းလာတဲ့အခါ မပြတ်သားတဲ့သူအဖြစ် ကြီးပြင်းလာတတ်ပါတယ်။

အကြံပြုခြင်းနဲ့ အမိန့်ပေးခြင်းဟာ ကွဲပြားပါတယ်

ယခုလိုအခြေအနေတွေကို stereotypical actions ပုံစံသွင်းခြင်း လို့ခေါ်ပါတယ်။ မိဘတွေအများစုကတော့ ရှေးရိုးစွဲအုပ်ထိန်းမှုတွေက ကလေးတယောက်ကို မှန်ကန်စွာကြီးပြင်းစေမယ့်နည်းလမ်းလို့ ယုံကြည်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေရဲ့ မိဘတွေကိုယ်တိုင်ကလည်း ယခုလိုနည်းလမ်းတွေနဲ့ ကြီးပြင်းစေခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတယောက်က ကျောင်းမသွားချင်ဘဲ ကစားနေတယ်ဆိုရင် ကစားမနေနဲ့တော့ ကျောင်းသွားဆိုတဲ့ အမိန့်ဆန်တဲ့ စကားမျိုးထက် ကျောင်းသွားရတော့မှာမို့ ကျောင်းကပြန်လာမှ ဆော့နော် ပြောတာမျိုးက အကြောင်းအရာတူပေမယ့် အဓိပ္ပာယ်တော့မတူပါဘူး။

တကယ်လို့ ခံစားချက်ကြံ့ခိုင်ပြီး တည်ငြိမ်တဲ့ကလေးတယောက်ဆိုရင်တော့ ဒီလိုအမိန့်ဆန်တဲ့စကားမျိုးက သူ့အတွက် သိပ်မနာကျင်နိုင်ပေမယ့် ဝမ်းနည်းထိရှလွယ်တဲ့ကလေးတယောက်ဆိုရင်တော့ ခံစားချက်ပိုင်းဆိုင်ရာ နာကျင်နိုင်ပါတယ်။ ဒီလိုအမိန့်တွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးတယောက်ဟာ ကြီးပြင်းလာချိန်ကြရင်လည်း သူတို့ရဲ့အထက်အရာရှိဖြစ်စေ၊ သူတို့လေးစားရတဲ့သူဘဲဖြစ်စေ အဲဒီလိုလူတွေရဲ့ အမိန့်အတိုင်း မှားမှားမှန်မှန် လိုက်လုပ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အထိခိုက်မခံလိုတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အမှန်၊ အမှားခွဲခြားမဆုံးဖြတ်ဘဲ ပြောတဲ့အတိုင်းလုပ်ပစ်လိုက်တာမျိုးကြောင့် မကောင်းတဲ့အကျိုးရလဒ်တွေသာ ပိုပြီးကြုံတွေ့လာရနိုင်ပါတယ်။

အပြစ်ပေးတဲ့အခါ စိတ်ခံစားချက်မထည့်ပါနဲ့

တကယ်လို့ ကလေးတယောက်က မိဘပြောတဲ့စကားကို မနာခံချင်ဘူးဆိုရင် မိဘတွေဟာ ကလေးကိုအရမ်းချစ်ရင်တောင်မှ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ အရမ်းကိုဒေါသထွက်လာတတ်ပါတယ်။ ကလေးအပေါ်ထားရှိတတ်တဲ့ကြီးမားတဲ့မျှော်လင့်ချက်တွေကြောင့်လည်း မကြာခဏဖြစ်လေ့ရှိပါတယ်။ ကလေးကအမေးအမြန်းထူတယ်၊ မနာခံတတ်ဘူးဆိုပြီးအတင်းအကြပ်ပုံသွင်းတာမျိုးကိုလည်း ရှောင်ကြဉ်ဖို့လိုပါတယ်။ တကယ်လို့ကလေးတယောက်က ပုံစံသွင်းလွယ်သူတယောက်ဆိုရင် သူတို့ရဲ့အနာဂတ်မှာပြဿနာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားသူတွေရဲ့ ပုံသွင်းမှုကို အလွယ်တကူခံရနိုင်ပြီး
အခြားသောသူတွေရဲ့ အသုံးချခံပုံစံမျိုးတွေဖြစ်သွားတတ်တဲ့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။

လူကြားထဲ အပြစ်မပေးပါနဲ့

လူကြားထဲ အပြစ်ပေးခြင်းဟာ ကလေးငယ်တွေကို အရှက်ရစေပြီးစိတ်တိုစေပါတယ်။ ဒါ့အပြင် လူကြားထဲမှာ အရမ်းကြီးချီးကျူးလွန်းရင်လည်း ကလေးဟာ မာနထောင်လွှားတဲ့စိတ်ဝင်သွားတတ်ပါတယ်။ လူကြားထဲမှာ အရှက်ခွဲခံရတဲ့ ကလေးတစ်ယောက်ဟာ ရှက်ရွံ့သိမ်ငယ်စိတ်တွေဝင်သွားပြီး ပတ်ဝန်းကျင်ကိုလိုတာထက်ပို စိုးရိမ်နေတတ်ပါတယ်။ သူတို့ကြီးပြင်းလာတဲ့အခါမှာလည်း အမှားလုပ်မိမှာစိုးတဲ့အတွက် အရာရာကိုမဝံ့မရဲဖြစ်ကာ ဘယ်အရာကိုမှဦးစီးဦးဆောင် မလုပ်တတ်တော့တဲ့လူတွေဖြစ်လာတတ်ပါတယ်။

အပြစ်ပေးဖို့ သတိပေးထားပြီးရင် အပြစ်ပေးသင့်ပါတယ်

ကလေးငယ်တွေကို အပြစ်ပေးဖို့အတွက် သတိပေးပြောဆိုထားပြီးရင် ပြောဆိုထားတဲ့အတိုင်းအပြစ်ပေးသင့်ပါတယ်။ ပြောထားပြီးတကယ်မလုပ်ရင် ကလေးရဲ့စိတ်မှာ မိဘကိုလေးစားမှုလျော့ကျသွားနိုင်ပါတယ်။ ဒါ့အပြင် အပြစ်လုပ်မိခြင်းနဲ့ အပြစ်ရဲ့အကျိုးဆက်ကို မခံစားမိတော့တဲ့အတွက် အမှန်အမှား၊ လုပ်သင့်မလုပ်သင့်ဆိုတာမျိုးကို မခွဲခြားတော့ဘဲ သူတို့စိတ်ထင်ရာအတိုင်းလျှောက်လုပ်တတ်တဲ့ လူစားမျိုးတွေဖြစ်လာတတ်ပါတယ်။

အရင်ကအမှားတွေအတွက် အပြစ်မပေးသင့်ဘူး

ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် မိဘတွေသိထားသင့်တဲ့အရာက အပြစ်ပေးခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ မေ့ပစ်ခြင်းဖြစ်ပါတယ်။ တကယ်လို့ကလေးတယောက်ဟာ သူအရင်ကလုပ်ခဲ့တဲ့အမှားအတွက် အပြစ်ပေးခံရတဲ့အခါ ကြံ့ခိုင်တဲ့ကလေးတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အပြစ်ပေးမယ်ဆိုရင် လက်ရှိကျူးလွန်တဲ့အပြစ်အတွက်သာ အပြစ်ပေးသင့်ပြီး ဟိုအရင်ကလုပ်ခဲ့တဲ့အပြစ်တွေကိုပါ ဆွဲခေါ်ပေါင်းထည့်ပြီး အပြစ်ပေးတာမျိုးကို ရှောင်ကြဉ်ရပါမယ်။

ပြစ်မှုနဲ့ ပြစ်ဒဏ်ဟာ မျှတရပါမယ်

အပြစ်ပေးတဲ့ စနစ်ဟာ ရှင်းလင်းပြီး မျှတရပါမယ်။ ဒါ့အပြင် ကလေးရဲ့အသက်အရွယ်ကို ချင့်ချိန်ပြီး သင့်တော်တဲ့အပြစ်ပေးမှုမျိုးလည်းဖြစ်ရပါမယ်။ ဘယ်လိုအမှားမျိုးကို၊ အပြစ်မျိုးကိုဘဲလုပ်လုပ် တူညီတဲ့အပြစ်ဒါဏ်ကို ခံရမယ်ဆိုရင်တော့ ကလေးငယ်ဟာ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားတန်ဖိုးကို တည်ဆောက်နိုင်တော့မှာမဟုတ်ပါဘူး။

ဆိုးရွားတဲ့ စကားလုံးတွေနဲ့ မပြောဆိုပါနဲ့

“ဒါလေးတောင်မသိဘူးလား” ၊ အသုံးကိုမကျဘူး၊ ဒီလောက်တောင်တုံးရသလား အစရှိတဲ့ စကားလုံးတွေဟာ မိဘတွေဒေါသအလျှောက်ပြောဆိုမိတတ်တဲ့ စကားလုံးတွေဘဲဖြစ်ပါတယ်။ ဒါဟာ ကလေးငယ်တွေရဲ့ အပြစ်ကိုသိရှိနားလည်မသွားစေတဲ့အပြင် အထိခိုက်မခံနိုင်တဲ့ကလေးတွေဆိုရင် ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုလည်း လျော့ကျသွားစေနိုင်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ စိတ်ဆိုးဒေါသထွက်တဲ့အခါမျိုးမှာ ဆိုးရွားတဲ့စကားမျိုးတွေနဲ့ မပြောဆိုမိစေဖို့နဲ့ “စကားနောက် တရားပါ” ဆိုတဲ့ စကားပုံကို မမေ့လျော့စေဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here