ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်များအတွက် ဆိုရှယ်မီဒီယာများရဲ့ အကျိုးကျေးဇူးနဲ့ အန္တရာယ်များ

0
160
- Advertisement -

လူမှုမီဒီယာများသည် အခြားသောသူများနဲ့ ချိတ်ဆက်ဖို့၊ သတင်းအချက်အလက်များကို ဝေမျှဖို့၊ လူမှုကွန်ရက်များဖွဲ့စည်းဖို့ စတာတွေအတွက် လူသုံးများကြတဲ့ အွန်လိုင်းပလက်ဖောင်းအသုံးအနှုန်းတခုဘဲဖြစ်ပါတယ်။ အဖွဲ့လိုက်စုစည်းဆော့ကစားရတဲ့ အွန်လိုင်းဂိမ်းတွေကလည်း လူငယ်များအတွက် အရေးပါတဲ့ ဆိုရှယ်မီဒီယာတွေဖြစ်လာပါတယ်။ ဂိမ်းကစားနေစဉ်အတွင်း အခြားသောကစားသမားများနဲ့ ဆက်သွယ်စကားပြောဆိုကြပြီး ကလေးငယ်များနဲ့ ဆယ်ကျော်သက်များအတွက်တော့ အခြားသောသူများနဲ့ စုဖွဲ့ပြီး အဖွဲ့အစည်းစိတ်ဓါတ်ကို လေ့လာသင်ယူဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာများရဲ့ အကျိုးကျေးဇူးများ

ဆိုရှယ်မီဒီယာများသည် ဆယ်ကျော်သက်များနဲ့ ကလေးသူငယ်တွေအတွက် လူမှုရေးနဲ့ ဖန်တီးနိုင်မှုစွမ်းရည်တွေအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်ဆိုတာတော့ လက်သင့်ခံရမှာဘဲဖြစ်ပါတယ်။ သူတို့ဟာ ဆိုရှယ်မီဒီယာများကို အသုံးပြုပြီး ပျော်ရွှင်စရာများဖန်တီးခြင်း၊ မိတ်ဆွေဖွဲ့ခြင်း၊ အကျိုးစီးပွားများကို မျှဝေခြင်း စတာတွေဟာ အပြင်မှာ မျက်နှာခြင်းဆိုင်တွေ့ဆုံစကားပြောဆိုတာတွေရဲ့ ချဲ့ထွင်မှုတစ်ခုလို့ပြောလို့ရပါတယ်။

- Advertisement -

ဆိုရှယ်မီဒီယာတွေဟာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို သူတို့ဝါသနာပါရာ၊ စိတ်ဝင်စားတာတွေကို အခြေခံပြီး ကမ္ဘာကြီးတစ်ခုလုံးရဲ့ လူမှုအသိုင်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်ပေးနိုင်စွမ်းရှိကြပါတယ်။ ဥပမာ- မသန်မစွမ်းကလေးငယ်များ၊ ဆေးဝါးကုသမှုအမြဲလိုအပ်နေတဲ့ လူငယ်များ၊ ရိုးရာယဉ်ကျေးမှုကို စိတ်ပါဝင်စားကြတဲ့လူငယ်များ၊ ဗဟုသုတများကို ရှာမှီးလိုကြတဲ့လူငယ်များ စတာတွေဟာ သူတို့ဝါသနာပါရာကို လိုက်လံရှာဖွေကြရင်းနဲ့ ဝါသနာတူလူငယ်တွေ အချင်းချင်းချိတ်ဆက်ပြီး အသိပညာဗဟုသုတတွေနဲ့ စိတ်ဓါတ်အင်အားဖြစ်စေဖို့အတွက် အထောက်အပံ့ကောင်းတွေဖြစ်လာကြပါတယ်။ ဆိုရှယ်မီဒီယာကို အသုံးချပြီး မိမိစိတ်ပါဝင်စားရာများကို ရှာဖွေခြင်း၊ လေ့လာစမ်းသပ်အသုံးပြုခြင်း စတာတွေဟာ ကလေးငယ်များနဲ့ ဆယ်ကျော်သက်လူငယ်များကို မလိုလားအပ်တဲ့ အန္တရာယ်များမှရှောင်ရှားရန်၊ ဗဟုသုတများနဲ့ ကျွမ်းကျင်မှုများကို တည်ဆောက်နိုင်ရန် ကူညီပေးပါတယ်။

ကလေးငယ်တွေဟာ ဆိုရှယ်မီဒီယာကို အသုံးချပြီး ပညာရပ်ဆိုင်ရာအကြောင်းအရာများကို အလွတ်သဘောဖြစ်စေ လေ့လာနိုင်ပြီး တီထွင်ဖန်တီးမှုများကိုလည်း လေ့လာဖန်တီးလို့ရပါတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့ ပြောဆိုဆက်သွယ်နိုင်ခြင်း၊ ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းလူမှုအသိုင်းအဝိုင်းများမှာ ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ခြင်း စတာတွေဟာ အထီးကျန်စိတ်ရောဂါကို တိုက်ဖျက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

ဆိုရှယ်မီဒီယာတွေရဲ့ အန္တရာယ်များ

ဆိုရှယ်မီဒီယာတွေမှာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ အဲ့ဒီလိုအရာတွေက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်များကို အန္တရာယ်တွေဖြစ်စေနိုင်ပါတယ်။ ယုတ်ညံ့တဲ့အကြောင်းအရာတွေ၊ လူမျိုးရေး-ဘာသာရေးသွေးခွဲမှုတွေ၊ အကြမ်းဖက်ဖို့ အားပေးအားမြှောက်ပြုတဲ့ ဗီဒီယိုတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ စာသားတွေ၊ ရုပ်ပုံတွေ၊
ကိုယ်ရေးအချက်အလက်များကို ခိုးယူပြီး မသာမာသော နည်းလမ်းများတွင် အသုံးချခြင်း၊ ချိန်းခြောက်ငွေညှစ်ခြင်း အစရှိတာတွေဟာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ထိခိုက်နာကျင်စေနိုင်တဲ့ အန္တရာယ်တွေဖြစ်လာနိုင်စေပါတယ်။ ဆိုရှယ်မီဒီယာတွေရဲ့ အန္တရာယ်တွေကို ပြောပြပြီး ဆိုရှယ်မီဒီယာတွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချရမယ်ဆိုတာကို လမ်းညွှန်ပြသပေးတာက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်များအတွက် ကာကွယ်ပေးနိုင်ဖို့နဲ့ အင်တာနက်လုံခြုံရေးအတွက် သင့်တော်တဲ့နည်းလမ်းတွေဘဲဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာတွေအကြောင်းပိုမိုရှာဖွေခြင်း

ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ လုပ်နိုင်စွမ်းတွေဟာ အမြဲတမ်းပြောင်းလဲနေတာမို့ မိမိတို့ကလေးငယ်တွေ အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာတွေနဲ့ အဆက်မပြတ်ဖို့လိုပါတယ်။ ဘယ်လိုဆိုရှယ်မီဒီယာတွေကို လူကြိုက်များ အသုံးပြုနေကြပြီး ဗဟုသုတနဲ့ အကျိုးဖြစ်ထွန်းနိုင်မှုတွေ ဘယ်လိုရရှိနိုင်ပါကြောင်း စတာတွေအပြင် မိမိတို့ကလေးငယ်တွေ အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာတွေဟာ သူတို့ရဲ့ အသက်အရွယ်နဲ့ သင့်တော်မှုရှိ/မရှိ ဆိုတာတွေကိုပါ စစ်ဆေးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ အချို့သော ဆိုရှယ်မီဒီယာတွေဟာ ကလေးငယ်တွေအသုံးပြုဖို့ မသင့်တော်တဲ့အတွက် မိဘတွေအနေနဲ့ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

ဘယ်လိုအရာမဆို အကောင်းနဲ့အဆိုးဟာ ဒွန့်တွဲနေပါတယ်။ ဒါကြောင့်မို့ လက်ရှိခေတ်အခြေအနေအရ ဆိုရှယ်မီဒီယာတွေကို အသုံးချပြီး အကျိုးရှိစေတဲ့အရာတွေကို ရှာဖွေအသုံးချနိုင်ဖို့နဲ့ မကောင်းတဲ့/ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ရှောင်ကြဉ်တတ်ဖို့ဆိုတာက မိဘတွေရဲ့ လမ်းညွှန်ပေးနိုင်မှုနဲ့ မိမိတို့ကလေးငယ်တွေရဲ့ အသိစိတ်မြင့်မားမှုအပေါ်မှာ လုံးဝအခြေခံနေပါတယ်။ ယနေ့ခေတ်ကမ္ဘာကြီးရဲ့ နည်းပညာတွေဟာ လျင်မြန်စွာတိုးတက်နေတာမို့ မိမိတို့ရဲ့ သားသမီးတွေဟာ ဘယ်လိုအရာတွေကို ရှာဖွေအသုံးချနေတယ်ဆိုတာကို စောင့်ကြည့်စစ်ဆေးနိုင်ဖို့ကတော့ ခဲယဉ်းပါလိမ့်မယ်။ မိမိတို့ရဲ့ သားသမီးတွေကို စိတ်နေမြင့်အောင်၊ အတွေးအခေါ်ရင့်ကျက်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးတာက မလိုလားအပ်တဲ့ ဘေးရန်တွေကနေ ကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here