ကလေးငယ်တွေနဲ့ ဘာ့ကြောင့် စကားပြောပေးဖို့ လိုတာလဲ?

0
117
- Advertisement -

မေမေတို့ရေ… ကလေးငယ်တွေကို စကားပြောပေးခြင်းဟာ သူတို့ရဲ့ ဘာသာစကားနှင့် ပြောဆိုဆက်ဆံရေး ဖွံ့ဖြိုးတိုးတတ်မှုကို အထောက်အကူပြုနိုင်ပါတယ်။၊ လသားအရွယ် ကလေးတွေနဲ့ စကားများများပြောပေးလေ ပိုကောင်းလေဖြစ်ပါတယ်။

ကလေးငယ်တွေနဲ့ စကားပြောတဲ့မိဘတွေဟာ အသံနှင် စကားလုံးများစွာကို အသုံးပြုရပါတယ်။ကလေးတွေဟာ မတူညီတဲ့ စကားလုံးတွေ အများကြီးကို ပိုကြားရတာကြောင့် သူတို့ရဲ့ ဘာသာစကားနားလည်မှုကို တိုးတတ်စေပါတယ်။ ဒါက ဘာသာစကားကျွမ်းကျင်မှုကို ပိုကောင်းစေရုံသာမဟုတ်ပါဘူး။ ကလေးငယ်တွေနှင့် စကားပြောခြင်းဟာ သူတို့ဦးနှောက်ကို ဖွံ့ဖြိုးစေပါတယ်။ သူတို့ ကျောင်းတတ်ရတဲ့အခါမှာလည်း အထောက်အကူ ပိုရနိုင်ပါတယ်။

ဘေဘီလေးတွေနဲ့ လသားကလေးတွေအတွက် ဘယ်စကားမျိုးပြောပေးတာက ပိုကောင်းပါသလဲ?

- Advertisement -

ကလေးတွေကို ဘယ်နေရာ၊ ဘယ်အချိန်၊ ကလေးနားလည်မယ့် ဘယ်အကြောင်းအရာကို မဆိုပြောပေးနိုင်ပါတယ်။ ကလေးအနားရှိချိန်တွင် ပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့ အကြောင်းအရာလေးတွေကို ပြောပေးနိုင်သလို အစားအသောက် ကျွေးတဲ့အခါ၊ ရေချိုးပေးတဲ့အခါမှာလည်း ပြောပေးနိုင်ပါတယ်။ ဥပမာ- ကလေးနှင့်အတူ အိမ်ပြင်မှာ ရှိတဲ့အခါ သစ်ပင်တစ်ပင်ကို လက်ညိုးထိုးပြပြီး သစ်ပင်အကြောင်း ပြောပြတာ၊ သစ်ပင်ပေါ်မှာနေတဲ့ တိရိစ္ဆာန်လေးတွေအကြောင်းပြောပြတာ လုပ်ပေးနိုင်ပါတယ်။

ဘေဘီလေးတွေနဲ့ လသားကလေးတွေအတွက် စကားဘယ်လောက် ပြောပေးတာက ကောင်းသလဲ?

စကားများများပြောပေးတာက ကလေးတွေအတွက် ကောင်းပါတယ်။ တတ်နိုင်သလောက် နေ့တိုင်းစကားများများပြောပါ။ စကားပြောဖို့ အထူးအချိန် သတ်မှတ်စရာမလိုပါဘူး။
ကလေးငယ်တွေဟာ တိတ်ဆိတ်တဲ့ အချိန်တွေကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် ဘေဘီလေး မေမေတို့ကို တုံ့ပြန်တာ ရပ်တန့်သွားရင်၊ ပင်ပန်းတဲ့ ပုံပေါက်နေရင်၊ ဂနာမငြိမ်ဖြစ်ပြီး စိတ်တိုနေရင် စကားအများကြီး သွားမပြောပါနဲ့။ ဒါက ကလေးရဲ့ ပင်ကိုယ်စရိုက်နဲ့လည်း သက်ဆိုင်ပါတယ်။ တချို့ကလေးတွေက ရွင်ရွင်ပျပျနေတတ်ကြပြီး တစ်ချို့ကလေးတွေက ငြိမ်ငြိမ်နေတတ်ကြပါတယ်။

ဘယ်အချိန်မှာ ကလေးငယ်နှင့် စကားစပြောပေးဖို့ လိုသလဲ?

တတ်နိုင်သလောက် ကလေးနှင့် စောစော စကားပြောပေးနိုင်ရင် ပိုကောင်းပါတယ်၊ တကယ်တော့ သန္ဓေသားအဖြစ် မေ့မေ့ဗိုက်ထဲမှာ ရှိနေချိန်တည်းက စကားပြောပေးဖို့ လိုပါတယ်။ ကလေးဟာ မွေးကတည်းက မေမေတို့ပြောသမျှကို နားထောင်ရာ၊ ကြည့်ရာကနေပြီး စကားပြောခြင်းနှင့် စကားလုံးတွေအကြောင်းကို လေ့လာပါတယ်။

ကလေးနဲ့ စကားစမည်ပြောခြင်းက တစ်ယောက်တည်းပြောနေရသလို တစ်ဖက်သက် ခံစားချက်မျိုးဖြစ်နိုင်တယ်။ သင့်ကလေးငယ်မှာ စကားလုံးတွေ မရှိသေးသော်လည်း သူတို့ နားထောင်ပေးပါလိမ့်မယ်။ သူတို့ ပြောဆိုဖို့ ကြိုးစားပါလိမ့်မယ်။ ကလေးတွေဟာ လူကြီးတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ နားထောင်ခြင်း၊ မျက်လုံးခြင်းဆုံခြင်းနှင့် ငိုခြင်းကို အသုံးပြုပါလိမ့်မယ်။ နောက်ပိုင်းမှာ ပြုံးတာ၊ ရယ်တာ၊ အသံထွက်တာနှင့် သူတို့ခန္ဓာကိုယ်ကို လှုပ်ရှားတာ စသဖြင့် ပြုလုပ်လာပါလိမ့်မယ်။ ကလေးတွေကို ဂရုတစိုက်နဲ့ စကားပြောပေးမယ်ဆိုရင် သူတို့လေးတွေ စကား စောစော ပြောတတ်လာတာကို သတိထားမိပါလိမ့်မယ်။

ကလေးငယ်တွေနဲ့ စကားပြောဖို့အတွက် နည်းလမ်းများ

အောက်ဖော်ပြပါ အတွေးအခေါ်များ ပါဝင်တဲ့ စကားလက်ဆုံ ပြောဆိုမှုနှင့် လုပ်ဆောင်မှုလေးတွေက ကလေးရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတတ်စေပါတယ်။

အာရုံပျံ့လွင့်မှုကို လျော့ချပါ- တီဗီ၊ ကွန်ပျူတာတွေ ပိတ်ထားပါ။ ဒါက ကလေးနှင့် စကားပြောဖြစ်အောင် ကူညီပါလိမ့်မယ်။

ကလေးရဲ့ စိတ်ဝင်စားမှုကို သတိပြုပါ -မေးခွန်းတစ်ခုမေးပါ (သို့) မှတ်ချက်တစ်ခုပေးပါ။ ပြီးနောက် ကလေးတုန့်ပြန်ဖို့ အချိန်ပေးပါ။ ဥပမာအားဖြင့် ရေချိုးချိန်မှာ” ဒါလေးက ဘဲပေါက်လေးလား?” ဘဲပေါက်လေး ရေကူးနေတယ်” စသဖြင့် ပြောပေးနိုင်ပါတယ်။

သင့်ကလေးက စကားပြောဖို့ သင်ယူလာတာနှင့်အမျှ သူ့အတွေးအခေါ်တွေအတွက် စကားလုံးတွေ ရှာဖွေဖို့၊ သူတို့စကားပြောတဲ့အခါ နားထာင်ဖို့ အချိန်ပေးပါ။ ဥပမာအားဖြင့် သူစကားပြောတဲ့အခါ မေမေတို့က ဝင်မပြောပေးပါနဲ့။ သူအဆုံးထိ ပြောတာကို နားထောင်ပေးပါ။

သင့်ကလေးကို သူစိတ်ဝင်စားမယ့်အရာတွေနှင့် ပတ်သတ်ပြီး ပြောပါ။ ဥပမာ- ဒီနေ့ ဘိုးဘိုး ဘာတွေလုပ်နေသလဲ?။ သင်အတူတူ ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ်၊ (သို့) အပြင်မှာ ဖြစ်ပျက်နေတာတွေ၊ သင်မျှဝေခဲ့တဲ့ အတွေ့အကြုံတစ်ခုအကြောင်း ပြောဆိုပါ။ ဥပမာ-“ဒီနေ့ နေသာနေတယ် တွေ့လား။ မနေ့က မိုးရွာတာကို သားမှတ်မိလား၊ သားခြေအိတ်လေးတွေ စိုနေတယ်လေ”

စာဖတ်ပြပါ၊ ပုံပြောပြပါ။ သီချင်းဆိုပြပါ- ကလေးတွေကို မွေးဖွားချိန်ကစပြီး တတ်နိုင်သလောက် နေ့တိုင်း စာအုပ်ဖတ်ပြပါ၊ ပုံပြင်ပြောပြပါ။ ရက်သတ္တပတ်အနည်းငယ်ကြာရင် ကလေးဟာ စာဖတ်ပြ၊ ပုံပြင်ပြောပြတဲ့အချိန်က မိဘနဲ့ အတူတူနေရတဲ့ အထူးအချိန်ဖြစ်ပြီး ငြိမ်ငြိမ်လေးနေရမယ့် အချိန်ဖြစ်တယ်ဆိုတာ သိလာပါလိမ့်မယ်။

စာအုပ်တွေထဲက ရုပ်ပုံတွေအကြောင်း ပြောပြပါ – စကားလုံးတွေနဲ့ စာလုံးတွေကို ထောက်ပြပါ။ ပြီးတော့ သင့်ကလေးကို စာအုပ်ကိုင်ထားစေပြီး စာမျက်နှာတွေကို လှန်ပါ။ စာအုပ်ထဲမှာပါတဲ့ ရုပ်ပုံတွေနဲ့အတူ သင့်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေ ပြုလုပ်နိုင်ပါတယ်။ ဥပမာ- ဝက်ဝံလေး ၃ကောင်ဆိုရင် ဒါကမေမေ၊ ဒါကဖေဖေ၊ ဒါက သားသား စသဖြင့်ပြောပေးနိုင်ပါတယ်။

စာအုပ်တွေဖတ်ခြင်းက ပျော်စရာကောင်းကြောင်း ကလေးကို သင်ပေးပါ – စာဖတ်နိုင်တဲ့ နေရာတစ်နေရာ ထားပေးခြင်း၊ စာဖတ်ချိန် သတ်မှတ်ပေးထားခြင်း ၊ ကလေးအတွက် စာအုပ်တစ်ချို့ ရွေးချယ်ပေးခြင်း၊ စာအုပ်တစ်အုပ်ကိုပဲ ထပ်ခါထပ်ခါ ဖတ်ပြပေးခြင်း တို့ပြုလုပ်ပေးနိုင်ပါတယ်။

အိပ်ချိန်၊ ရေချိုးချိန်၊ ကားထဲမှာရှိချိန်မှာ သီချင်းဆိုပြပါ – တေးကဗျာလေးတွေ ရွတ်ပြပါ။ ကလေးက စကားလုံးတွေနဲ့ စည်းချက်တွေကို နှစ်သက်လာပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here