ကလေးငယ်တွေဖျားနာခြင်းမဖြစ်ရအောင် ကာကွယ်ပေးနိုင်တဲ့နည်းလမ်းများ

0
15

ရာသီအကူးအပြောင်းကာလမျိုးတွေမှာ လူကြီးလူငယ်မရွေးနာဖျားတတ်ကြပါတယ်။ အထူးသဖြင့် ကလေးငယ်တွေဖျားနာကြရင် လူကြီးမိဘတွေ ပိုပြီးအလုပ်ရှုပ်ရပြီး အလုပ်ပျက်အကိုင်ပျက် စိတ်မောလူမောဖြစ်ကြရပါတယ်။ ဒါကြောင့်မို့ ရာသီအကူးအပြောင်းကာလမျိုးမှာ ကလေးငယ်တွေ ဖျားနာခြင်းကင်းဝေးနိုင်ဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင်-စီ ဖြည့်တင်းပေးပါ

ဗီတာမင်-စီသည် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပြီး ခန္ဓာကိုယ်ကိုကြံ့ခိုင်ကျန်းမာစေဖို့နဲ့ ရာသီတုပ်ကွေး၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း အစရှိတာတွေကို ခုခံကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဗီတာမင်-စီ ချို့ယွင်းပါက ကျန်းမာရေးပြဿနာများစွာကို ကြုံတွေ့လာရနိုင်တဲ့အတွက် ကလေးငယ်တွေကို ဗီတာမင်-စီ ချို့ယွင်းမှုမဖြစ်ပေါ်စေဖို့အတွက် အထူး
ဂရုစိုက်ပေးဖို့လိုပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်စေခြင်း

တရက်ကို မိနစ် ၂၀ လောက် လေ့ကျင့်ခန်းပြုလုပ်စေတာဟာ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာလာစေရုံသာမက ကိုယ်ခံစွမ်းအားတွေကိုပါ မြှင့်တင်ပေးပါတယ်။ ကလေးငယ်တွေကို လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်စေတာက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရုံသာမကဘဲ ဉာဏ်ရည်ဉာဏ်သွေးကိုပါ ထက်မြက်လာစေပါတယ်။ ဒါကြောင့်မို့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း အစရှိတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် ကလေးငယ်တွေကို ဖျားနာခြင်းမှကင်းဝေးစေနိုင်ပါတယ်။

အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားစေပါ

အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးတာဟာ လူ့ခန္ဓာကိုယ်အတွက် များစွာအကျိုးဖြစ်ထွန်းစေပါတယ်။ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်နဲ့ အဟာရဓါတ်များစွာပါဝင်ပြီး လူ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်များနဲ့ ကိုယ်ခံစွမ်းအားတွေကို အကောင်းဆုံးအထောက်အကူဖြစ်စေတဲ့အတွက် ကလေးငယ်တွေကို များများစားသုံးပေးဖို့ တိုက်တွန်းပေးသင့်ပါတယ်။ ဒါမှသာ ကလေးငယ်တွေဟာကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ရင်းနှီးပြီးသားဖြစ်စေရုံသာမကဘဲ ဗီတာမင်ချို့တဲ့ခြင်းများမှလည်း ကာကွယ်ပြီးသားဖြစ်စေမှာဘဲ ဖြစ်ပါတယ်။

လက်ဆေးတဲ့ အကျင့်ကို ပျိုးထောင်ပေးပါ

ရောဂါပိုးအများစုသည် လက်ကနေတဆင့်ကူးစက်တတ်တာကြောင့် လက်ကို သေချာဆေးကြောသန့်စင်တတ်အောင် သင်ကြားပေးဖို့လိုပါတယ်။ အိမ်သာတက်ပြီးတဲ့အခါ၊ ဆော့ကစားပြီးတဲ့အခါ၊ အစားအစာတွေကို မကိုင်တွယ်ခင်နဲ့ စားသောက်ပြီးတဲ့အခါမျိုးမှာ လက်ကိုဆပ်ပြာနဲ့ သေချာပြောင်စင်အောင် ဆေးကြောတတ်ဖို့ သင်ကြားပေးရပါမယ်။ အခုလို ကိုဗစ်ကာလမျိုးမှာ လက်ကိုသေချာသန့်စင်အောင်ဆေးကြောတတ်ဖို့က ပိုပြီးအရေးကြီးတဲ့အတွက် မိဘတွေအနေနဲ့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- parents

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here