ကလေးငယ်တွေမှာ မြင်တွေ့ရတတ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ

0
397
- Advertisement -

ကလေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာအများစုဟာ သူတို့ရဲ့အိပ်ချိန်ကို ပြန်လည်ချိန်ညှိရင်း သို့မဟုတ် ကလေးအတွက် ကိုယ်ဖြစ်စေချင်တဲ့ မျှော်လင့်ချက်ကို ပြန်လည်ညှိယူရင်းနဲ့ ပြင်ဆင်ပေးနိုင်ပါတယ်။ သို့သော်လည်း တချို့သော အိပ်စက်မှုပြဿနာတွေကတော့ အထူးအာရုံစိုက်မှုကို လိုအပ်ပြီး တခါတစ်လေကျရင် ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေနဲ့တော့ ကုသမှုခံယူသင့်ပါတယ်။

ကလေးတွေမှာ မြင်တွေ့ရတတ်တဲ့ ပြဿနာတွေကတော့ –
• အိပ်မပျော်ခြင်း
• ယောင်၍ လမ်းထလျှောက်ခြင်း
• အိမ်မက်ဆိုးတွေမက်ခြင်း
• အိပ်ပျော်နေစဥ် ရုတ်တရက်အသက်ရှူရပ်ခြင်း
• ပုံမှန်ထက်အအိပ်လွန်ကဲခြင်း
• သွားကြိတ်ခြင်း တို့ဖြစ်ပါတယ်။

အိပ်မပျော်ခြင်းပြဿနာဟာ ကလေးတွေအတွက်တော့ များသောအားဖြင့် စိုးရိမ်ရလောက်တဲ့အထိ မဟုတ်ပေမယ့်လည်း နောက်တစ်နေ့ရောက်လို့ ပင်ပန်းနွမ်းနယ်ပြီး စိတ်တိုလွယ်နေမယ်ဆိုရင် ကလေးတွေအတွက် အခက်အခဲတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေညဖက်မအိပ်ခင် ရေနွေးနွေးလေးနဲ့ချိုးပေးပြီး ပုံပြင်လေးတွေဖတ်ပြကာ စိတ်ကိုပြေလျော့စေပါ။ အရွယ်နည်းနည်းကြီးပြီဖြစ်တဲ့ ကလေးတွေကိုကျတော့ နေ့ခင်းပိုင်းတွေ မအိပ်ခိုင်းပါနဲ့။ ကဖိန်းပါဝင်တဲ့ ဖျော်ရည်တွေတိုက်ကျွေးခြင်းကို ရှောင်ကြဥ်ပါ။

အသက် ၂ နှစ်ကနေ ဆယ်ကျော်သက်အစောပိုင်းတွေမှာ ယောင်ပြီးလမ်းထလျှောက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါ။ ဘာကြောင့်ဖြစ်တာလဲဆိုပြီး အကြောင်းအရင်းအတိအကျမရှိပေမယ့်လည်း ကလေးက တအားပင်ပန်းလို့၊ အပူချိန်ကြီးလို့ သို့မဟုတ် စိတ်ဖိစီး၊ စိုးရိမ်ကြောင့်ကြနေတဲ့အချိန်တွေမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အိမက်မက်ဆိုးတွေမက်တဲ့ ကလေးတွေဟာ ပုံမှန်အားဖြင့် အိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်းမှာ လန့်နိုးလာပြီး အော်ဟစ်တတ်ကြပါတယ်။ ဒီလိုကြောက်စိတ်ဟာ မိနစ်အတန်ကြာ ကြာမြင့်နိုင်ပြီး တစ်ခါတစ်လေကျရင်လည်း နာရီဝက်နှင့်အထက်ကို ကြာမြင့်နိုင်ပါတယ်။ သို့သော်လည်း ဒီလိုအိမ်မက်တွေမက်တာက အိပ်ခြင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် ကလေးတွေအတွက် အန္တရာယ်မရှိနိုင်ပါဘူး။

Sleep Apnea ရှိတဲ့ ကလေးတွေဟာ ပုံမှန်ဆို ဟောက်တတ်ကြပြီးတော့ အိပ်နေရင်းနဲ့ကို စက္ကန့်အနည်းငယ်လောက် အသက်ရှူရပ်သွားပါတယ်။ ဒါဟာ သူတို့ကိုနိုးထဖို့အတွက် ဦးနှောက်ကအချက်ပေးတာဖြစ်ပါတယ်။ Sleep Apnea ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အာသီးကြီးလာခြင်း သို့မဟုတ် လျှာခင်နောက်ဘက် လည်ချောင်းထိ အသက်ရှူလမ်းဝရှိ ပသိနှင့်ဆင်သော ပြန့်ရှည်တစ်ရှူးအစုကျယ်လာခြင်းကြောင့်ဖြစ်ပါတယ်။

Hypersomnia ကတော့ သင့်ရဲ့ကလေးဟာ သူတို့နဲ့သက်တူရွယ်တူကလေးတွေထက် ပိုပြီးအိပ်စက်ခြင်းဖြစ်ပါတယ်။ Hypersomnia ရှိတဲ့ကလေးဟာ ညဖက်ကောင်းကောင်းအိပ်ပျော်ခဲ့တာတောင် အမြဲတမ်းပင်ပန်းနေတတ်ပါတယ်။ Hypersomnia ရှိတဲ့ ကလေးငယ်ဟာ မကြာခဏ ညည်းညူပြီး စိတ်တိုလွယ်ပါတယ်။ နောက်ထပ်လက္ခဏာတွေကတော့ အာရုံစူးစိုက်မှုအားလျော့နည်းခြင်းနဲ့ ဥာဏ်မကောင်းခြင်းတို့ပဲဖြစ်ပါတယ်။

တချို့ကလေးတွေဟာ အိပ်ပျော်နေချိန်အတွင်း သွားကြိတ်တာ သို့မဟုတ် သွားကိုတင်းတင်းစေ့ထားတာမျိုး ပြုလုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တတ်တဲ့ကလေးတွေဟာ သူတို့စိတ်ဆိုးချိန်၊ ဝမ်းနည်းချိန်နဲ့ စိုးရိမ်ကြောင့်ကြတဲ့အချိန်တွေမှာလည်း ပုံစံတူ ပြုလုပ်တတ်ကြပါတယ်။ အကြာကြီးနေမှ တစ်ခါလောက်ပြုလုပ်တယ်ဆိုရင် ပြဿနာမဟုတ်ပေမယ့် မကြာခဏပြုလုပ်တတ်တယ်ဆိုရင် သွားနဲ့မေးရိုးကို ထိခိုက်လာနိုင်ပါတယ်။

#Chit_May_May

#Thinzar

Ref-pregnancybirthbaby

LEAVE A REPLY

Please enter your comment!
Please enter your name here