ကလေးငယ်တွေရဲ့ ဘဝတလျောက်လုံးအတွက် သိထားသင့်တဲ့ အခြေခံစည်းမျဉ်းများ

0
276
- Advertisement -

ကလေးငယ်တွေအတွက် အခြေခံဘဝကျွမ်းကျင်မှုလို့ ခေါ်ဆိုလို့ရတဲ့ အကြောင်းအရာတွေကို သင်ကြားပေးနိုင်ဖို့ မိဘတွေအနေနဲ့ ဂရုပြုသင့်ပါတယ်။ အဲဒီအခြေခံတွေကဘဲ ကလေးတိုင်းရဲ့ အနာဂတ်အောင်မြင်မှုကို ထုဆစ်နိုင်ဖို့အတွက် အုတ်မြစ်တည်ပေးလိုက်တာဘဲဖြစ်ပါတယ်။ ဘဝရဲ့ အခြေခံစွမ်းရည်တွေလို့ဆိုရာမှာ အဝတ်ဘယ်လိုလျှော်တာလည်းကအစ လူစိမ်းတွေနဲ့ဘယ်လိုစကားပြောဆိုဆက်ဆံရမယ်ဆိုတဲ့ အကြောင်းတွေထိပါဝင်ပါတယ်။

ဒီအကြောင်းအရာတွေဟာ သူတို့ငယ်ရွယ်စဉ်ကာလနဲ့ အိမ်ကနေထွက်ပြီး ဘဝခရီးလမ်းကိုလျောက်လှမ်းရချိန်အထိ တတ်ကျွမ်းထားသင့်တဲ့ ကျွမ်းကျင်မှုတွေဘဲဖြစ်ပါတယ်။ မိဘအများစုဟာ သားသမီးတွေရဲ့ ကျောင်းပညာရေးနဲ့ တက္ကသိုလ်ကောင်းကောင်းတတ်နိုင်ဖို့ကိုဘဲ အလေးထားဆောင်ရွက်တတ်ကြပါတယ်။ အဲဒီလိုပညာရေးကို မြှင့်တင်ပေးပြီး အလေးထားဆောင်ရွက်ပေးသလို ဘဝရဲ့အခြေခံစည်းမျဉ်းတွေကို တတ်ကျွမ်းနားလည်မှုရှိဖို့ကိုလည်း အလေးထားဆောင်ရွက်ပေးသင့်ပါတယ်။ ဘဝရဲ့ အခြေခံစည်းမျဉ်းတွေကို ကျွမ်းကျင်မှုမရှိရင် အလုပ်ခွင်နဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေမှာ အားနည်းချက်မျိုးဖြစ်ပေါ်လာတတ်ပါတယ်။

ပိုက်ဆံရဲ့တန်ဖိုးကို ကောင်းစွာသိစေခြင်း

မိဘများအနေနဲ့ ကလေးငယ်တွေကို သင်ပေးသင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ ပိုက်ဆံရဲ့တန်ဖိုးကို နားလည်သဘောပေါက်စေဖို့နဲ့ စုဆောင်းတတ်စေဖို့ဘဲဖြစ်ပါတယ်။ အဲဒီအချက်ဟာ ကလေးငယ်တွေရဲ့ အနာဂတ်ဘဝခရီးလမ်းကို များစွာကူညီပါလိမ့်မယ်။ ပိုက်ဆံကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာနဲ့ ရင်းနီးမြှပ်နှံများဘယ်လိုပြုလုပ်သင့်လည်းဆိုတာမျိုးကို သိရှိထားခြင်းက သူတို့ရဲ့ ဘဝခရီးလမ်းကို လွယ်ကူချောမွေ့စေပါလိမ့်မယ်။

အချက်အပြုတ် သင်ကြားပေးခြင်း

ကိုယ့်ဘာသာချက်ပြုတ်စားသောက်တာမျိုးဟာ ကျန်းမာရေးအတွက် ပိုပြီးကောင်းမွန်စေသလို ငွေကြေးအကုန်အကျလည်း သက်သာစေပါတယ်။ ကလေးငယ်တွေကို ဘယ်လိုချက်ပြုတ်စားသောက်ရတယ်ဆိုတာမျိုးကို သင်ကြားပေးတာက သူတို့ရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးလိုက်တာနဲ့ အတူတူဘဲဖြစ်ပါတယ်။ အသင့်စား စားစရာတွေဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး ငွေကြေးကုန်ကျမှုတွေလည်းများပြားတာကြောင့် ကိုယ့်ဘာသာချက်ပြုတ်စားသောက်တတ်စေဖို့ကိုလည်းအလေးထားသင်ကြားပေးသင့်ပါတယ်။

သူတို့ကိုယ်သူတို့ တည်ဆောက်ခွင့်ပြုပါ

ဒီနေ့ခေတ်ကုမ္ပဏီများဟာ ဘွဲ့ရပြီး အလုပ်ဝင်ကြတဲ့ လူငယ်တွေကို အလုပ်နေရာသိပ်မပေးချင်ကြပါဘူး။ လုပ်ငန်းခွင်မှာ မျက်နှာလွှဲထားလို့မရခြင်း၊ အစစအရာရာ ယုံကြည့်စိတ်ချလို့မရခြင်း၊ လုပ်ငန်းခွင်နဲ့ပတ်သတ်လို့ ကျွမ်းကျင်မှုမရှိခြင်းစတာတွေနဲ့ ပတ်သတ်ပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ လူသစ်တွေကို နေရာပေးဖို့တွန့်ဆုတ်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့
မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှု၊ ဆုံးဖြတ်ချက်တွေကို လေးလေးစားစားရှိပြီး ထောက်ပံ့ကူညီပေးဖို့လိုအပ်ပါတယ်။ သူတို့ရဲ့ ဝါသနာနဲ့ရွေးချယ်မှုကို အကောင်းဆုံးဖြစ်မြောက်ဖို့အတွက် ကူညီပေးနိုင်ပါမှ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းတွေမှာ အောင်မြင်မှုတွေရရှိနိုင်ပါလိမ့်မယ်။

လူမှုပေါင်းသင်းဆက်ဆံရေးကို ကြေညက်စေပါ

ကလေးငယ်တွေရဲ့ ဘဝတလျောက်လုံးမှာ မရင်းနီးမကျွမ်းဝင်တဲ့လူပေါင်းများစွာနဲ့ ပြောဆိုဆက်ဆံရပါလိမ့်မယ်။ ဒီလိုလူတွေကို ဘယ်လိုဆက်ဆံရမယ်၊ ဘယ်လိုဆက်သွယ်ရမယ်၊ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မှုပြုလုပ်ရမယ်ဆိုတာမျိုးကို သိထားရပါမယ်။ လူတွေနဲ့ စကားပြောဆိုဆက်ဆံမှုမရှိတဲ့ကလေးငယ်တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေးရဲ့ အကျိုးရလဒ်ကို သိခြင်း၊ ခံစားရခြင်း မရှိနိုင်ပါဘူး။ အဆိုးနဲ့အကောင်း ဒွန့်တွဲနေတဲ့လောကကြီးမှာ စကားပြောစွမ်းရည်၊ လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်နဲ့ အဆိုးကို အကောင်းဖြစ်အောင် ပြောင်းလဲလို့ရတာတွေလည်းရှိသလို၊ ထိခိုက်နစ်နာမှုလျော့နည်းအောင်ပြုလုပ်လို့ရတာတွေလည်းရှိပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို ကောင်းမွန်တဲ့၊ အပြုသဘောဆောင်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကို သင်ကြားထားပေးဖို့ကလည်း အရေးကြီးပါတယ်။

အချိန်ကိုစီမံခန့်ခွဲတတ်အောင်သင်ကြားပေးပါ

ငယ်စဉ်ကတည်းက အချိန်ကို စီမံခန့်ခွဲရန်အတွက် လေ့လာဖို့လိုအပ်ပါတယ်။ ငယ်စဉ်ကတည်းက အချိန်ကို စီမံခန့်ခွဲတတ်လေလေ အရွယ်ရောက်ကြီးပြင်းလာတဲ့အခါ ပိုပြီးအောင်မြင်မှုရရှိလေလေပါဘဲ။ ကျောင်းစာလေ့လာခြင်း၊ ကစားခြင်း၊ ပြင်ပဗဟုတများကို လေ့လာခြင်း၊ အိပ်စက်ခြင်းအစရှိတာတွေကို ငယ်စဉ်ကတည်းက ကိုယ့်ဘာသာစီမံခန့်ခွဲတတ်အောင်သင်ကြားပေးတာက အနာဂတ်တွင် မတူညီသောလုပ်ငန်းများနဲ့ စီမံကိန်းတွေကို ဘယ်လိုမျိုး ဦးစားပေးလုပ်ဆောင်နိုင်သလည်းဆိုတာမျိုးအထိ အထောက်အကူဖြစ်စေပါလိမ့်မယ်။

အဝတ်လျော်ခြင်း၊ မီးပူတိုက်ခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကိုယ့်ရဲ့ အိမ်သုံးပစ္စည်းတွေကို အသေးစား ပြုပြင်တတ်စေခြင်း အစရှိတာတွေကလည်း မရှိမဖြစ်တတ်ကျွမ်းထားသင့်တဲ့အရာတွေဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို သိသင့်သိထိုက်တာ၊ တတ်သင့်တတ်ထိုက်တာတွေအားလုံးကို သိရှိတတ်ကျွမ်းအောင် သင်ကြားပေးလိုက်တာက ကလေးငယ်တွေရဲ့ ဘဝတလျောက်လုံးအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ကောင်းတွေဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို
ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here