ကလေးငယ်တွေရဲ့ ဘဝအောင်မြင်နိုင်ဖို့အတွက် လိုအပ်တဲ့ အချက် ၅ ချက်

0
610
- Advertisement -

ကလေးတိုင်းကို ကောင်းမွန်စွာ ကြီးပြင်းလာစေပြီး လူ့ဘောင်အဖွဲ့အစည်းနဲ့ နိုင်ငံအတွက် အကျိုးပြုတဲ့နိုင်ငံသားကောင်းတွေဖြစ်စေချင်တာက မိဘတိုင်းဖြစ်ချင်ကြတဲ့ ဆန္ဒတွေဘဲဖြစ်ပါတယ်။ အနာဂတ်မှာ အလုပ်အကိုင်ကောင်းတွေ ရရှိလာဖို့အတွက် မိမိတို့ရဲ့ ကလေးငယ်တွေကို ပြင်ဆင်လမ်းညွှန်မှုများ ပြုလုပ်ပေးကြပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာတတ်တာတွေရှိကြပါတယ်။ ချမ်းသာတဲ့မိဘတွေဆီက ဆင်းသက်လာတဲ့ ကလေးတွေဖြစ်ဖြစ်၊ သာမာန်လက်လှုပ်လက်စားမိဘတွေဆီက မွေးဖွားလာတဲ့ ကလေးတွေဖြစ်ဖြစ် ချမ်းသာ၊ ဆင်းရဲကွာဟမှုက အရေးမပါဘဲ အောင်မြင်မှုကို ထုဆစ်ဖို့ လိုအပ်တဲ့ စည်းမျည်းစည်းကမ်းတွေကသာ အဓိကျပါတယ်။ အခုဖော်ပြပေးမယ့် အချက်အလက်တွေကတော့ ကလေးတိုင်းအတွက် လိုအပ်တဲ့ အချက်အလက်တွေဘဲဖြစ်ပါတယ်။

(၁) ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင်ရှိရပါမယ်

ကလေးတွေအတွက် အပြင်ဘက်ကမ္ဘာမှာ လုံခြုံစိတ်ချရမှုရှိဖို့ တကယ်လိုအပ်ပါတယ်။ ကလေးတွေဟာ ကြီးထွားဖွံ့ဖြိုးလာတာနဲ့ အမျှ သူတို့ရဲ့ သိလိုစိတ်တွေဟာ မြင့်တက်လာပါတယ်။ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုကြတယ်။ မသိသေးတဲ့ အသစ်အသစ်တွေကို သိချင်ကြတယ်။ လက်တွေ့စမ်းသပ်ချင်ကြတယ်။ ဒါတွေကြောင့်မို့ သူတို့တွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကောင်းတွေ ရှိနေဖို့လိုအပ်ပါတယ်။

- Advertisement -

(၂) အသိဉာဏ်ရင့်သန်ဖို့ အခွင့်အလမ်းတွေရှိရပါမယ်

ကလေးငယ်တွေကို လေ့လာဖို့အခွင့်အလမ်းမပေးဘူးဆိုရင် သူတို့ရဲ့ သိစိတ်ဟာ ရင့်သန်လာမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို လက်တွေ့စမ်းသပ်ဖို့အတွက် ခွင့်ပြုဖို့လည်းလိုအပ်ပါတယ်။ ပိုက်ဆံကို ဘယ်လိုရှာဖွေရတယ်။ ဘယ်လိုနေရာတွေမှာ အသုံးချရမယ် ဆိုတဲ့ အခြေခံစည်းမျဉ်းစည်းကမ်းတွေကို နားလည်သိရှိဖို့လိုအပ်သလို သူတို့အကူအညီ
လိုအပ်နေတဲ့ အခါ ဘယ်လိုလူတွေဆီက အကူအညီတောင်းရမယ် စသည်ဖြင့် အရာအားလုံးဟာ သူတို့သိရှိနေဖို့ လိုအပ်ပါတယ်။ အသိဉာဏ်ရင့်သန်မှုဟာ ဗဟုသုတကြွယ်ဝမှုအပေါ်မှာလည်း မူတည်တာမို့ စာအုပ်စာပေတွေနဲ့ ရင်းနီးကျွမ်းဝင်စေဖို့လည်း လိုအပ်ပါတယ်။

(၃) ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ကောင်းတွေရှိရပါမယ်

လူဆိုတာ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှုရှိရပါမယ်။ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကို ကန့်သတ်ချုပ်ချယ်ပြီး အရိပ်တကြည့်ကြည့် မျက်စိအောက်က အပျောက်မခံနိုင်တာမျိုးက သူတို့အပေါ် ဆိုးကျိုးတွေသာ ရရှိလာစေပါတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အသိအကျွမ်းသူငယ်ချင်းများပြားတာက သူတို့ရဲ့စိတ်ထဲမှာ လုံခြုံစိတ်ချရမှုကို ခံစားရစေပါတယ်။ မိသားစုအပြင် သူတို့ကို ဂရုတစိုက်ရှိကြတဲ့သူတွေ၊ နားလည်ပေးတတ်တဲ့သူတွေ၊ နှိမ့်သိမ့်ပေးတတ်တဲ့ သူတွေရှိတာက သူတို့ရဲ့ စိတ်ကို နွေးထွေးစေပြီး အပြန်အလှန် ဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတဲ့ အသိစိတ်တွေကို သိရှိလာစေနိုင်ပါတယ်။ အသင်းအဖွဲ့စိတ်ဓါတ်တွေကို တိုးပွားလာစေနိုင်ပါတယ်။ အသိမိတ်ဆွေသူငယ်ချင်းများပြားတာက သူတို့ရဲ့ ဘဝခရီးလမ်းတစ်လျောက်လုံးအတွက် အမှတ်တရကောင်းတွေနဲ့ အကူအညီကောင်းတွေဖြစ်စေနိုင်တာမို့ လူမှုဆက်ဆံရေးကောင်းမွန်စေဖို့လည်း လိုအပ်ပါတယ်။

(၄) အားပေးထောက်ခံဖို့လိုအပ်ပါတယ်

ကလေးတွေအတွက် အပြုသဘောဆောင်တဲ့ အားပေးထောက်ခံမှုတွေ တကယ်ကိုလိုအပ်ပါတယ်။ အရွယ်ရောက်သူတွေဟာ ကလေးတွေရဲ့ အမှားအယွင်းတွေနဲ့ အားနည်းချက်တွေကိုသာ ထောက်ပြဝေဖန်တတ်ကြပြီး များသောအားဖြင့် သူတို့ရဲ့ အမှားများအတွက် ပြစ်တင်ဝေဖန်တတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ စိတ်တွေကို နာကျင်စေပြီး အဆိုးမြင်စိတ်တွေကို ရိုက်သွင်း
ပေးသလို ဖြစ်စေပါတယ်။ အကောင်းမြင်စိတ်နည်းပါးတာက ပျော်ရွှင်မှုနဲ့ဝေးကွာစေပြီး လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ဝင်ဆန့်ဖို့ မလွယ်ကူစေတဲ့အတွက် စိတ်ကျရောဂါဖြစ်စေဖို့ အခွင့်အလမ်းများပြားပါတယ်။ ဒါကြောင့်မို့ သူတို့ကို အပြုသဘောဆောင်တဲ့ စကားများ၊ အားပေးထောက်ခံမှုများပေးဖို့ လိုအပ်ပါတယ်။

(၅) ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိရပါမယ်

မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ ဘဝတလျောက်လုံးမှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကလေးငယ်တွေကို ပြဿနာများတွေ့ကြုံလာရတဲ့အခါမှာ မည်သို့စဉ်းစားတွေးခေါ်ရမည်နဲ့ မည်သို့ဖြေရှင်းတာက အကောင်းဆုံးဖြစ်တယ်ဆိုတာကို လမ်းညွှန်ပြသပေးရပါမယ်။ သူတို့ကိုယ်တိုင်ဖြေရှင်းဖို့ကိုလည်း ခွင့်ပြုပေးရပါမယ်။ လဲကျသွားတဲ့အခါ ဆွဲထူလိုက်တာထက်၊ သူတို့ကိုယ်တိုင် မည်ကဲ့သို့ ပြန်ထရမယ်ဆိုတာ သိရှိဖို့ သင်ကြားပေးတာက သူတို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ လွတ်လပ်တဲ့ အတွေးအခေါ်မျိုးရှိစေဖို့လည်းလိုအပ်ပါတယ်။ ဒါမှသာ အစွန်းရောက်ခြင်းကင်းစွာနဲ့ သူတို့ရဲ့ဘဝကို အကောင်းဆုံးလှမ်းလျောက်နိုင်မှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-lifehack

LEAVE A REPLY

Please enter your comment!
Please enter your name here