လူတွေဟာ ရိုးသားဖို့လိုအပ်သလား။ ရိုးသားမှုကို ဘယ်လိုတိုင်းတာမလဲ။ မသေချာမရေရာတဲ့ မေးခွန်းတွေနဲ့ လူ့လောကရှုပ်ထွေးပွေလီမှုတွေကြားမှာ ရိုးသားမှုဟာ ပုံဖျက်ခံနေရပါတယ်။ လူတိုင်းဟာ ရိုးသားမှုရဲ့ ဂုဏ်သိက္ခာကို မေ့လျော်နေကြပါတယ်။ ရိုးသားမှုရှိတဲ့ လူတွေကို လှောင်ပြောင်နေကြပါတယ်။ တဦးနဲ့ တဦးကောက်ကျစ်ယုတ်မာနေကြရင်၊ ရိုးသားမှုမရှိကြရင် လောကပတ်ဝန်းကျင်ကြီးဟာ မယုံသင်္ကာသံသယစိတ်တွေနဲ့ ဘယ်လိုမှနေပျော်ဖွယ်ရှိနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ရိုးသားမှုရဲ့ အရေးပါအရာရောက်မှုတွေကို သေချာသင်ပြထားဖို့ လိုအပ်ပါတယ်။ မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ သားသမီးတွေကို ရိုးသားမှုအပြည့်နဲ့ ပြောဆိုဆက်ဆံပေးဖို့လိုအပ်ပါလိမ့်မယ်။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ရိုးသားမှုရှိဖို့ လိုအပ်တဲ့ ပထမအချက်တခုက ကလေးတွေဟာ မိဘတွေရဲ့ ပုံစံကို အတုခိုးတတ်လို့ဘဲဖြစ်ပါတယ်။ ကိုယ့်အနီးနားပတ်ဝန်းကျင်မှာရှိနေတဲ့ ဘယ်လိုလူမျိုးကိုမဆို ရိုးသားစွာပြောဆိုဆက်ဆံတတ်ဖို့လိုအပ်တယ်ဆိုတာကို ကိုယ့်ရဲ့ သားသမီးတွေကို ဦးဆောင်လမ်းပြပေးရပါမယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ လိမ္မာပါးနပ်သောရိုးသားမှု၊ ရိုးသားဖြောင့်မတ်သော ကိုယ်ကျင့်သိက္ခာတရားနဲ့ သတင်းအချက်အလက်ဆိုင်ရာများကို မည်ကဲ့သို့ ပိုင်းခြားပြုလုပ်ရမည်ဆိုတာကို သင်ကြားထားပေးဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ သားသမီးတွေကို ကျောင်း၊ အိမ်၊ အများပြည်သူနဲ့ ပုဂ္ဂလိကပိုင်နေရာများမှာ မည်ကဲ့သို့ပြုမူဆက်ဆံရမည်ဆိုတာတွေကိုလည်း သင်ကြားထားပေးသင့်ပါတယ်။

မိဘများအနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေအပေါ် ရိုးသားမှုရှိသင့်တဲ့ ဒုတိယတချက်က မိဘနဲ့သားသမီးကြား ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေတွေကို ဖန်တီးပေးနိုင်ဖို့ဘဲဖြစ်ပါတယ်။ မိဘနဲ့ သားသမီး အပြန်အလှန်ရိုးသားမှုရှိပါက မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေနဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ရိုးသားမှုရှိဖို့ အတင်းအကျပ်ခိုင်းစေတာမျိုးထက် ကိုယ့်အသိစိတ်နဲ့ကိုယ် ရိုးသားမှုတန်ဖိုးကို သိရှိနားလည်ပြီး တန်ဖိုးထားတတ်ဖို့ကို အလေးထားသင်ကြားပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေအပေါ်ရိုးသားမှုရှိသင့်တဲ့ တတိယအချက်ကတော့ အတုခိုးမှားပြီး လမ်းမှားမရောက်စေဖို့ဘဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက လိမ်တတ်ညာတတ်တဲ့ ကလေးငယ်တွေဟာ ကြီးပြင်းလာတဲ့အခါမျိုးမှာ ရာဇဝတ်မှုတွေကို ကျူးလွန်တတ်ကြပါတယ်။ စကားကို အမျိုးမျိုးလိမ်ညာလှည့်ဖျားပြောဆိုတတ်ကြတဲ့ သူတွေကိုလူတွေက မနှစ်သက်တတ်၊ ရွံမုန်းတတ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာမှာ၊ ရာထူးနေရာကြီးကြီးမှာ တာဝန်ထမ်းဆောင်တဲ့အခါမှာ စကားမတည်တဲ့သူ၊ ရိုးသားမှုမရှိတဲ့ သူတွေကို ဘယ်လိုလူမျိုးကမှ ယုံကြည်စိတ်ချပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ရိုးသားမှုရဲ့ တန်ဖိုးကို အလေးအနက်ထား သင်ပြပေးဖို့လိုအပ်ပါတယ်။
ရိုးသားမှုရှိတဲ့ မိဘတွေကို ပိုင်ဆိုင်ရတဲ့ ကလေးငယ်တွေဟာ ကံအကောင်းဆုံးလို့ ပြောလို့ရနိုင်ပါတယ်။ ရိုးသားမှုဟာ ငွေကြေးဥစ္စာပြည့်စုံမှုနဲ့ ဝေးကွာချင်ကွာနေပါလိမ့်မယ်။ ဒါပေမယ့် ရှင်သန်နေရတဲ့ ကာလတိုတိုလေးမှာ ဘယ်လိုလူကိုမှ မဟုတ်တာမလုပ်ခဲ့၊ ကောက်ကျစ်ယုတ်မာခြင်းမပြုခဲ့၊ မဟုတ်တမ်းတရားတွေ မပြောခဲ့၊ မဆိုခဲ့ဘဲ လိပ်ပြာသန့်သန့်ရှင်သန်ခဲ့တယ်ဆိုတဲ့ အသိစိတ်က ရှင်သန်ခဲ့ရသမျှကာလပတ်လုံးကို ကျေနပ်အားရနေစေပါလိမ့်မယ်။ ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်ခဲ့တယ်ဆိုတာကို သားစဉ်မြေးဆက် ဂုဏ်ယူနိုင်ပါလိမ့်မယ်ဆိုတဲ့အကြောင်းကို ဝေမျှပေးလိုက်ပါတယ်။
#Chit_may_may
#Dmo_aung
#Ref-wordpress