ကလေးငယ်တွေအတွက် မှန်ကန်ထိရောက်တဲ့ သွန်သင်ဆုံးမနည်းများ

0
9575
- Advertisement -

ကလေးငယ်တွေကို ကောင်းမွန်မှန်ကန်တဲ့ ပြုစုပျိုးထောင်မှုမျိုးလုပ်နိုင်ဖို့ဆိုတာ တကယ့်ကိုမလွယ်ကူပါဘူး။ မိဘတွေဆိုတာကလည်း လူသားတွေဘဲမို့ တစ်ခါတစ်ရံကျ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ သားသမီးတွေ အမှားလုပ်မိတဲ့ အခါမျိုးမှာ သူတို့ကို မှန်ကန်စွာနားလည်ခံစားတတ်ဖို့ သူတို့လုပ်ရပ်နဲ့ ထိုက်တန်မယ်ထင်တဲ့ အပြစ်ပေးတာမျိုးက ပိုလို့တောင် ခက်ခဲပါသေးတယ်။ လုပ်ရပ်နဲ့ အပြစ်ပေးတာမညီမျှရင်လည်း သားသမီးများဟာ မိဘတွေကို ချစ်ခင်ကြင်နာစိတ်တွေ နည်းပါးသွားစေနိုင်ပြီး မိဘနဲ့သားသမီး ဆက်ဆံရေးကို ပိုလို့ဆိုးဝါးသွားစေနိုင်သလို အပြစ်ပေးတာဟာ လျော့ပေါ့သွားရင်လည်း သူတို့လုပ်ရပ်ကို နောင်တမရစေနိုင်တော့ပါဘူး။ ဒီတော့ မှန်ကန်တဲ့ ဆိုဆုံးမခြင်းဟာ မိဘတွေအတွက် တကယ်ကို ခက်ခဲလွန်းတဲ့ ပြသနာတစ်ရပ်ဖြစ်ပါတယ်။

ရည်ရွယ်ချက်ရှိရှိ အမှားကျူးလွန်တာမျိုးမဟုတ်ရင် အပြစ်မပေးသင့်ပါဘူး

များသောအားဖြင့် ကလေးငယ်တွေဟာ စူးစမ်းလိုစိတ်နဲ့ မရည်ရွယ်တဲ့ အမှားတွေကိုကျူးလွန်မိတတ်ကြပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နာကျင်မှုမရှိနိုင်ဘူးဆိုရင် သူတို့လုပ်နေတဲ့လုပ်ရပ်တွေဟာ လမ်းကြောင်းမှားကိုဦးတည်နေတယ်ဆိုရင်တောင် သူတို့အမှားကို သူတို့ကိုယ်တိုင်ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မသိမသာလေးစောင့်ကြည့်တာမျိုးကလွဲပြီး မတားမြစ်သင့်ပါဘူး။ သူတို့မှားယွင်းနေကြောင်း ကိုယ်တိုင်သိရှိနားလည်သွားတဲ့အခါမှ သူတို့ကို စာနာနားလည်စွာနဲ့ လမ်းကြောင်းမှန်ကို သိရှိနားလည်သွားအောင် လမ်းညွှန်ပြသပေးတာက မှန်ကန်တဲ့ လမ်းညွှန်မှုမျိုးလို့ ဆိုလို့ရမှာပါ။ မရည်ရွယ်ဘဲလုပ်မိသွားတဲ့အပြစ်တွေကို ဒေါသတကြီးနဲ့အပြစ်ဒဏ်ပေးရင်တော့ ကလေးငယ်တွေဟာ မိဘတွေကို မလွန်ဆန်နိုင်လို့ အပြစ်ဒဏ်ကို ခံယူကြပေမယ့် သူတို့ဟာ အင်အားရှိသူက အင်အားမရှိသူကို အနိုင်ကျင့်တယ်ဆိုတဲ့ စိတ်ဒဏ်ရာမျိုးဝင်သွားစေနိုင်ပြီး သူတို့ကိုယ်တိုင်ပါ အနိုင်ကျင့်တတ်တဲ့ ကလေးဆိုးမျိုးဖြစ်သွားစေတတ်ပါတယ်။

အကြံဉာဏ်ပေးလမ်းညွှန်ပြတာနဲ့ အမိန့်ပေးနာခံစေတာက မတူညီပါဘူး

မိဘအများစုဟာ သူတို့နီးစပ်ရာပတ်ဝန်းကျင်ရဲ့ ဆိုဆုံးမမှုတွေကို လက်ဆင့်ကမ်းသယ်ယူလာပြီး သူတို့ရဲ့ သားသမီးတွေကို ဆိုဆုံးမတတ်ပါတယ်။ ဒါကိုလည်းမှန်ကန်တဲ့ ဆိုဆုံးမမှုမျိုးလို့ မှတ်ယူတတ်ကြပါတယ်။ မလုပ်ရဘူးလို့ပြောထားတဲ့အရာကို လုပ်မိတဲ့အခါမျိုးမှာ အပြစ်ပေးဖို့ကိုဘဲ တွေးတတ်ကြပြီး ဘာကြောင့်မလုပ်သင့်ဘူးဆိုတာမျိုးကိုကျ နားလည်အောင်ရှင်းပြဖို့
မလုပ်တတ်ကြပါဘူး။ စိတ်ဓါတ်မာကျောတဲ့ ကလေးငယ်တွေမှာတော့ ဆိုးကျိုးသိပ်မရှိနိုင်ပေမယ့် စိတ်နုနယ်တဲ့ ကလေးတွေမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို ထုတ်မသုံးဝံ့တော့ဘဲ ဦးစီးဦးဆောင်လုပ်တတ် လုပ်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်တဲ့အခြေအနေကို လက်လွှတ်ဆုံးရှုံးသွားစေနိုင်ပါတယ်။ တီထွင်ကြံဆတတ်တဲ့ အသိဉာဏ်ပါတုံးသွားစေနိုင်ပါတယ်။

လူအများရှေ့မှာ အပြစ်ပေးတာမျိုးမလုပ်သင့်ပါဘူး

လူအများရှေ့မှာ အပြစ်ဒဏ်ပေးတာမျိုးဟာ ကလေးငယ်တွေကို ရှက်ကြောက်ခြင်းနဲ့ ဝမ်းနည်းဒေါသစိတ်ကို ဖြစ်စေတတ်ပါတယ်။ လူအများရှေ့မှာ မကြာခဏချီးကျူးခံရတဲ့ ကလေးငယ်ဟာ မာန်မာနထောင်လွှားလာတတ်သလို လူအများရှေ့ မကြာခဏအပြစ်ပေးခံရတဲ့ ကလေးငယ်တွေဟာလည်း ဝမ်းနည်းသိမ်ငယ်စိတ်တွေကြောင့် လူစွမ်းလူစ ညံ့သွားတတ်ကြပါတယ်။ မလုပ်သင့်မလုပ်အပ်ကြောင်း နားလည်သဘောပေါက်အောင်ပြောဆိုထားတာကိုမှ ချိုးဖောက်ရင် အပြစ်ပေးမယ်လို့ ပြောဆိုထားတာမျိုးကို ချိုးဖောက်ကြောင်းသိရှိပြီဆိုရင်လည်း ပြောဆိုထားတဲ့အတိုင်း အပြစ်ဒဏ်ကိုပေးရပါမယ်။ ဒါမှသာ နောင်ကြီးပြင်းအရွယ်ရောက်လာတဲ့အခါမျိုးမှာ လိုက်နာစောင့်ထိန်းရမယ့် နိုင်ငံသားတစ်ဦးချင်းစီရဲ့ ဥပဒေကို လေးစားလိုက်နာတတ်မှာဖြစ်ပါတယ်။

ညီအကို မောင်နှမတွေကြား အပြစ်လုပ်သူမပေါ်ပေါက်ခဲ့ရင် အားလုံးကို အပြစ်ပေးဖို့လိုပါတယ်

အပြစ်လုပ်သူမပေါ်ပေါက်လို့ အပြစ်မပေးဘူးဆိုရင် နောက်ထပ်ဒီလိုမျိုးတွေထပ်ဖြစ်လာနိုင်ပါတယ်။ ညီအကိုမောင်နှမတွေကို အဲဒီလိုတန်းတူအပြစ်ပေးလိုက်တာက ထပ်တူလုပ်ရပ်မျိုးဖြစ်ပွားမှာကို တားဆီးပေးသလိုဖြစ်စေပါတယ်။ အပြစ်ဒဏ်ပေးတယ်ဆိုရာမှာလည်း လက်ရှိလုပ်တဲ့ အပြစ်အတွက် အပြစ်ဒဏ်ကိုသာ ပေးသင့်ပြီး အတိတ်က အမှားတွေကို အသစ်တစ်ဖန်ပြန်လုပ်ပြီးအပြစ်ပေးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ရိုက်နှက်အပြစ်ပေးတာမျိုးထက် သူတို့ရဲ့ ဝါသနာပါရာကို အကန့်အသတ်ဖြင့် ထိန်းချုပ်လိုက်တာက ပိုပြီးသင့်တော်ပါတယ်။ ( ဥပမာ- ဖုန်းကိုတစ်ပတ်လောက်သိမ်းတာမျိုး၊ ဂိမ်းဆော့တာကိုနှစ်သက်တဲ့ ကလေးငယ်ကို ရက်အကန့်အသတ် မဆော့ခိုင်းတာမျိုး စသည်ဖြင့် ပြုလုပ်သင့်ပါတယ် )။ အထူးသတိပြုရမှာက ကလေးငယ်တွေကို သုံးစားမရဘူးတို့၊ အသုံးမကျဘူးတို့ ဆိုတဲ့ အသုံးအနှုန်းမျိုးတို့ကို သုံးစွဲပြီး အပြစ်တင် ကြိမ်းမောင်းဖို့မသင့်ပါဘူး။ နုနယ်တဲ့ ကလေးတွေရဲ့စိတ်မှာ သူတို့ကိုသူတို့ အဲဒီလိုထင်မြင်သွားခဲ့ရင်သူတို့ရဲ့ အနာဂတ်ကာလမှာ ရှုံးနိမ့်သူတွေဖြစ်သွားစေနိုင်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here