ကလေးငယ်တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေရန်နဲ့ တန်ဖိုးထားတတ်စေဖို့ နည်းလမ်းများ

0
158
- Advertisement -

လူတိုင်းဟာ မွေးဖွားလာကတည်းက ပြည့်စုံကြတဲ့သူတွေမဟုတ်ကြပါဘူး။ လူတိုင်းမှာ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ၊ အလိုမကျမှုတွေ၊ သိမ်ငယ်စိတ်တွေရှိတတ်ကြပြီး အဲဒီလိုအရာမျိုးတွေကို တွန်းလှန်တိုက်ထုတ်နိုင်မှသာ မိမိတို့လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို ရရှိနိုင်မှာဘဲဖြစ်ပါတယ်။ ဒီတော့ မိမိတို့ရဲ့ ကလေးငယ်တွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့နဲ့ တန်ဖိုးထားတတ်စေဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုဆိုတာက လွယ်လွယ်ပြောရရင် မိမိကိုယ်ကိုလေးစားဖို့ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေထားရှိခြင်း၊ အရာရာကို အကောင်းဘက်က တွေးခေါ်ခြင်း စတာတွေဟာ စိုးရိမ်ပူပန်ခြင်းနဲ့ မျှော်လင့်ချက်နည်းပါးခြင်းတွေကို တိုက်ထုတ်နိုင်ဖို့အတွက် နည်းလမ်းကောင်းဘဲဖြစ်ပါတယ်။

ဘဝဆိုတာကြီးမှာ ခက်ခဲတဲ့အချိန်ကာလတွေရှိတတ်ကြပါတယ်။ အမှားအယွင်းတွေလုပ်မိပြီး အရာရာကို လက်လွှတ်ဆုံးရှုံးသွားရတဲ့အဖြစ်မျိုးတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအမှားမှားအယွင်းယွင်းဖြစ်သွားတဲ့အချိန်မျိုးမှာ ပြန်လည်ပြင်ဆင်ခွင့်ရှိတယ်ဆိုတာကို ကလေးငယ်တွေ သိထားဖို့ကအရေးကြီးပါတယ်။ ဒါမှသာ လက်လျော့အရှုံးမပေးတတ်တဲ့စိတ်နဲ့ မျှော်လင့်ချက်တွေဟာ ရှင်သန်နေနိုင်မှာဘဲဖြစ်ပါတယ်။

ကြုံတွေ့လာရတဲ့ ပြဿနာတွေကို ရှောင်ရှားခြင်း၊ တာဝန်ခံခြင်းမရှိတာဟာ အရာရာကိုစိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း အစရှိတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်လာစေပြီး အစွမ်းအစမရှိတဲ့ လူတွေဖြစ်သွားစေတတ်တာမို့ တာဝန်ယူတတ်တဲ့စိတ်တွေထားရှိဖို့နဲ့ ကြုံတွေ့လာရမယ့် ပြဿနာတွေကို ကြောက်ရွံ့မနေဖို့ကလည်း အရေးကြီးတဲ့ သင်ခန်းစာတွေဘဲဖြစ်ပါတယ်။

ကလေးငယ်တွေအတွက် မိမိကိုယ်ကိုတန်ဖိုးထားတတ်စေဖို့နဲ့ ယုံကြည်မှုရှိစေဖို့က မိဘတွေအနေနဲ့ အစောဆုံးသင်ကြားပေးသင့်တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတခုဖြစ်ပါတယ်။ မိဘတွေဟာ ကလေးငယ်တွေရဲ့ ဘဝမှာ ဩဇာအရှိဆုံးသောသူတွေဖြစ်တာမို့ မိဘတွေရဲ့ ပြုမူပြောဆိုပုံတွေဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အကျိုးသက်ရောက်မှုဖြစ်ပေါ်စေပါတယ်။ ကလေးငယ်တွေကို ချစ်ခြင်းမေတ္တာနဲ့ ကြင်ကြင်နာနာဆက်ဆံပေးတာဟာ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေကို ဖြစ်ပေါ်လာစေပါတယ်။

အားနည်းချက်တွေကို ဖေးမပြီး အားသာချက်တွေကိုအာရုံစိုက်ပေးဖို့လည်း လိုအပ်ပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေကို အသုံးချနိုင်ဖို့အတွက် အားပေးကူညီမှုတွေကိုလည်း ပြုလုပ်ပေးရပါမယ်။ သူတို့အတွက် စိန်ခေါ်မှုရှိစေတဲ့အရာတွေနဲ့ အခက်အခဲတွေကို ခွဲခြားသိမြင်စေဖို့ကလည်းအရေးကြီးပါတယ်။ ဘဝမှာကြုံတွေ့လာရမယ့် ရှုံးနိမ့်မှုတွေကို လက်သင့်ခံတတ်စေဖို့ကိုလည်း သင်ကြားပေးရပါမယ်။ ဒါမှသာ စိတ်ပျက်အားလျာ့မှုနဲ့ စိတ်ဓါတ်ကျဆင်းမှုတွေကို တွန်းလှန်နိုင်မှာဘဲဖြစ်ပါတယ်။

ကလေးငယ်တွေကို လုပ်ပိုင်ခွင့်ပေးခြင်း၊ သူတို့မသိသေးတဲ့အရာတွေကို တတ်မြောက်စေခြင်း စတာတွေကလည်း သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေပါတယ်။ အားကစား သို့မဟုတ် ကျွမ်းကျင်မှုအသစ်တခုကို သင်ကြားလိုတဲ့အခါမျိုးမှာ မိဘတွေအတွက် အရမ်းကြီးအခက်အခဲ မဖြစ်ပေါ်စေဘူးဆိုရင် ခွင့်ပြုပေးပါ။ ဒါပေမယ့် တွေ့ကြုံလာရမယ့် အခက်အခဲတွေ၊ ထားရှိရမယ့် စိတ်နေစိတ်ထားတွေ၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြောပြပြီး ဇွဲရှိဖို့လိုအပ်တဲ့အကြောင်းကိုလည်း ပြောပြပေးရပါမယ်။

ကလေးတွေကို ချီးမွမ်းပေးတာက ကောင်းတဲ့အပြုအမူဖြစ်ပေမယ့် အလွန်အကျွံမဖြစ်စေဖို့တော့လိုပါတယ်။ အရှိအတိုင်းလက်သင့်ခံပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို ထောက်ပြပေးတာက အကောင်းမွန်ဆုံးသောနည်းလမ်းဘဲဖြစ်ပါတယ်။ သူတို့လုပ်ကိုင်နေတဲ့အရာတွေကို မိဘတွေက စိတ်ဝင်တစားရှိပြီး ကူညီထောက်ပြပေးတာက ချီးမွမ်းခြင်းထက် ပိုပြီး အဖိုးတန်တဲ့အပြုအမူဘဲဖြစ်ပါတယ်။

သူတို့ရဲ့ အောင်မြင်မှုတွေကို စာရင်းပြုစုစေခြင်း၊ ပြီးမြောက်ခဲ့တဲ့လုပ်ဆောင်မှုတွေကို ချရေးစေခြင်း စတာတွေကလည်း ကိုယ်ကိုယ်ကိုလေးစားမှုကိုမြှင့်တင်ဖို့အတွက် ထိရောက်တဲ့နည်းလမ်းတခုဘဲဖြစ်ပါတယ်။ ဒီလိုမျိုးအရာတွေကို အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အသိစိတ်က သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေကိုလည်း တိုးပွားလာစေပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို မိမိကိုယ်ကိုတန်ဖိုးထားတတ်စေဖို့နဲ့ ယုံကြည်မှုရှိစေဖို့အတွက် လေ့ကျင့်သင်ကြားပေးသင့်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- Momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here