ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေသည် ကြီးသည်ငယ်သည်မရွေး လူသားတိုင်းအတွက် အရေးပါတဲ့ အချက်တချက်ဖြစ်ပါတယ်။ မိဘတိုင်းရဲ့ စိတ်ဆန္ဒတွေကတော့ ကလေးငယ်တွေကို ကောင်းကောင်းမွန်မွန်အရွယ်ရောက်လာတာကို မျှော်လင့်ကြမှာပါဘဲ။ ဒီတော့ ကလေးငယ်တွေကောင်းမွန်စွာအရွယ်ရောက်လာစေဖို့၊ လူတော်လူကောင်းလေးတွေဖြစ်ဖို့ အရေးပါတဲ့အချက်တချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ပွေ့ဖက်ခြင်း၊ ရင်ခွင်ထဲပိုက်ထားခြင်း ဒါမှမဟုတ် လက်ကိုကိုင်ထားပေးခြင်း အစရှိတဲ့ အချက်တွေဟာ သူတို့ရဲ့ ဝမ်းနည်းမှု၊ မလုံခြုံမှု၊ အလိုမကျမှု အစရှိတာတွေကိုလျော့နည်းစေပါတယ်။ ဒီတော့ ကလေးငယ်တွေကို ပြုစုပျိုးထောင်ခြင်းနဲ့ ပတ်သတ်လို့ မိဘတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုရဲ့ အရေးပါပုံကိုလည်း သတိပြုသင့်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးငယ်တွေကို နွေးထွေးကြင်နာစွာဆက်ဆံပေးတာဟာ သူတို့ရဲ့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေပါတယ်။ ပိုပြီးတိတိကျကျပြောရရင်တော့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ သိမြင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကို ဦးဆောင်လမ်းညွှန်ပြသနေခြင်းလည်းဖြစ်ပါတယ်။

လူတဦးနဲ့တဦး နွေးထွေးကြင်နာတဲ့အပြုအမူ(သို့) ပွေ့ဖက်တာမျိုးဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ကျန်းမာရေးကိုပိုမိုကောင်းမွန်စေတဲ့ ဇီဝကမ္မဆိုင်ရာဖြစ်စဉ်တွေကို အထောက်အကူဖြစ်စေပါတယ်။ စိတ်ဖိစီးမှုကိုခံစားနေရချိန် ဒါမှမဟုတ် စိတ်ဓါတ်ကျနေချိန်မှာ ပွေ့ဖက်ခြင်းသည် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ cortisol ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ကလေးငယ်လေးတွေကို ပွေ့ဖက်ချော့မြူတဲ့အခါမှာ သူတို့ဟာ အလွယ်တကူအိပ်ပျော်နိုင်တာကို မိဘတွေအားလုံးသတိထားမိကြမှာပါ။ ဒါဟာဘာကြောင့်လဲဆိုတော့ ဒီလိုခန္ဓာကိုယ်ခြင်းထိတွေ့ဆက်သွယ်ခြင်းသည် အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ serotonin level ကိုမြင့်တက်စေတဲ့အတွက်ဘဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိုနွေးထွေးကြင်နာတဲ့ ပွေ့ဖက်မှုမျိုး (သို့) ထိတွေ့မှုမျိုးသည် အခြားသောမရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေကိုပါရရှိစေပါတယ်။ ချစ်ခင်ကြင်နာမှုတွေနဲ့ ကြီးပြင်းလာတဲ့ကလေးတွေသည် လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုလျော့နည်းခြင်း၊ အဆိုးမြင်စိတ်နည်းပါးခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထားခြင်းနဲ့ တက်တက်ကြွကြွရှိခြင်း၊ သင်ယူနိုင်မှုစွမ်းရည်မြင့်မားခြင်း အစရှိတဲ့အကျိုးကျေးဇူးတွေကို ရရှိလာစေနိုင်ပါတယ်။

ကလေးငယ်တွေ ကျန်းမာသန်စွမ်းဖို့အတွက် နေ့စဉ် “နို့” သောက်သုံးသကဲ့သို့ ချစ်ခင်ရသူတွေနဲ့ ထိတွေ့ပွေ့ဖက်ခြင်း၊ ကြင်နာစွာဆက်ဆံခြင်း အစရှိတာတွေကလည်း ကျန်းမာသန်စွမ်းဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ အဟာရဓါတ်တမျိုးလို့ဆိုနိုင်ပါတယ်။ မိဘနဲ့ သားသမီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရင်းနီးချစ်ခင်မှုများလည်း ပိုပြီးတိုးပွားလာစေပါတယ်။ ဒါပေမယ့်မြီးကောင်ပေါက်ဆယ်ကျော်သက်အရွယ်မှာတော့ ကလေးလေးတယောက်လို ချစ်ခင်ကြင်နာမှုပြသတာမျိုးကို သူတို့အနေနဲ့နှစ်သက်ချင်မှနှစ်သက်ကြပါလိမ့်မယ်။

ဒါကြောင့်မို့ ဆယ်ကျော်သက်အရွယ် မိမိရဲ့ သားသမီးတွေနဲ့ ဆက်ဆံရေးမှာတော့ သူတို့ရဲ့ လိုလားဟန်ရှိ/မရှိဆိုတာမျိုးကို မိဘတွေအနေနဲ့ သတိပြုဖို့လိုအပ်ပါတယ်။ သို့ပေမယ့်လည်း ငယ်စဉ်ကတည်းကချစ်ခင်တွယ်တာမှုနဲ့ နွေးထွေးကြင်နာမှုတို့ကို ခံစားသိမြင်လာရတဲ့ ကလေးငယ်တယောက်ဟာ တကိုယ်ကောင်းဆန်ခြင်း၊ အတ္တကြီးခြင်း အစရှိတဲ့ မကောင်းတဲ့အကျင့်စရိုက်မျိုးနဲ့ ဝေးကွာနေပါလိမ့်မယ်။
ဒါကြောင့်မို့ မိဘတွေအနေနဲ့ မိမိရဲ့ သားသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာအရနွေးထွေးကြင်နာစွာဆက်ဆံတဲ့အပြုအမူတွေဟာ သူတို့ကိုကောင်းမွန်စွာကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် အရေးပါတဲ့အချက် ၁ချက်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- youaremom
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။