ကလေးငယ်တွေ မိမိကိုယ်ကို တန်ဖိုးထားတတ်စေဖို့အတွက် နည်းလမ်းများ

0
280
- Advertisement -

ကလေးငယ်တွေရဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုအတွက်အရေးကြီးဆုံးသောအုတ်မြစ်တခုမှာ မိမိကိုယ်ကိုတန်ဖိုးထားခြင်းဘဲဖြစ်ပါတယ်။ ဆိုလိုချင်တာက မိမိကိုယ်ကိုယုံကြည်မှုရှိစေဖို့၊ မာန်မာနထောင်လွှားခြင်းမရှိဖို့နဲ့ မိမိကိုယ်ကို လေးစားမှုရှိဖို့ကို ဆိုလိုရင်းဘဲဖြစ်ပါတယ်။ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိတဲ့ကလေးငယ်တွေဟာ သူတို့ရဲ့ စွမ်းရည်တွေကို ကောင်းမွန်စွာအသုံးချနိုင်စွမ်းရှိသလို ကျောင်းစာသင်ခန်းအတွင်းနဲ့ အပြင်ဘက်လက်တွေ့ဘဝရှိ စိန်ခေါ်မှုများကို ကိုင်တွယ်နိုင်စွမ်းရှိတယ်လို့လည်း ခံစားရစေပါတယ်။

များသောအားဖြင့် ကလေးငယ်တွေ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်စေဖို့အတွက် စံပြအပြုအမူများမှာ မိဘတွေဆီက သင်ကြားခြင်းဘဲဖြစ်ပါတယ်။ မိဘတွေရဲ့ ပြုမူပြောဆိုပုံ၊ ပတ်ဝန်းကျင်ရှိလူအများနဲ့ ပြောဆိုဆက်ဆံပုံ၊ မိမိရဲ့ သားသမီးတွေကို ပြုမူပြောဆိုပုံ အစရှိတာတွေကနေ ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။ မိဘတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို သိမြင်စေခြင်း၊ ရည်မှန်းချက်ပန်းတိုင်များနဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ ကလေးငယ်တွေအတွက် အကောင်းဆုံးသောသင်ခန်းစာတွေဘဲဖြစ်ပါတယ်။

ကလေးငယ်တွေကို သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိရှိ ပြောဆိုပြုမူဆက်ဆံတတ်စေဖို့အတွက်ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေရဲ့ လုပ်ရပ်တွေနဲ့ ကြိုးစားမှုတွေကိုအသိအမှတ်ပြုခြင်း၊ ချီးမွမ်းပေးခြင်း၊ လိုအပ်တဲ့ထောက်ပံ့မှုတွေဖြည့်ဆည်းပေးခြင်းစတာတွေက သူတို့ကိုယ်သူတို့ ယုံကြည်မှုမြင့်မားစေဖို့အတွက် အကူအညီဖြစ်စေပါတယ်။ ဒါ့အပြင်
လူအများနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာလည်း ကောင်းမွန်တဲ့အပြုအမူအပြောအဆိုမျိုးဖြစ်စေဖို့အတွက် ဂရုတစိုက်သင်ကြားပေးရပါမယ်။ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ ကလေးငယ်တွေဟာ ကြီးပြင်းလာတဲ့အခါမှာလည်း ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်ပြုမူတတ်သလို အခက်အခဲနဲ့ကြုံတွေ့ရချိန်မျိုးမှာလည်း ကူညီထောက်ပံ့တတ်တဲ့ မိတ်ဆွေကောင်းတွေရရှိတတ်တာမို့ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေဖို့အတွက် ဂရုတစိုက်သင်ကြားပေးရပါမယ်။

- Advertisement -

မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ ဝါသနာနဲ့ အားကစားလှုပ်ရှားမှုများကို ကောင်းမွန်တဲ့အားပေးထောက်ခံမှုမျိုးပေးဖို့လည်း လိုအပ်ပါတယ်။ သူတို့ရဲ့ ဝါသနာကို ဖြည့်ဆည်းပေးတာက သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ဖန်တီးနိုင်မှုစွမ်းအားတွေကို မြင့်တက်စေနိုင်ပါတယ်။ အားကစားလှုပ်ရှားမှုများကတော့ ခန္ဓာကိုယ်ကိုကျန်းမာကြံ့ခိုင်စေသလို အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်တတ်ပြီးတကိုယ်ကောင်းစိတ်ဓါတ်များ လျော့ပါးစေပါတယ်။ အားကစားလှုပ်ရှားမှုများက ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း အထောက်အကူဖြစ်စေသလို စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖြစ်တဲ့ ရှုံးနိမ့်တဲ့အခါမျိုးမှာ အရှုံးကိုလက်ခံနိုင်စွမ်းရှိပြီး အောင်မြင်မှုတွေကို ဘယ်လိုပြန်လည်ရရှိနိုင်အောင် စွမ်းဆောင်နိုင်မလည်းဆိုတဲ့ စိတ်ဓါတ်တွေကိုပါ သိရှိခံစားရစေနိုင်ပါတယ်။ ဒီလိုစိတ်ဓါတ်တွေနဲ့ အပြုအမူတွေဟာ ကြီးပြင်းလာတဲ့အခါမျိုးမှာလည်း ဘဝရဲ့ ရိုက်ခတ်မှုတွေကို ကြံ့ကြံ့ခံ့နိုင်စွမ်းရှိပြီး ရှုံးနိမ့်သွားတဲ့အခါမျိုးမှာ ဘဝကို လက်လျော့အရှုံးပေးတတ်တဲ့အပြုအမူတွေနဲ့ ဝေးကွာသွားစေနိုင်ပါတယ်။

ဒါကြောင့်မို့ မိဘတွေအနေနဲ့ သားသမီးတွေကို ရိုက်နှက်ခြင်းများ၊ ကြမ်းတမ်းတဲ့ ပြုမူပြောဆိုမှုများကို အတတ်နိုင်ဆုံးရှောင်ရှားပြီး စိတ်ရှည်ရှည်ထားကာ ချစ်ခင်ကြင်နာနွေးထွေးမှုများပေးပါက သူတို့ရဲ့ ပြုမူပြောဆိုပုံနဲ့ စိတ်ခံစားချက်တွေဟာ အကောင်းမွန်ဆုံးဖြစ်လာနိုင်ပြီး သာယာတဲ့ဘဝခရီးလမ်းကိုဖြောင့်တန်းစွာ လှမ်းလျောက်နိုင်ပါမယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref-kidsvillage

LEAVE A REPLY

Please enter your comment!
Please enter your name here