ကလေးငယ်တွေ ရန်လိုလာကြတဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အကြောင်းများ

0
357
- Advertisement -

ကလေးငယ်တွေ ရန်လိုလာကြတဲ့အပြုအမူနဲ့ ပတ်သတ်ပြီး ဘာကြောင့်မို့ ဒီလိုဖြစ်လာကြသလည်းဆိုပြီး မိဘတွေအနေနဲ့ တွေးလေ့ရှိကြပါတယ်။ ဒီလိုအပြုအမူနဲ့ ပတ်သတ်ပြီး သူတို့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့ သူတို့မြင်တွေ့နေရတဲ့ အရာတွေကို ဂရုစိုက်ဖို့အရေးကြီးပါတယ်။ မောင်နှမတွေကြား အနိုင်ကျင့်တာမျိုးရှိသလား ဒါမှမဟုတ် အတန်းဖော်တွေက အနိုင်ကျင့်သလား အရှိစတဲ့ မေးခွန်းတွေကိုလည်း မိဘတွေအနေနဲ့ ကလေးငယ်ကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းဖို့လည်းလိုပါတယ်။

ဒါ့အပြင် ကလေးငယ်တွေကို ရန်လိုစေတဲ့ အကြောင်းရင်းများစွာလည်း ရှိပါသေးတယ်။ အဲဒီလိုအကြောင်းအရာတွေကို လေ့လာကြည့်ရာမှာတော့ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရခြင်း၊ အကြမ်းဖက်ရုပ်ရှင်တွေ၊ လူဆိုးဂိုဏ်းရုပ်ရှင်တွေ၊ အကြမ်းဖက်ဗီဒီယိုဂိမ်းတွေနဲ့ ဆင်းရဲမွဲတေမှုက ကလေးငယ်တွေကို ရန်လိုအကြမ်းဖက်စေတဲ့ အပြုအမူတွေဆီသို့ ဦးတည်စေလေ့ရှိတယ်လို့ သိရပါတယ်။

မိဘတွေရဲ့ ရိုက်နှက်အပြစ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့စကားမျိုးဖြင့် ကြိမ်ဖန်များစွာ ပြောဆိုခံရခြင်း အစရှိတာတွေကလည်း ကလေးငယ်တွေကို ရန်လိုစေလာတဲ့ အပြုအမူတွေဖြစ်တယ်လို့သိရပါတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာရိုက်နှက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စေမှုတွေကြောင့် ကလေးငယ်တွေဟာ ရန်လိုတတ်လာကြပြီး ဒီလိုရန်လိုတတ်တဲ့ အပြုအမူတွေကြောင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခြင်းကို ခံရနိုင်ပါတယ်။

- Advertisement -

စိတ်ဓါတ်ကျမှု၊ စိတ်ပျက်ခံရမှုတွေကြောင့်လည်း ကလေးငယ်တွေဟာ ရန်လိုအကြမ်းဖက်မှုကို ပြုလုပ်လာနိုင်ကြတယ်လို့ ကျွမ်းကျင်သူတွေက အဆိုရှိကြပါတယ်။ ကလေးငယ်တဦး ရန်လိုတတ်၊ ဒေါသထွက်လာတာမျိုးဟာ ဖြစ်တတ်တဲ့ စိတ်အခြေအနေမျိုးလို့ ဆိုလို့ရပေမယ့် သူတပါးကို မထိခိုက်စေရန် ထိန်းချုပ်မှုမရှိတဲ့အခါမှာ ပြဿနာပေါ်ပေါက်လာပါတော့တယ်။ ဒီလိုအခြေအနေကို ထိန်းချုပ်ဖို့အတွက် မိဘတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။ ကလေးငယ်ကို စိတ်အေးအေးထားစေဖို့၊ ဒေါသကို ထိန်းချုပ်နိုင်ဖို့၊ ပြဿနာကို ရှောင်လွှဲတတ်စေဖို့ကို အထူးဂရုစိုက်သင်ကြားပြသပေးဖို့လိုပါတယ်။

များသောအားဖြင့် ကလေးငယ်တွေဟာ အဖြစ်မှန်နဲ့ စိတ်ကူးစိတ်သန်းကို ခွဲခြားသိမြင်နိုင်စွမ်းမရှိကြသေးပါဘူး။ ဒီလိုမခွဲခြားနိုင်သေးတဲ့ အရွယ်မှာ အကြမ်းဖက်မှုကို အားပေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယိုဂိမ်းတွေကို ကြည့်ရှုဆော့ကစားတာမျိုးကို မိဘတွေအနေနဲ့ ထိန်းချုပ်ဖို့လိုပါတယ်။ ဒီလိုမကောင်းတဲ့ အပြုအမူတွေကို နားလည်မှုလွဲမှားပြီး ကလေးငယ်တွေဟာ အကြမ်းဖက်ရန်လိုလာတတ်တဲ့အတွက် မိဘတွေအနေနဲ့ ဂရုတစိုက်ရှိပေးဖို့လိုပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ မိဘတွေဟာ ကလေးငယ်အပေါ် ချမှတ်ထားတဲ့စည်းကမ်းနဲ့ပတ်သတ်ပြီး တသမတ်ထဲ ထားရှိဖို့ဘဲဖြစ်ပါတယ်။ အမေဖြစ်သူက ဒီလုပ်ရပ်ကို ကျူးလွန်ရင် အပြစ်ပေးမယ်လို့ ပြောထားတဲ့ အရာတခုကို အဖေက မသိချင်ယောင်ဆောင်ခွင့်ပြုပေးတာမျိုး မလုပ်သင့်ပါဘူး။ ဒီအခြေအနေဟာ ကလေးငယ်ကို စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာစေပြီး မှန်ကန်တဲ့လမ်းကြောင်းတွေဆီကနေ လွဲချော်သွားနိုင်ပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ မိဘတွေဟာ ကလေးငယ်တွေရဲ့ စံပြပုဂ္ဂိုလ်တွေဖြစ်တာကြောင့် အပြုအမူ၊ အပြောအဆိုနဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို ကလေးငယ်တွေရဲ့ ရှေ့မှာ အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်ကလေးငယ်တွေဟာ မိဘတွေဆီကနေ မကောင်းတဲ့အပြုအမူအပြောအဆိုတွေ တစိမ့်စိမ့် စိမ့်ဝင်လာပြီး ရန်လိုအကြမ်းဖက်တတ်တဲ့ စိတ်ဓါတ်မျိုးတွေ ဝင်ရောက်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးငယ်တွေရှေ့မှာ အပြုအမူ၊ အပြောအဆိုပိုင်းဆိုင်ရာတွေကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here