ကျွမ်းကျင်သူတွေရဲ့အဆိုအရ ကြင်နာမှုနဲ့ ဉာဏ်ရည်မြင့်မားမှုကြားမှာ ခိုင်မာတဲ့ချိတ်ဆက်မှုမျိုးရှိတယ်လို့ဆိုပါတယ်။ တစုံတယောက်ကို နားလည်ပြီး ဂရုစိုက်ပေးတာ၊ ထောက်ထားညှာတာပေးတာဟာ အားနည်းချက်ရှိတာ၊ စိတ်အားငယ်တတ်တာလို့သတ်မှတ်လို့မရနိုင်ပါဘူး။ တကယ်တော့ ဒါဟာ ဦးနှောက်ရဲ့ကျန်းမာသန်စွမ်းတဲ့လက္ခဏာတရပ်ဘဲဖြစ်ပါတယ်။
ကြင်နာတတ်တဲ့လူတွေဟာ ဉာဏ်ရည်ပိုမြင့်မားကြပါတယ်

သိပ္ပံပညာရှင်ရစ်ချက်ဒေးဗစ်ဆန်ရဲ့ သုတေသနပြုချက်အရ ကြင်နာတတ်ခြင်းသည် ဦးနှောက်ကျန်းမာရေးကိုများစွာအထောက်အကူပြုပြီး ဉာဏ်ရည်ဉာဏ်သွေးတွေကိုထက်မြက်စေတယ်လို့ သိရှိရပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ကြင်နာတတ်စေဖို့ သင်ကြားပေးခြင်းဖြင့် ပညာရေးစွမ်းဆောင်ရည်တွေနဲ့ စိတ်ပိုင်းဆိုင်ရာသုခချမ်းသာတွေကို တိုးပွားလာစေနိုင်ပါတယ်။
အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်များနဲ့ လူမှုစွမ်းရည်တွေကောင်းမွန်ခြင်း

ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တာတခုတည်းနဲ့ ပါရမီရှင်တယောက်လို့ သတ်မှတ်လို့မရနိုင်ပါဘူး။ သူတပါးကို စာနာတတ်ဖို့၊ ကိုယ်ကျင့်တရားကောင်းမွန်ဖို့၊ စိတ်ထားကောင်းများထားရှိတတ်ဖို့ အစရှိတဲ့အချက်တွေလည်းလိုအပ်ပါတယ်။ ကြင်နာတတ်တဲ့သူတွေသည် စိတ်ခံစားချက်တွေကို ကောင်းကောင်းနားလည်တတ်ကြတဲ့အတွက် အများသူငါနဲ့ဆက်သွယ်တဲ့အခါမျိုးမှာ ရင်းနှီးမှု၊ ယုံကြည်ခြင်းခံရမှုအစရှိတဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိတတ်ကြပါတယ်။ ဒါ့အပြင် အခြားသောသူများနဲ့ ပူးပေါင်းလုပ်ဆောင်တတ်ခြင်း၊ အခြားသောသူတွေရဲ့ စိတ်လှုပ်ရှားမှုများနဲ့ အပြုအမူတွေကို ကြိုတင်ခန့်မှန်းနိုင်ခြင်း အစရှိတာတွေကြောင့်ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကောင်းကျိုးပိုမိုရရှိတတ်ကြပါတယ်။
သူတို့ဟာ ကမ္ဘာကြီးကိုပိုမိုကောင်းမွန်လာဖို့ လုပ်ဆောင်တတ်ကြပါတယ်

ကြင်နာတတ်တဲ့စိတ်နှလုံးသားတွေလောက် ကမ္ဘာပေါ်မှာ သတ္တိကြီးမားသောအရာရယ်လို့မရှိပါဘူး။ ကိုယ့်ကျိုးစွန့်ပြီးတပါးသောသူတွေအတွက် ကူညီပေးတတ်တဲ့သူတွေလောက် ကြီးမြတ်တဲ့လူသားရယ်လို့မရှိနိုင်ပါဘူး။ ကမ္ဘာကြီးကိုပိုကောင်းမွန်တဲ့နေရာတခုအဖြစ်တည်ဆောက်နိုင်ဖို့အတွက်ဆို ကြင်နာတတ်တဲ့နှလုံးသားတွေရှိဖို့လိုအပ်ပါတယ်။ တဦးတယောက်ကို အကျိုးပြန်လည်ရလိုမှုမရှိဘဲ ကူညီပေးလိုက်ရတာမျိုးဟာ ဦးနှောက်ရဲ့ ကောင်းခြင်းကွန်ယက်တွေကိုတက်ကြွစေပြီး ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေပါတယ်။ ဒါကြောင့်မို့ အသက်ရှင်နေထိုင်ရခြင်းမှာ လူ့ပတ်ဝန်းကျင်နဲ့ သဘာဝလောကကြီးကို အကျိုးပြုနိုင်ပြီး တန်ဖိုးရှိတဲ့အသက်ရှင်သန်ရခြင်းဖြစ်ဖို့အတွက် ကြင်နာတတ်တဲ့စိတ်ထားကောင်းတွေမွေးမြူဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- Brightside
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။