Home Parenting Child Care ကလေးငယ်တွေ အရာဝတ္ထုတခုခုကို မျိုချမိပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့နေပါက အရေးပေါ်ပြုလုပ်ရန် နည်းလမ်းများ

ကလေးငယ်တွေ အရာဝတ္ထုတခုခုကို မျိုချမိပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့နေပါက အရေးပေါ်ပြုလုပ်ရန် နည်းလမ်းများ

0
ကလေးငယ်တွေ အရာဝတ္ထုတခုခုကို မျိုချမိပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့နေပါက အရေးပေါ်ပြုလုပ်ရန် နည်းလမ်းများ

ကောင်းစွာမသိတတ်သေးတဲ့ ကလေးငယ်တွေသည် သူတို့ရဲ့ လက်တကမ်းမှာရှိတဲ့၊ လက်ထဲကိုင်ထားမိတဲ့ အရာတွေကို
ကလေးသဘာဝ ပါးစပ်ထဲထိုးထည့်တတ်ကြပါတယ်။ အဲဒီလို လုပ်ရင်းနဲ့ အခန့်မသင့်တဲ့အခါမျိုးမှာ မျိုချသွားမိတတ်ကြပြီး
အသက်ရှုလမ်းကြောင်းပိတ်ဆို့တာတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေကိုကြုံတွေ့သွားရနိုင်ပြီး အသက်အန္တရာယ်ကို
ထိခိုက်စေတဲ့အဖြစ်မျိုးတွေထိ ဖြစ်သွားနိုင်တာမို့ မာကြောတဲ့အရာဝတ္တုတခုခု ဒါမှမဟုတ် အစာအိမ်က မချေဖျက်နိုင်တဲ့ အရာဝတ္တုတခုခုကို ကလေးငယ်တွေ မျိုချသွားမိပါက အန္တရာယ်မဖြစ်ပေါ်စေရန်အတွက် အရေးပေါ်ပြုလုပ်သင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်တွေ အရာဝတ္ထုတခုခုကို မျိုချမိသွားပါက မိဘတွေအနေနဲ့ ပထမဆုံးပြုလုပ်ရမှာက စိတ်ငြိမ်ငြိမ်ထားပြီး ကလေးငယ်တွေ မျိုချလိုက်တဲ့အရာကို စစ်ဆေးရပါမယ်။ ကလေးသဘာဝ အဲဒီလိုမျိုချမိတာတွေက မကြာခနဖြစ်တတ်ကြပြီး မိဘတွေအနေနဲ့ အရမ်းကြီးစိုးရိမ်ထိတ်လန့်မနေဖို့လိုအပ်ပါတယ်။ ဒါပေမယ့် လိုအပ်တယ်လို့ယူဆပါက အရေးပေါ်ဆေးကုသမှုခံယူဖို့ လုပ်ဆောင်သင့်ပါတယ်။ များသောအားဖြင့် ကလေးငယ်တွေမျိုချမိတဲ့အရာမျိုးတွေသည် ၂၄ နာရီမှ ၄၈ နာရီအတွင်း သဘာဝအလျောက်ပြန်ထွက်သွားနိုင်တဲ့အရာမျိုးတွေဖြစ်ပြီး အချို့သောအရာဝတ္ထုတွေကတော့ ၅ရက်ခန့်ကြာတတ်ပါတယ်။

ကလေးငယ်တွေမျိုချလိုက်တဲ့ အရာဝတ္တုနဲ့ အခြေအနေပေါ်မူတည်ပြီး မိဘတွေအနေနဲ့ X-ray ရိုက်ဖို့လိုအပ်တယ်လို့ထင်ပါက နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။ ကလေးငယ်တွေမျိုချလိုက်တဲ့ အရာဝတ္ထုတွေဟာ အစာခြေလမ်းကြောင်းနဲ့ ကိုက်ညီမှုရှိတဲ့ အရာဝတ္ထုမျိုးတွေသာ အစာဟောင်းစွန့်ထုတ်ရန်နေရာမှ စွန့်ထုတ်နိုင်တာကို မိဘတွေအနေနဲ့ ဂရုပြုမိဖို့လည်းလိုအပ်ပါတယ်။ များသောအားဖြင့် မည်သည့်လက္ခဏာများမပြပါက အရေးပေါ်ဆေးကုသမှုခံယူဖို့ မလိုအပ်ပေမယ့် အဆိပ်အတောက်ဖြစ်နိုင်တဲ့အရာဝတ္တုမျိုးနဲ့ အစာအိမ်နဲ့အူလမ်းကြောင်းကို ထိခိုက်စေတဲ့အရာဝတ္ထုမျိုးမဖြစ်စေဖို့အတွက် ဆရာဝန်နဲ့ ဆက်သွယ်ပြသပေးတာက အကောင်းဆုံးနည်းလမ်းတခုဘဲဖြစ်ပါတယ်။

တကယ်လို့ ကလေးငယ်သည် မျိုချမိလိုက်တဲ့ အရာဝတ္ထုကြောင့် အသက်ရှုကြပ်သလိုဖြစ်နေပါက ကလေးရဲ့နောက်ဘက်တွင်ရပ်ပြီး သင့်ရဲ့လက်တဘက်ကို ကလေးရဲ့ ရင်ဘတ်ပေါ်တင်ပါ။ ထို့နောက်ကလေးငယ်ကို ရှေ့ဘက်သို့ စောင်းစေပြီး( အန်ချတဲ့ အနေအထားမျိုး) ကလေးရဲ့ကျောကုန်းကို ကျန်ရှိတဲ့ လက်တဘက်နဲ့ ကလေးရဲ့ ပခုံးနှစ်ဘက်ကြားသို့ ခပ်ပြင်းပြင်း ၅ ချက်ခန့်ရိုက်ပုတ်ပေးပါ။ ထိုကဲ့သို့ ပြုလုပ်ရာမှ မျိုချထားသောအရာထွက်မလာပါက ကလေးရဲ့ ချက်အပေါ်ဘက်နားကို လက်ဖြင့်အုပ်ပြီး ကျန်ရှိတဲ့ လက်တဘက်ဖြင့် လက်သီးဆုပ်ကာ ထိုအုပ်ထားသောလက်အပေါ် ခပ်ပြင်းပြင်းလေးထုပေးပါ။ ကလေးငယ် အသက်ရှုလို့ရလာသည်အထိ (သို့) ချောင်းဆိုးလာသည်အထိပြုလုပ်ပေးပါ။ ထိုကဲ့သို့ ပြုလုပ်ပေးသော်လည်း ကလေးငယ် အသက်မရှုဘဲ မေ့မြောသွားပါက အရေးပေါ်ဆေးကုသမှုခံယူဖို့ အမြန်ဆုံးပြုလုပ်ပေးပါ။

တကယ်လို့ ကလေးငယ်သည် စကားပြောနိုင်ပါက သူမျိုချမိသောအရာကို မေးမြန်းပါ။ အရေးကြီးဆုံးကတော့ မိဘတွေအနေနဲ့ အရမ်းကြီးစိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်မနေဖို့နဲ့ ကလေးငယ်ကိုလည်း အေးဆေးတည်ငြိမ်စွာနေနိုင်စေဖို့ဘဲဖြစ်ပါတယ်။ ဒါမှသာ ထိရောက်တဲ့ လုပ်ဆောင်မှုတွေကို ပြုလုပ်နိုင်မှာဘဲဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့အရာဝတ္ထုလိုမျိုးဖြင့် ကလေးငယ်မျိုချထားသောအရာကို ထုတ်ယူဖို့ကြိုးစားခြင်း၊ ကလေးငယ်ကို အန်ချစေခြင်း၊ ရေ(သို့) ဖျော်ရည်တမျိုးမျိုးကို သောက်သုံးစေခြင်း အစရှိတာတွေကို မပြုလုပ်မိဖို့က အရေးကြီးပါတယ်။ ၎င်းတို့သည် မျိုချမိထားသောအရာဝတ္ထုကို ရွေ့လျားသွားစေနိုင်ပြီး အခြေအနေကို ပိုပြီးဆိုးဝါးသွားစေနိုင်တာမို့ မိဘတွေအနေနဲ့ အထူးဂရုပြုဖို့လိုပါတယ်။

လည်ပင်း(သို့မဟုတ်) လည်ချောင်းနာကျင်မှုဖြစ်ပေါ်တဲ့အခါ၊ အသက်ရှုကြပ်တဲ့လက္ခဏာပေါ်ပေါက်တဲ့အခါ၊ အော့အန်တဲ့အခါ၊ အစာအိမ်နာကျင်တဲ့အခါ၊ တံတွေးမျိုချလို့မရတဲ့အခါ၊ ဘက်ထရီ(သို့) သံလိုက် (သို့) ချွန်ထက်တဲ့အရာဝတ္ထုမျိုးကို
မျိုချမိတဲ့အခါ၊ ကလေးငယ်ရဲ့ အသားအရောင်ဖြူဖျော့လာတဲ့အခါ အစရှိတဲ့လက္ခဏာများပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးပြသပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေကို အဲဒီလိုအဖြစ်မျိုးမှ ရှောင်ရှားနိုင်စေဖို့အတွက် သေးငယ်သောအရာဝတ္ထုမျိုးနဲ့ ကစားစေခြင်း၊ အစာစားချိန်မျိုးမှာ လမ်းလျှောက်ခြင်း၊ ပြေးလွှားဆော့ကစားခြင်းတို့ကို ခွင့်မပြုဖို့လိုပါတယ်။ အခွံမာသီးကဲ့သို့သောအစားအစာများကို ကျွေးမွေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here