၅နှစ်၊ ၆နှစ် အရွယ်ကလေးငယ်တွေဟာ အိပ်ရာထဲရှူးပေါက်ချလေ့ရှိပါတယ်။ ဒါပေမယ့် အသက် ၁၂ နှစ်မှ ၁၄နှစ်အရွယ်ကလေးငယ်တွေလည်း အိပ်ရာထဲမှာ ရှူးပေါက်ချမိတာမျိုးဖြစ်တတ်ကြပါတယ်။ ဒါဟာ လူမှုရေးဆိုင်ရာ သက်ရောက်မှုဖိအားများကြောင့် ဖြစ်တယ်လို့ဆိုကြပါတယ်။ အိပ်မက်ယောင်ပြီး အိပ်ရာထဲရှူးပေါက်တတ်ခြင်းသည် အသက်အရွယ်ကြီးပြင်းလာတာနဲ့အမျှ ပျောက်ကွယ်သွားလေ့ရှိပါတယ်။

ခန့်မှန်းခြေအားဖြင့် အသက် ၁၈လခန့်ရှိတဲ့ ကလေးငယ်တွေဟာ နေ့ဘက်တွင် ၅၀ ရာခိုင်နှုန်း ဆီးသွားခြင်းကို ထိန်းချုပ်နိုင်ပေမယ့် ညအခါမှာတော့ ၁၀ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်ကြပါတယ်။ ၂နှစ်၊ ၃နှစ်အရွယ်တွင် ဆီးအိုးဖြင့် ဆီးသွားခြင်းကို လေ့ကျင့်ပေးနိုင်ပြီဆိုပေမယ့် ကလေးငယ်အားလုံးဟာ အိပ်မက်ယောင်ပြီး ရှူးပေါက်ခြင်းကို လုံးဝထိန်းချုပ်နိုင်စွမ်းတော့မရှိသေးပါဘူး။

အချို့ကလေးငယ်များသည် ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိကို အိပ်မက်ယောင်ပြီး ဆီးသွားခြင်းကို မထိန်းချုပ်နိုင်တတ်ကြပါဘူး။ ဇီဝကမ္မဆိုင်ရာအကြောင်းပြချက်များ၊ စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်များ၊ ညအချိန်တွင် ဆီးသွားခြင်းကိုပုံမှန်ဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုနည်းပါးခြင်း အစရှိတဲ့ အကြောင်းကြောင်းတွေကြောင့် ဆီးသွားခြင်းကို ထိန်းချုပ်ဖို့အခက်အခဲရှိတတ်ကြပါတယ်။

မူလတန်းအရွယ်တွင် အိပ်စက်နေစဉ်အတွင်း ဆီးသွားမှုကို မထိန်းချုပ်နိုင်ဘူးဆိုရင် ဇီဝကမ္မဆိုင်ရာအကြောင်းများကြောင့်ဖြစ်ပြီး အလယ်တန်းအရွယ်မှာတော့ စိတ်ပိုင်းဆိုင်ရာပြဿနာများကြောင့်ဖြစ်နိုင်ပါတယ်။ အိပ်စက်နေစဉ်အတွင်း ဆီးသွားတတ်ခြင်းကြောင့် မိမိကိုယ်ကိုလေးစားမှုနဲ့ ယုံကြည်မှုတွေလျော့နည်းစေပြီး အရှက်ကွဲခြင်းနဲ့ အိပ်စက်ဖို့ကို ကြောက်ရွံ့တတ်တဲ့
စိတ်အခြေအနေတွေဖြစ်သွားတတ်ပါတယ်။

ဒီလိုမျိုးဖြစ်စဉ်ဟာ အိပ်စက်မှုဖြစ်စဉ်ကို တိုက်ရိုက်ထိခိုက်တတ်ပြီး စိတ်ရဲ့ မလုံခြုံမှုကြောင့် ကလေးငယ်တွေဟာ အိပ်စက်ခြင်းကို အပြည့်အဝမရရှိနိုင်တော့ဘဲ စိတ်မလုံခြုံမှုကြောင့် အကြိမ်ပေါင်းများနိုးထနေပြီးကောင်းမွန်တဲ့ အိပ်စက်အနားယူမှုမျိုးကို မရရှိနိုင်ကြတော့ပါဘူး။ သူတို့ဟာ စိတ်ဖိစီးမှုတွေကိုလည်း ပိုမိုခံစားကြရပြီး အပြုအမူဆိုင်ရာပြဿနာများနဲ့ အာရုံစူးစိုက်မှုဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရစေနိုင်ပါတယ်။ ရွယ်တူကလေးငယ်များနဲ့ ခရီးထွက်ခြင်းများ၊ အတူတူအိပ်စက်တဲ့အခါများမှာလည်း အိပ်ရာထဲ ဆီးသွားမိမှာကို စိုးရိမ်သောကြောင့် အတူတူမအိပ်စက်ခြင်း၊ အရှက်ရမည်ကိုစိုးရိမ်သောကဖြစ်ခြင်းကြောင့် တယောက်ထဲသီးခြားနေခြင်းများမှစ၍ လူမှုရေးပြဿနာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။

ဒီလိုပြဿနာတွေကို တိုက်ဖျက်ဖို့ လေ့ကျင့်ခန်းအချို့ရှိပြီး ဆီးသွားနေစဉ် ကြွက်သားများကိုထိန်းချုပ်ရန်လေ့ကျင့်ခန်းများနဲ့ ဆီးသွားနေချိန်တွင် ခဏတာ ဆီးသွားမှုကို ရပ်တန့်ရန်ပြုလုပ်ခြင်းများက အိပ်စက်နေစဉ်ဆီးသွားမှုကို နည်းပါးသွားစေနိုင်ပါတယ်။ မိဘများကိုယ်တိုင်ကလည်း ကလေးငယ်များမအိပ်စက်မီအချိန်တွင် ဆီးသွားစေခြင်းနဲ့ ညဘက်အိပ်စက်နေချိန်တွင် နိုးထစေပြီး ဆီးသွားခိုင်းခြင်းတို့က အိပ်စက်နေစဉ်အတွင်းဆီးသွားမှုကို ထိန်းချုပ်နိုင်စေပါလိမ့်မယ်။
#Chit_May_May
#Dmo_aung
#Ref- youaremon