
လူတွေမှာ မွေးဖွားလာကတည်းက ရွေးချယ်စရာများစွာပါလာကြပါတယ်။ တစ်ကိုယ်ရည်နေထိုင်မလား? ဆက်ဆံရေးတစ်ခုထဲကို ခုန်ဆင်းမလား? အိမ်ထောင်ပြုမလား ဒါမှမဟုတ် အပျိုကြီး၊ လူပျိုကြီးပဲလုပ်မလား? အကယ်၍ အိမ်ထောင်ပြုပြီးရင်ရော ကလေးယူမလား? (သို့) မယူဘူးလား? ဒီလိုရွေးချယ်စရာတွေများစွာထဲကမှ ကလေးမွေးဖွားဖို့ဆိုတဲ့ ရွေးချယ်မှုဟာ သင့်ဘဝရဲ့ ပျော်ရွှင်မှုအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ?
လူတစ်ချို့ကတော့ သင်ပျော်ရွှင်ချင်တယ်ဆိုရင် ကလေးယူခြင်းဆိုတာကို မေ့ထားသင့်တယ်လို့ပြောကြပါတယ်။ လူအများစုကတော့ သင်ရောက်နေတဲ့နေရာနှင့် အခြေအနေကို ကြည့်ပြီးမှ ကလေးယူခြင်းက သင့်ပျော်ရွှင်မှုအပေါ်သက်ရောက်ပုံကို အကဲဖြတ်နိုင်မယ်လို့ သတ်မှတ်ကြပါတယ်။ အကယ်၍ ကလေးယူခြင်းဆိုတဲ့ အတွေ့အကြုံကို ကျော်လိုက်မယ်ဆိုရင် သင့်ဘဝအတွက် လေးနက်သော အတွေ့အကြုံတစ်ခုကို ဆုံးရှုံးရနိုင်ပါတယ်။ National Journal of Medicine ရဲ့ လေ့လာမှုအရ လူတွေထဲက အများစုက ကလေးယူတာထက် စျေးဝယ်ထွက်ရတာနဲ့ တီဗီကြည့်ရတာက ပိုပျော်စရာကောင်းတယ်လို့ပဲ ဖြေခဲ့ကြပါတယ်။

ဒီလိုဆိုရင် ကမ္ဘာကြီးပေါ်က ရောင့်ရဲမှုတွေကို သင်ဘယ်လိုသိနိုင်တော့မလဲ? သင့်မှာ သည်းခံနိုင်စွမ်းအား ဘယ်အဆင့်ထိရှိတယ်ဆိုတာကိုလည်း သိနိုင်မှာမဟုတ်သလို အမှန်တကယ်အလုပ်များခြင်းဆိုတာကိုလည်း နားလည်တော့မှာမဟုတ်ပါဘူး။ သင့်ကို ဖက်ပြီး ဘယ်လောက်ချစ်ကြောင်း ပြောပြမယ့်လူသားသေးသေးလေးရော?
ငွေကြေးအခက်အခဲတွေနဲ့ ကလေးမွေးဖွားခြင်းဆိုင်ရာ အမှန်တရား
မိသားစုတစ်ခုမစခင်မှာ အချက်အလက်အားလုံးကို သိနိုင်သလောက် သိထားဖို့ အရေးကြီးပါတယ်။ ပထမတစ်ချက် တွေးရမယ့်အချက်က ကုန်ကျစရိတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နှစ်ဖက်မိဘဝင်ငွေ (သို့) မိဘတစ်ဦးတည်းရဲ့ ဝင်ငွေကို အိမ်အသုံးစရိတ်နှင့် တစ်ခြားကိစ္စအဝဝတွေအတွက်လည်း ဒီအရာကပဲ သုံးစွဲကြပြီး ကလေးအတွက်ရယ်လို့ သီးသန့်ဖယ်ထားသူတွေလည်းရှိသလို ရောနှောပြီး သုံးကြတာလည်းရှိပါတယ်။ တစ်ချို့မိသားစုတွေကတော့ ဒီလိုကြိုတွက်နိုင်လောက်အောင် ဝင်ငွေမရှိကြဘဲ တစ်နေ့လုပ်စာကို ဒီတစ်နေ့မှာပဲ စားသောက်ကြရပါတယ်။ ကလေးမွေးဖွားခြင်းနှင့် ပျော်ရွှင်မှုဆိုတာက ဒီလိုအရာတွေအပေါ်မှာလည်း မြောက်များစွာမူတည်ပါတယ်။
ကလေးတစ်ယောက်ကို ပျိုးထောင်ပြီဆိုရင် သူတို့ခြေထောက်အပေါ် သူတို့ကိုယ်တိုင် ရပ်နိုင်သည်အထိ စဉ်းစားရပါမယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တွေအထိ ငွေကြေးအခြေအနေကို ကြိုတင်စီမံခန့်ခွဲထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ပြောခဲ့သလိုပဲ ကလေးတစ်ယောက်ကို ပျိုးထောင်ရတာ ထင်သလောက်မလွယ်ကူပါဘူး။ ပိုက်ဆံအတွက် စိတ်ပူပြီး အိပ်ရေးမဝတဲ့ ညများစွာ၊ အိပ်မပျော်တဲ့ညတွေကိုလည်း ကုန်ဆုံးရပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ ကိုယ်ပွားလေးကို တိုးတက်စေဖို့ဆိုတဲ့ အသိနဲ့တင် လူအများစုက ဒီလိုအရာတွေကို အလွယ်လေးကျော်ဖြတ်သွားနိုင်ကြပါတယ်။

ကလေးမွေးဖွားပြီး အစပိုင်းမှာတော့ နို့တိုက်မိခင်မှာ ထင်ရှားတဲ့ ဝေဒနာတစ်ခုက ကလေးမွေးဖွားခြင်းအတွေ့အကြုံကနေ ရုပ်ပိုင်းဆိုင်ရာဖိအားကို ခံနိုင်ရည်ရှိရမှာဖြစ်ပြီး ညဉ့်နက်ချိန်အဆက်မပြတ် နို့တိုက်ကျွေးရခြင်း၊ အညစ်အကြေး သန့်ရှင်းပေးရခြင်းကြောင့် သူနာပြုတစ်ယောက်လို ခံစားလာရစေပါလိမ့်မယ်။ မိခင်ရော၊ ဖခင်ပါ အင်မတန်ပင်ပန်းရတဲ့ ကာလတွေဖြစ်ပါတယ်။ သို့ပေမယ့် အိမ်ထောင်ရေးဆိုတာ ဒီလိုအရာတွေကို လုပ်ဆောင်ဖို့ လုံလောက်သော ခွန်အားတွေအပြည့်ရှိနေရပါမယ်။ မိသားစုတစ်ခုမှ ကလေးရှိမှ ပျော်ရွှင်ရမယ်လို့ တစ်ထစ်ချမဆိုလိုပေမယ့် ကလေးရှိတော့ ပိုပြီးစိုပြေတာကတော့ ငြင်းလို့မရတဲ့ အမှန်တရားပါ။ ဇနီးမောင်နှံနှစ်ဦးတည်း သက်ဆုံးတိုင်ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်းဆိုတာလည်း ရှိကောင်းရှိနိုင်ပါတယ်။
သင်လိုသလောက် အချိန်ယူပါ
ငွေကြေးအခြေအနေကြောင့်ပဲဖြစ်ဖြစ် စိတ်ဓာတ်ခွန်အားတွေအတွက်ပဲဖြစ်ဖြစ် အဆင်သင့်မဖြစ်သေးသရွေ့ သင်လိုအပ်သလောက် အချိန်ယူသင့်ပါတယ်။ အမှန်တကယ်တော့ သင်ကလေးမွေးဖွားတဲ့အခါ ပျော်ရွှင်ရတဲ့ ပျော်ရွှင်မှုအတိုင်းအတာက သင့်နိုင်ငံရဲ့ ကလေးပြုစုစောင့်ရှောက်ရေးမူဝါဒနှင့် မိဘတွေအပေါ် ထောက်ပံ့မှု၊ ငဲ့ကြည့်မှုနဲ့လည်း များစွာသက်ဆိုင်ပါတယ်။

နော်ဝေးလိုမျိုး မိဘအသစ်တွေကို ကူညီဖို့ သိသာထင်ရှားသော မူဝါဒတွေရှိတဲ့ နိုင်ငံတွေမှာတော့ တစ်ခြားနိုင်ငံတွေက မိဘတွေထက် ပျော်ရွှင်မှုအဆင့်ပိုများပါလိမ့်မယ်။ နိုင်ငံတော်တော်များများမှာ ကလေးမွေးဖွားခြင်းနဲ့ပတ်သက်ပြီး ခံစားခွင့်တွေပေးကြတာမျိုး ရှိကြပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာ အနားကောင်းကောင်းမယူတဲ့မိခင်တွေဟာ ပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်စေဖို့ အချိန်တော်တော်ယူကြရတယ်လို့ လေ့လာမှုတွေက ဆိုကြပါတယ်။
ကလေးမွေးခြင်းကို လူတွေဘာကြောင့် နောင်တမရကြတာလဲ?
ကလေးတစ်ယောက်ရပြီးတာနဲ့ သင်ဟာ သူတို့နဲ့ ရင်းနှီးလာပြီး သံယောဇဉ်တွယ်လာပါလိမ့်မယ်။ သူတို့ရဲ့ အသက်အရွယ်အရ သူတို့ဟာ သင့်သူငယ်ချင်းတွေဖြစ်လာပြီး နှောင်ကြိုးတွေကလည်း ပိုခိုင်မြဲလာမယ်။ မိဘအများစုက သူတို့ရဲ့ သားသမီးကို မမွေးဖွားလာရင် ကောင်းမယ်လို့ ဘယ်တော့မှ ပြောကြမှာမဟုတ်ပါဘူး။
ဒီလူပုဂ္ဂိုလ်အပေါ် တွယ်တာလာတဲ့ သံယောဇဉ်တွေကြောင့် သင့်ဘဝဒုက္ခတွေခံရမယ်ဆိုရင်တောင် ကောင်းကောင်းကြီးလက်ခံပါလိမ့်မယ်။ ဒါ့ကြောင့် ကလေးယူဖို့ ဆုံးဖြတ်တဲ့အခါ သင်မပျော်ရတော့မှာကို မတွေးပါနဲ့။ သင့်ရဲ့ သွေးသား၊ ပေါင်းသင်းဆက်ဆံရေးနှင့် သင့်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တစ်စုံတစ်ယောက်နဲ့ အဲဒီ့နှောင်ကြိုးကို မျှဝေခံစားလိုက်ပါ။

နောက်ထပ်စဉ်းစားရမယ့်အချက်တစ်ချက်က ဘဝဆိုတာ နေရောင်ခြည်လေးတွေနဲ့ သက်တံ့တွေချည်းပဲ ရှိနေမှာမဟုတ်ပါဘူး။ သင့်ရဲ့ ပျော်ရွှင်မှုဆိုတာထက် ဘဝအတွက် ပိုတွေးရတာများပါတယ်။ သင့်ရဲ့ ကလေးတွေဟာ သင့်ကို နေ့တိုင်းကျေနပ်ပျော်ရွှင်မှုတွေပေးပါလိမ့်မယ်။ ဒီပျော်ရွှင်မှုအစုအဝေးက သင့်အား ကျေနပ်မှု၊ ဘဝရည်မှန်းချက်နှင့် အဓိပ္ပါယ်တွေကို ပြန်ပေးပါလိမ့်မယ်။ ကလေးမွေးဖွားရချိန်မှာ ပျော်စရာမကောင်းပေမယ့် သင့်ရဲ့ ကမ္ဘာမြေကြီးပေါ်က ခရီးတစ်လျှောက်မှာ အဓိပ္ပာယ်တစ်ခုခုရှိစေမှာဖြစ်ပါတယ်။
မိဘအုပ်ထိန်းမှုဆိုတာ ညဘက်မရှိဘဲ နေထွက်ချိန်ဆိုတာမရှိသလို မှောင်မှိက်ပြီးချိန်မှာ နေသာတဲ့ ကောင်းကင်ယံကို ရောက်လာရသလိုမျိုးပါပဲ။ အစပိုင်းမှာ ပင်ပန်းခက်ခဲမှုတွေရှိပေမယ့် သင်ပျိုးထောင်လိုက်တဲ့ ပန်းတစ်ပွင့် တောက်ပစွာ ပွင့်လန်းလာတာကို ဂုဏ်ယူစွာကြည့်ရင်း အတိတ်ကနာကျင်မှုမှန်သမျှပျောက်ကွယ်သွားပါလိမ့်မယ်။ ထိုက်တန်တယ်လို့လည်း ခံစားရပါလိမ့်မယ်။

ကလေးမွေးဖွားခြင်းကနေ ကျေးဇူးသိတတ်ခြင်း၊ ကျေးဇူးတင်တတ်ခြင်းအကြောင်းတွေကို အများကြီးကို သင်ယူပါ။ သားသမီးတွေနဲ့အတူ သာယာသော မိသားစုဘဝတစ်ခုကို ဖန်တီးပြီး လှပသော အမှတ်တရတွေကို ပျိုးထောင်ပါ။ သင်ဘယ်တော့မှ နောင်တမရမယ့် မေ့မရတော့တဲ့ ပျော်ရွှင်မှုမျိုးကို ပိုင်ဆိုင်ရပါလိမ့်မယ်။
Chit_May_May
Nyein_Thu
ref-powerofpossivity
Lifestyle_Myanmar
Nyein_Thu
ref-powerofpossivity