တကယ်တော့ ကလေးတွေမှာ လိမ်ပြောတာက ကလေးဟာ အရမ်းအရေးပါတဲ့ လူမှုရေးကျွမ်းကျင်မှုတချို့ ဖွံဖြိုးတိုးတတ်လာတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ လေ့လာမှုများအရ ၎င်းဟာ အခြားသူများကို ဂရုစိုက်ခြင်း၊ စာနာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ပါတယ်။ သို့သော် တခြားအပြုအမှုများစွာလိုပဲ ဒါကို မိဘတွေ မနှစ်သက်ပါဘူး။ များသောအားဖြင့် ကလေးတွေ အရွယ်ရောက်လာတဲ့ အဆင့်တွေမှာသာ ဖြစ်သော်လည်း တကယ်စိတ်အနှောက်အယှက်ဖြစ်လာရင် သင့်ကလေးကို ကျော်လွှားနိုင်ဖို့ ကူညီနိုင်ပါတယ်။ ကလေးတွေအတွက် ဒီအကျင့်ဆိုးတွေကို ဘယ်လိုဖယ်ရှားရမယ်ဆိုတာနှင့် ပတ်သတ်ပြီး မိဘတွေအတွက် လက်တွေ့အကျဆုံးသော အကြံဉာဏ်တွေကို စုဆောင်းထားပါတယ်။
၁။ လက်မစုပ်ခြင်း
စိတ်ပညာရှင်များရဲ့ အဆိုအရ ကလေးငယ်တွေ လက်မ၊ လက်ချောင်းကို စုပ်တာဟာ သူတို့ကြီးထွားလာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ စိုးရိမ်မှုကို လျှော့ချဖို့ သုံးတဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ မူကြိုအရွယ်ဖြစ်သော်လည်း ဒီအကျင့်ရှိနေသေးရင် ဒီအမူအကျင့်ကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။
သင့်ကလေးရဲ့ လက်မစုပ်တဲ့အချိန်ကို ကန့်သတ်ဖို့ ကြိုးစားပါ။ ဥပမာ- အခြားနေရာများမှာ သော်လည်းကောင်း၊ လူကြားထဲမှာသော်လည်းကောင်း မပြုလုပ်ရဘူးဆိုတဲ့ သဘောတူညီမှုကို ရယူပါ။
ပဋိပက္ခမဖြစ်စေပါနဲ့။ မင်းလက်မစုပ်လို့ မရဘူးလို့ ပြောပြီး သင့်ဒေါသတွေမထွက်ပြပါနဲ့။ အဲ့ဒီအစား သူတို့ လက်မ မစုပ်တဲ့အခါတိုင်း ချီးမွမ်းဖို့ ကြိုးစားပါ။

ဒီကိစ္စနှင့် ပတ်သတ်ပြီး သင့်ကလေးနှင့် ပြောဖို့ ကြိုးစားပါ။ “သားအခု လက်မစုပ်ရတော့မယ့် အရွယ်မဟုတ်တာ သားသိလား” လို့သူတို့ကို မေးရင် သူတို့ရဲ့ ကိုယ်ပိုင်အသိစိတ်ကို တိုးပွားစေပါတယ်။ ဒီစိတ်သက်သာရာ ရစေတဲ့ လုပ်ဆောင်မှုကို အခြားအရာတစ်ခုခုနင့် အစားထိုးနိုင်ဖို့ ကူညီပေးပါ။
သင့်ကလေးအား သူတို့ ကြီးပြင်းလာကြောင်းနှင့် လက်မစုပ်ဖို့ မလိုတော့ကြောင်း ရှင်းပြဖို့ နည်းလမ်းအချို့ရှာပါ။ ဥပမာ- “စပိုင်ဒါမန်းက လက်မ စုပ်တယ်လို့ သားထင်လား” ဟုမေးပါ။
၂။ သွားကြိတ်ခြင်း
များစွာသော မိဘတွေဟာ ကလေးတွေ အိပ်ပျော်နေစဉ် (သို့) နိုးနေစဉ်မှာ သွားတွေကြိတ်တတ်ကြကြောင်း သတိပြုမိကြပါတယ်။ ဒီအခြေအနေကို bruxism လို့ခေါ်ပါတယ်။ သင့်ကလေးအား ကူညီနိုင်ဖို့ နည်းလမ်းအချို့ ရှိပါတယ်။
လေ့လာမှုများအရ ဘရုစ်ဇစ်ဟာ ကလေးတွေမှာ စိတ်ဖိစီးမှုများတာကြောင့် ဖြစ်ရခြင်း ဖြစ်ပါတယ်။
အိပ်ရာမဝင်ခင် ရေချိုးခြင်း၊ သီချင်းနားထောင်ခြင်း (သို့) စာအုပ်တစ်အုပ် ဖတ်ခြင်း၊ အိပ်ရာမဝင်ခင် အနားယူခြင်းအားဖြင့် သင့်ကလေးကို အိပ်ပျော်တဲ့အချိန်မှာ သွားကြိတ်ခြင်းကနေ ထိန်းချုပ်ကူညီနိုင်ပါတယ်။

တခါတရံ စိတ်ဖိစီးမှု ပိုဆိုးရွားလာပါက သွားကြိတ်ခြင်းကို ရပ်တန့်ဖို့ ဆရာဝန်နှင့် ဆွေးနွေးဖို့ လိုအပ်နိုင်ပါတယ်။ ကလေးအား ထိခိုက်စေနိုင်တာကြောင့် ဒီအခြေအနေကို လျစ်လျူမရှုပါနှင့်။
၃။ လက်သည်းကိုက်ခြင်း
စိတ်ဖိစီးမှု၊ သိလိုစိတ်၊ ပျင်းလွန်းခြင်း၊ (သို့) အကျင့်ပါနေတာကြောင့် သင့်ကလေးဟာ လက်သည်းကိုက်နိုင်ပါတယ်။ အဆိုးဆုံးက ဒီအပြုအမှုဟာ လူကြီးဘဝသို့ ဆက်ပါသွားနိုင်ဖွယ်ရှိပါတယ်။ ဒီအကျင့်ကို အချိန်ကြာကြာ ဆက်လုပ်နေတယ်ဆိုရင် ဒါကိုဖယ်ရှားဖို့ ကူညီပေးပါလို့ စိတ်ပညာရှင်များက အကြံပေးထားပါတယ်။
ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကို နားလည်အောင် ကြိုးစားပါ။ ဒီအပြုအမှုကို ကျော်လွှားနိုင်အောင် ကူညီနိုင်တဲ့ အရာတစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုများကို ကြုံတွေ့ရနိုင်ပါတယ်။

ဒီအလေ့အကျင့်ကို သတိပြုမိအောင် သူတို့ကို ကူညီပါ။ သူတို့လက်သည်းကိုက်နေတယ်ဆိုတာ သိစေဖို့ sign တစ်ခုခုနှင့် သဘောတူနိုင်ပါတယ်။ တကယ်လို့ သမီးလေးက လက်သည်းကိုက်ရတာကိုကြိုက်ရင် လက်သည်းမှာ လက်သည်းနီနဲ့ ပန်းချီလှလှလေးဆွဲပေးပါ။ ဒါဆိုရင် လက်သည်းနီပျက်မှာစိုးလို့ လက်သည်းကိုက်တော့မှာ မဟုတ်ပါဘူး။
၄။ နှာခေါင်းနှိုက်ခြင်း
တခါတလေမှာ ကျွန်တော်တို့ရဲ့ ချစ်စရာကောင်းတဲ့ ကလေးတွေေဟာ နှာခေါင်းနှိုက်တဲ့ အကျင့်ရှိကြသလို နှာခေါင်းနှိုက်ပြီး ပါးစပ်ထဲတောင် ထည့်တတ်ကြပါတယ်။ လေ့လာမှုအချို့အရ ၎င်းဟာ မနှစ်မြို့ဖွယ်ကောင်းတဲ့ အကျင့်တစ်ခုဖြစ်ယုံသာမက အဆုတ်ရောင်ရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ပျံ့နှံ့စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီအကျင့်ကို ဖယ်ရှားဖို့ အကြံပြုချက်တစ်ချို့ရှိပါတယ်။
သူတို့အဲ့လိုလုပ်တဲ့ အခါတိုင်း လက်ထဲကို တစ်သျှူးထည့်ပေးပြီး သူတို့ရဲ့ အပြုအမှုကို သတိပေးပါ။
သင့်ကလေးနှင့်အတူ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ ကိစ္စရပ်များအကြောင်း ဆွေးနွေးပါ။
အရွယ်ရောက်သူတွေလို စကားပြောပေးပါ။ ကလေးတွေဟာ အလေးအနက်ထားခံရတဲ့အခါ နှစ်သက်တတ်ကြပါတယ်။
နှာခေါင်းနှိုက်တော့မယ်ဆိုတာနဲ့ သူတို့ရဲ့လက်တွေကို မအားအောင် activities တစ်ချို့လုပ်ခိုင်းပါ။
၅။ ဆံပင်လိမ်ခြင်း
ဆံပင်လိမ်ခြင်းက ကလေးတွေများစွာတွင် ရံဖန်ရံခါ ဖြစ်ပေါ်တတ်တဲ့ မနှစ်မြို့ဖွယ် အကျင့်တစ်ခုဖြစ်ပါတယ်။ ပိုပြီးစိုးရိမ်တတ်တဲ့ ကလေးတွေအတွက် ဒါက စိတ်သက်သာရာရစေတာမျိုးပါ။ တကယ်လို့ ကလေးဟာ အသက် ၃နှစ် ၄နှစ်အထိ ဒါကိုလုပ်နေတာဆိုရင် ပုံမှန်ဟု သတ်မှတ်နိုင်ပါတယ်။ သို့သော် အချိန်ကြာကြာ ဆက်လုပ်နေပါက ဒီအကျင့်ကို ဖျောက်ပေးဖို့ လိုအပ်ပါတယ်။
သူတို့ဒီလိုလုပ်နေတဲ့အခါ ဟဲ့အဲ့လိုမလုပ်နဲ့လို့ သွားမပြောပါနဲ့၊ ပိုဆိုးသွားစေပါမယ်။ အဲ့ဒီအစား ဒီအကျင့်က ဘာ့ကြောင့်ဖြစ်ပေါ်လာရတာလဲ ဆိုတာကို နားလည်အောင် ကူညီပြီး သူတို့နှင့် စကားပြောဖို့ ကြိုးစားပါ။

အားကစားလုပ်ခြင်း၊ ကခြင်းကဲ့သို့သော လှုပ်ရှားမှုများနှင့်အတူ သူတို့ရဲ့ မျိုသိပ်ထားတဲ့ စွမ်းအင်ကို ထုတ်လွှတ်ဖို့ အခြားနည်းလမ်းများကိုရှာဖွေပေးပါ။
အခြားရွေးချယ်စရာတစ်ခုခု ရှာပါ။ ဥပမာ- ကိုယ့်ဆံပင်ကိုယ် ဆော့နေမယ့်အစား အရုပ်ရဲ့ ဆံပင်နှင့် ဆော့နိုင်တာကြောင့် ဆံပင်ရှည်ရှည်နဲ့ အရုပ်မတစ်ရုပ်ပေးထားပါ။
၆။ မကြားဝံ့မနာသာ ပြောခြင်း
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါ ဒီအပြုအမှုကို ရှောင်ရှားဖို့ မဖြစ်နိုင်ပါဘူး။ ကလေးငယ်တွေဟာ တခါတစ်ရံမှာ အန္တရာယ်ကင်းတဲ့ စကားတွေကို ပြောတတ်ကြသော်လည်း နည်းနည်းကြီးတဲ့ ကလေးတွေဟာ အဆဲကိုသုံးပြီး ရည်ရွယ်ချက်ရှိရှိ ပြောတတ်ကြပါတယ်။ သင့်ကလေးရဲ့ ဒီအကျင့်ကို တဖြည်းဖြည်းပျောက်အောင် ကူညီဖို့ အတွေ့အကြုံရှိတဲ့ မိဘတွေရဲ့ အကြံပြုချက်တွေကို မျှဝေလိုက်ပါတယ်၊
ကလေးကို သေချာဂရုစိုက်ပေးပါ။ ဂရုစိုက်ဖို့ အခွင့်အလမ်းလုံလောက်တဲ့ ကလေး၊ ဂရုစိုက်ခံရတဲ့ ကလေးဟာ ကြမ်းတမ်းတဲ့ စကားတွေ မသုံးတော့ပါဘူး။
ကလေးမြင်နေ၊ တွေ့နေ၊ နားထောင်နေရတဲ့ တီဗီရှိုးတွေ၊ တေးဂီတနှင့် အင်တာနက် အကြောင်းအရာတွေကို သတိထားပေးပါ။

လွန်လွန်ကဲကဲ ဒေါသမထွက်ပြပါနဲ့။ အဲ့ဒီအစား လူတိုင်းကို လေးစားသင့်ကြောင်းနှင့် ဒီအပြုအမှုမျိုးကို အပြစ်ပေးမှာဖြစ်ကြောင်း ရှင်းပြဖို့ နည်းလမ်းရှာဖွေပါ။
ထို့အပြင် ကိုယ့်ရဲ့ ပြောပုံ ဆိုပုံကို သတိထားကြည့်ဖို့ မမေ့ပါနဲ့။ ကလေးရှေ့မှာ အိမ်ထောင်ဖက်နှင့် စကားပြောတဲ့အခါ အမြဲတမ်း သင့်တော်စွာ ပြောဆိုပါ။
၇။ လိမ်လည်ခြင်း
သင့်ကလေး လိမ်ပြောရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ တစ်ခုခုကို ဖုံးကွယ်ဖို့၊ ပုံပြင်ကို ပိုပြီးစိတ်လှုပ်ရှားစေဖို့၊ သူတို့လိုချင်တဲ့အရာကို ရရှိဖို့ စတာတွေကြောင့် ဖြစ်ပါတယ်။ အသက် ၄နှစ် ၆နှစ်ကလေးတွေဟာ အခြားလူတွေ ဘယ်လိုထင်မြင်သလဲဆိုတာကို စတင်နားလည်လာတာနှင့်အမျှ လိမ်တတ်လာပါတဘ်။ ဒီအကျင့်ကို ဖယ်ရှားဖို့ ကူညီပေးပါ။
သင့်ကလေးကို အမှန်တရားပြောပြဖို့ အားပေးပါ။ သူတို့ဘာအမှားတွေ ကျူးလွန်ခဲ့ကြပါစေ မိဘကိုပြောပြဖို့နှင့် သူတို့ကို ကူညီဖြေရှင်းပေးမယ်ဆိုတာကို ပြောနိုင်ပါတယ်။

သင့်ကလေးလိမ်ပြောမှရမယ့် အခြေအနေမျိုးကို ရှောင်ကြဉ်ပါ။ ဥပမာ- သူတို့ဟာ နွားနို့တွေ ဖိတ်အောင်လုပ်လိုက်တယ်ဆိုပါစို့။ ဘယ်သူလုပ်သလဲဆိုတာကို မမေးပါနဲ့။ အဲဒီအစား ဒါက မတော်တဆတစ်ခုသာ ဖြစ်ပြီး အတူတူသန့်ရှင်းအောင် လုပ်နိုင်တယ်ဆိုတာ ပြောပြပါ။
လိမ်ပြောတာဟာ မကောင်းကြောင်း ဥပမာ ပုံပြင်လေးတွေနဲ့ ပြောပြပါ။
၈။ သူတို့အဝတ်အစားဖြင့် လက်သုတ်ခြင်း
ကလေးတွေနှင့် (တချို့သော လူကြီးတွေမှာလည်း) ကိုယ့်အဝတ်အစားနှင့်ကိုယ် လက်သုတ်တတ်တဲ့ အကျင့်ရှိတတ်ကြပါတယ်။ ကလေးတွေ အိမ်ပြင်မှာ ကစားတဲ့အချိန်မှာ ထိန်းချုပ်လို့မရနိုင်သော်လည်း အနည်းဆုံးတော့ အိမ်မှာ ပိုဂရုစိုက်ပေးဖို့ လိုပါလိမ့်မယ်။ အတွေ့အကြုံရှိတဲ့ မိဘတွေက ဒီအကြံဉာဏ်တွေကို မျှဝေခဲ့ကြပါတယ်။
ကလေးကို အစာစားချိန်မှာ လက်သုတ်ပုဝါ အမြဲတမ်းပေးထားပါ။ ဒါကို ပုံမှန်အကျင့်လုပ်ပေးပါ။ ပါးစပ်သုတ်ဖို့နှင့် သူတို့လက်တွေကို လက်သုတ်ပုဝါနှင့် သုတ်ဖို့ မမေ့အောင် သတိပေးပါ။

ပန်းချီဆွဲနေတဲ့အခါ လက်သုတ်ပုဝါ (သို့) လက်ကိုင်ပုဝါ ပေးထားပါ။
သူတို့အင်္ကျီနှင့် သုတ်မိတဲ့အခါ ဒေါသမထွက်ပြပါနဲ့။ အော်ဟစ်ခြင်းဟာ သူတို့ကို စိတ်ပျက်အားလျော့ပြီး ဘယ်ကလေးကမှ သင်ခန်းစာကို နားလည်မှာ မဟုတ်ပါဘူး။
၉။ တီဗီကြည့်ချိန်များလွန်းခြင်း
အသက် ၆နှစ်အောက် ကလေးငယ်တွေဟာ တစ်နေ့လျှင် ၂နာရီကျော် တီဗီကြည့်ခြင်း (သို့) ဖုန်းဖြင့် ဂိမ်းကစားခြင်းတို့ကို ပြုလုပ်တတ်ကြပါတယ်။ နည်းပညာစွဲလမ်းခြင်းက ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအတွက် ကျိန်းသေမကောင်းတာကြောင့် မိဘတိုင်း သတိထားသင့်ပါတယ်။

သင့်ကလေးအတွက် စံပြဖြစ်ပါစေ။ သင်ဖုန်းကြည့်နေမယ့်အစား စာအုပ်တစ်အုပ်ဖတ်နေတာက သင့်ကလေးလည်း စာပိုဖတ်နိုင်ပါလိမ့်မယ်။ အိမ်မှာ ရှိနေစဉ် တီဗွီကြည့်မယ့်အစား ကလေးနှင့် ကစားတာ (သို့) ပုံဆွဲတာတွေ ပြုလုပ်ပါ။
တီဗွီနှင့် ဖုန်းဂိမ်းတွေအတွက် အချိန်ကန့်သတ်ပါ။ တီဗွီကို လုံးဝပိတ်လိုက်ဖို့ ခက်ခဲပေမယ့် အချိန်တိုတိုအတွင်းမှာ ကန့်သတ်တာက အများကြီး အထောက်အကူပြုပါလိမ့်မယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside