
ကလေးတွေမှာ သူတို့ကိုယ်ပိုင်စိတ်ကူးတွေရှိကြပေမယ့် အကြောင်းအရာတစ်ခုခုကို အဆုံးထိလျှောက်ဖို့အတွက် သူတို့အတွက် အားပေးမှုတစ်ခုခုကို အမြဲလိုအပ်ကြပါတယ်။ ဒါ့ကြောင့် မိဘတစ်ဦးအနေနဲ့ သူတို့အတွက် ငါဘာလုပ်ပေးရမလဲဆိုတဲ့ အတွေးမျိုးက သင့်စိတ်ထဲမှာလည်း အမြဲရှိနေပါလိမ့်မယ်။
လူတစ်ယောက်ဟာ အခက်အခဲများများကြုံတွေ့ရလေလေ တိုးတက်လေလေပါပဲ။ အလားတူကလေးတစ်ယောက်သည်လည်း ဘဝအတွေ့အကြုံတွေကို ဖြတ်သန်းမှုပိုများလေလေ ပိုထက်မြက်ပြီး ရင့်ကျက်လေလေဖြစ်ပါတယ်။ တစ်ချို့ကလေးတွေက တက်ကြွကြပြီး မိမိကိုယ်ကိုယ် လှုံ့ဆော်ပေးနိုင်ကြပေမယ့် အကူအညီတစ်ချို့လည်း လိုအပ်နိုင်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ကလေးငယ်ကို အားပေးဖို့ လုပ်နိုင်မယ့် အချက်အလက်တစ်ချို့အကြောင်း ပြောပြချင်ပါတယ်။
၁။ သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး မလုပ်ပါနဲ့

ကလေးတွေကို မကြာခဏပူဆာတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ဒီအရာကိုပဲ လုပ်ရမယ်လို့ သတ်မှတ်ထားပြီး ဒီတစ်ခုတည်းအပေါ်မှာ မကြာခဏတောင်းဆိုတာမျိုးက ကလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး စိတ်ရှုတ်ထွေးစေပါတယ်။ ဒါ့ကြောင့် ကလေးတွေကို တွန်းအားပေးဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုက သူတို့ကို ဘယ်လောက်အထိ ယုံကြည်ကြောင်း ပြသပေးဖို့ဖြစ်ပါတယ်။
သင့်ကလေးက ဒီတာဝန်နဲ့ မထိုက်တန်ကြောင်း (သို့) ဒီတာဝန်တွေကို မလိုက်နာနိုင်ကြောင်း မှတ်ချက်များ ရေးသားခြင်းမျိုးကို ရှောင်ကြဉ်ပါ။ သူတို့ကို စိတ်ဓာတ်ကျခြင်းမျိုး ဘယ်တော့မှ မခံစားရစေဖို့ သူတို့အပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း သူတို့ကို အာမခံပေးပါ။
၂။ တစ်ခြားကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုး ရှောင်ကြဉ်ပါ

သင့်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေအကြောင်း တစ်ခြားကလေးတွေနဲ့ နှိုင်းယှဉ်တာက မိဘတွေအနေနဲ့ သူတို့အတွက် အဆိုးဆုံးအရာတွေထဲက တစ်ခုပါပဲ။ ကလေးတိုင်းက မတူဘူးဆိုတာကို သင်ကောင်းကောင်းသိထားသင့်ပါတယ်။ သင့်ကလေးက သူတို့အောင်မြင်မှုနဲ့ပတ်သက်ပြီး တစ်ခြားကလေးတွေကို တန်ဖိုးထားနေတာကို မြင်ရတဲ့အခါမှာ အလုပ်ကြိုးစားမှုတွေက ရပ်တန့်သွားနိုင်ပါတယ်။
သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို သင်ဘယ်လောက်အထိတန်ဖိုးထားကြောင်း သူတို့ကို ပြသပါ။ ဒီနည်းကလည်း သူတို့ကို လှုံ့ဆော်ဖို့ အပြုသဘောဆောင်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင့်ကလေးကို သိက္ခာချခြင်းက သူတို့ကို တာဝန်တွေကို ပြီးမြောက်ဖို့ လှုံ့ဆော်ပေးနိုင်သည့် မှန်ကန်သောနည်းလမ်းမဟုတ်ပါဘူး။
၃။ စိတ်ဝင်စားမှုကို ပြသပါ

ကလေးငယ် ဘာတွေပဲလုပ်နေပါစေ (ကခြင်း၊ အားကစားလုပ်ခြင်း၊ သီချင်းဆိုခြင်း)စသဖြင့် စိတ်ဝင်စားမှုကို ပြသပါ။ စိတ်ဝင်စားမှုကို ပြသခြင်းက သင့်ကလေးကို သင်ယုံကြည်ကြောင်း ပြသခြင်းဖြစ်သလို သူတို့ကို ပျော်ရွှင်စေမယ့်အရာကို ဂရုစိုက်ခြင်းလည်းဖြစ်ပါတယ်။ ဒီအချက်က သူတို့ကိုယ်တိုင်နှင့် သူတို့ရဲ့ စိတ်ဝင်စားမှုတွေကို ပိုကောင်းလာစေဖို့အတွက် သင်လုပ်ပေးနိုင်သော အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။
၄။ လုပ်ရိုးလုပ်စဉ်နှင့် အစီအစဉ်များ ရေးဆွဲပါ
သင့်ကလေးအတွက် လုပ်ရိုးလုပ်စဉ်နှင့် အစီအစဉ်တွေကို ဆွဲပေးခြင်းက သင့်ကလေးရဲ့ စိတ်အားထက်သန်မှုတွေကို ဖွံ့ဖြိုးစေခြင်းက အရေးကြိးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မိသားစုလုပ်ရိုးလုပ်စဉ်တွေရှိနေခြင်းက ကလေးတွေမှာ ကျရောက်လာနိုင်မယ့် ပဋိပက္ခတွေကို ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်။ ဥပမာ သူတို့ရဲ့ အိမ်စာတွေကို အချိန်မှန်၊ နေရာမှန်ပြီးအောင် လုပ်နိုင်ပါလိမ့်မယ်။
၅။ ကိုယ်ချင်းစာတတ်ခြင်းနှင့် တက်ကြွသော နားထောင်ခြင်း

တစ်ခါတရံမှာ ဆယ်ကျော်သက်မတိုင်မှီအရွယ်နှင့် ဆယ်ကျော်သက်တွေဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများစွာကို ဖြတ်သန်းကြရပါတယ်။ ရန်လိုခြင်း၊ ဒေါသဖြစ်ခြင်း၊ အသေးစိတ်အရာတွေနဲ့ပတ်သက်ပြီး အပြောင်းအလဲများစွာဖြစ်နေနိုင်ပါတယ်။ ဒီလိုကာလတွေမှာ သင့်ကလေးကို ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာအရ ကိုယ်ချင်းစာပေးဖို့ အင်မတန်အရေးကြီးပါတယ်။
သူတို့ခံစားနေရတာတွေနဲ့ပတ်သက်ပြီး နားလည်ဖို့ ကြိုးစားပါ၊ သူတို့ဘာကြောင့် ဒီလိုဖြစ်နေရတယ်ဆိုတာကို ဝိုင်းဝန်းပြီး အဖြေရှာပေးသင့်ပါတယ်။ သူတို့ရဲ့ ပြဿနာတွေအကြောင်း တက်ကြွစွာ နားထောင်ပေးခြင်းက သင်နဲ့ ကလေးအကြားမှာ ယုံကြည်မှုတည်ဆောက်သော နည်းလမ်းလည်းဖြစ်ပါတယ်။
Chit_May_May
Nyein_Thu
ref-themindsjournal