
ကလေးတွေကို စိတ်ရှည်သည်းခံတတ်အောင် သင်ပေးတဲ့ဂိမ်းတွေနဲ့ လှုပ်ရှားမှုတွေက သူတို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေမှာ လုပ်ဆောင်ဖို့ အကောင်းဆုံးကိရိယာတွေဖြစ်ပါတယ်။
ကလေးတွေအတွက် စောင့်ဆိုင်းချိန်တွေကို စီမံခန့်ခွဲဖို့နဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို ချက်ချင်းမဖြည့်ပေးနိုင်တဲ့အခါ ငြိမ်သက်စွာနေဖို့ ခက်ခဲကြောင်း ကျွန်မတို့သိကြပါတယ်။ ဒါ့ကြောင့် ယနေ့မှာ ကလေးရဲ့စိတ်ရှည်မှုကို ရိုးရှင်းပြီး ထိရောက်တဲ့နည်းလမ်းဖြင့် လေ့ကျင့်ပေးဖို့ ကြံဉာဏ်အချို့ကို မျှဝေပေးသွားပါမယ်။ သူတို့ဟာ စိုးရိမ်ပူပန်မှုကို ငြိမ်သက်မှုနဲ့ ဘယ်လောက်မြန်မြန်အစားထိုးလဲဆိုတာကို သင်တွေ့ရပါလိမ့်မယ်။
စောင့်ဆိုင်းဖို့ သင်ယူခြင်း -ကလေးတွေကို ပိုစိတ်ရှည်စေရန် သင်ပေးမယ့် ဂိမ်းတွေနဲ့ လှုပ်ရှားမှုများ
ကျွန်မတို့ ပေးနိုင်တဲ့ အကောင်းဆုံး အကြံဉာဏ်က ” စိတ်ရှည်သည်းခံတတ်အောင် သင်ပေးဖို့ စိတ်ရှည်ရှည်ထားပါ”။ လူကြီးတွေအနေဖြင့် ဒီအကျင့်ကောင်းကို လက်တွေ့ကျင့်သုံးနိုင်တယ်ဆိုတာ ကလေးတွေမြင်အောင်ကြည့်ဖို့ နမူနာအပြုအမှုတွေ ပြသရပါမယ်။
၁။ စိတ်ရှည်သည်းခံသော တိရိစ္ဆာန်တွေရဲ့ ပုံပြင်တွေ
ကလေးတွေက ပုံပြင်တွေနဲ့ တိရိစ္ဆာန်တွေကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် သူတို့အား သဘာဝကျကျ ရှင်းပြဖို့ ဒီအရင်းအမြစ်နှစ်ခုကို အခွင့်ကောင်းယူပါ။ ဒါကတော့ ခိုင်မာတဲ့ ဥပမာတစ်ချို့ဖြစ်ပါတယ်။
- ပင့်ကူတွေက အင်းဆက်ပိုးမွှားတွေကို ဖမ်းစားနိုင်ဖို့အတွက် သူတို့ရဲ့ပင့်ကူအိမ်တွေကို စိတ်ရှည်စွာ ယက်လုပ်ကြတဲ့ပုံပြင်
- လေထုအခြေအနေနှင့် မသင့်လျော်တဲ့အခါမှာ ခရုတွေဟာ သူတို့အခွံတွေထဲမှာ သူတို့ကိုယ်သူတို့ ပိတ်ထားပြီး ပတ်ဝန်းကျင် ပိုစိုစွတ်လာတဲ့အထိ ထိုနေရာမှာ စိတ်ရှည်စွာ စောင့်နေတတ်ကြတဲ့ ပုံပြင်
- ဝက်ဝံတွေက အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက် အချိန်အကြာကြီး ဆောင်းခိုကြပါတယ်။ သူတို့ အဲဒီလိုလုပ်ဖို့ စိတ်မရှည်ဘူးဆိုရင် အေးခဲပြီးသေသွားလိမ့်မယ်ဆိုတဲ့ ပုံပြင်
- ပုရွက်ဆိတ်တွေဟာ သူတို့ရဲ့ အိမ်လေးကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ သစ်ရွက်ခြောက်တွေ၊ တုတ်ချောင်းတွေကို သယ်ဆောင်ဖို့ နာရီပေါင်းများစွာ စိတ်ရှည်ရှည်နဲ့ လမ်းလျှောက်ရမှာ ဖြစ်တာကြောင့် အသိုက်ဆောက်ဖို့ အချိန်အတော်ကြာယူရတယ်ဆိုတဲ့ ပုံပြင်

၂။ ပဟေဠိတွေ- စိတ်ရှည်မှုကို သင်ကြားပေးတဲ့ ရိုးရာဂိမ်းတစ်ခု
ပဟေဠိတွေ (သို့မဟုတ် ဂျစ်ဆောပဟေဠိတွေ)က ကလေးတွေအား ပိုစိတ်ရည်ရန် သင်ယူဖို့ အလွန်ထိရောက်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။။
အပိုင်းအစ အရေအတွက်နဲ့ ရုပ်ပုံအမျိုးအစားအလိုက် ရှုပ်ထွေးမှု အမျိုးမျိုးရှိကာ အသက်အရွယ်အလိုက် ပဟေဠိတွေ ရှိကြပါတယ်။ ယေဘုယျအားဖြင့် အသက် ၃နှစ်မှ ဆယ်ကျော်သက်အထိ ကလေးတွေနှင့်အတူ ဆော့ပေးနိုင်ပါတယ်။
ကလေးတွေအတွက် စိတ်ရှည်သည်းခံမှုကို အားပေးတဲ့အပြင် ဒီဂိမ်းတွေက သူတို့ကို အာရုံစူးစိုက်ဖို့ ၊ အေးအေးဆေးဆေး လုပ်ဆောင်တတ်ဖို့နဲ့ သူတို့ရဲ့ ပန်းတိုင်တွေကို အောင်မြင်ဖို့ စီစဉ်တတ်အောင် သင်ကြားပေးပါတယ်။

၃။ အိုရီဂါမီ (စက္ကူခေါက်ခြင်း) – စိတ်ရှည်သည်းခံမှုများစွာ လိုအပ်တဲ့အနုပညာ
ရုပ်ပုံတွေကို ဖန်တီးဖို့ စက္ကူခေါက်တဲ့နည်းက ဟောင်းနေသော်လည်း ရိုးရှင်းပြီး ပျော်စရာကောင်းပါတယ်။ စိတ်ရှည်သည်းခံတတ်ဖို့နဲ့ အာရုံစူးစိုက်တတ်ဖို့ သင်ယူခြင်းအပြင် ဒီလှုပ်ရှားမှုကနေတဆင့် ကလေးတွေဟာ သူတို့ရဲ့ fine motor skillsကို မြှင့်တင်ပေးပြီး လက်စွမ်းရည်ကို လေ့ကျင့်ပေးပါတယ်။

၄။ Jenga ကိုမိသားစုလိုက် ကစားပါ
မိသားစုနဲ့ အရမ်းပျော်စရာကောင်းတဲ့ နေ့လည်ခင်းကို ပိုင်ဆိုင်ချင်ရင် ကလေးတွေနဲ့ Jenga ဂိမ်းကို စီစဉ်ပါ။ သစ်သားတုံးများပါတဲ့ ဒီရိုးရာဂိမ်းက အာရုံစူးစိုက်မှု၊ လက်တည်ငြိမ်မှုနဲ့ စိတ်ရှည်မှုများစွာ လိုအပ်ပါတယ်။

၅။ ကြက်ဥပြိုင်ပွဲများ
အိမ်မှာ ကစားနိုင်တဲ့ ဂန္တဝင်ဂိမ်းဖြစ်ပြီး ကလေးတွေအတွက် စိတ်ရှည်သည်းခံမှုကို သင်ယူရတာ ပျော်စရာကောင်းပါတယ်။
လုပ်ငန်းစဉ်က ရိုးရှင်းပါတယ် –
- အစနဲ့ အဆုံးလိုင်းဖြင့် တာတစ်ခု သတ်မှတ်ပါ။
- ပါဝင်သူတိုင်းကို ဇွန်းကြီးတစ်ချောင်းစီပေးပါ
- ကြက်ဥပြုတ်တစ်လုံးကို ဇွန်းတစ်ခုစီမှာ ထည့်ပါ။
- ကလေးတွေက ဇွန်းပေါ်မှ ကြက်ဥကို ပြုတ်မကျစေဘဲ တာကို ရောက်ရပါမယ်။
- အောင်နိုင်သူဟာ ခွက်အတွင်းမှ မကွဲသော ကြက်ဥနှင့်အတူ ပထမဆုံးရောက်ရှိလာသူဖြစ်ပါတယ်။

၆။ ပန်းချီဆွဲခြင်း၊ ပုံဆွဲခြင်း
ယေဘုယျအားဖြင့် အနုပညာနဲ့ ဆက်စပ်တဲ့ ဘယ်လှုပ်ရှားမှုမဆို ကလေးတွေအား စိတ်ရှည်သည်းခံမှုကို သင်ကြားရာမှာ ထိရောက်မှုရှိပါတယ်။ ပုံဆွဲရန် ခဲတံကိုလက်ဖြင့်ယူပြီး ဆေးခြယ်နိုင်တာကြောင့် ကလေးတွေဟာ ဒီအလုပ်တွေမှာ ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် အာရုံစူးစိုက်နိုင်ကြပါတယ်။
သူတို့ရဲ့ အရောင်တွေ၊ သူတို့ရဲ့ ဇာတ်ကောင်တွေ၊ ပုံဆွဲခြင်းတွေနဲ့ သူတို့ကုန်ဆုံးတဲ့နာရီတွေဟာ သင်ယူမှုများစွာအတွက် အချိန်တစ်ခုဖြစ်ပါတယ်။ ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်းဖြင့် ကလေးတွေဟာ စိတ်ရှည်မှု၊ အာရုံစူးစိုက်မှု တိုးပွားလာပြီး အလှတရားရဲ့ သဘောတရားကို နားလည်သဘောပေါက်လာကြပါတယ်။
ကလေးတွေကို စိတ်ရှည်ရှည်ထားဖို့ သင်ကြားပေးခြင်းရဲ့ အကျိုးကျေးဇူးများ
မိမိကိုယ်ကို ထိန်းကျောင်းခြင်းက လူသားတွေရဲ့ လူမှုနယ်ပယ်နဲ့ ဆက်စပ်နေသော သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး မျိုးနွယ်စုတွေ စည်းစနစ်တကျ ယှဉ်တွဲနေထိုင်နိုင်စေဖို့ တွန်းအားပေးပါတယ်။ ယနေ့ခေတ်မှာ ကျွန်မတို့ရဲ့ ဘဝနေထိုင်မှုပုံစံက ပြောင်းလဲလာကာ ကလေးတွေမှာ ဒီစွမ်းရည်တွေ ပျောက်ဆုံးသွားကြပါတယ်။ ဒါ့ကြောင့် ကလေးတွေအား စိတ်ရှည်သည်းခံတတ်အောင် သင်ကြားပေးခြင်းက အောက်ပါသင်ယူမှုအဖြစ် အကောင်အထည်ပေါ်ပါတယ်။
- စောင့်ဆိုင်းနိုင်စွမ်း
- တွန်းအားကို ထိန်းချုပ်နိင်စွမ်း
- အလှည့်ကျကို လက်ခံခြင်း
- အစီအစဉ်ဆွဲခြင်းနဲ့ အချိန်စီမံခန့်ခွဲမှုစွမ်းရည်
- မသေချာမှုကို သည်းခံခြင်း
- စိတ်အလိုမကျမှုကို သည်းခံခြင်း
- စဉ်ဆက်မပြတ် အာရုံစူးစိုက်မှု ဖွံ့ဖြိုးတိုးတက်ရေး
- ပန်းတိုင်ရောက်ဖို့ အားထုတ်ခြင်းရဲ့ သဘောတရား (ဇွဲလုံ့လကို ပြုစုပျိုးထောင်ပြီး ခံနိုင်ရည်ရှိစေပါတယ်)
- အတူယှဉ်တွဲနေထိုင်ရေးအတွက် မရှိမဖြစ် တန်ဖိုးတွေအဖြစ် လေးစားမှုနဲ့ တာဝန်ယူမှု မြှင့်တင်ရေး
စိတ်ရှည်ခြင်းက ဘယ်လိုစောင့်ရမယ်ဆိုတာကို သိခြင်းရဲ့ တန်ဖိုးဖြစ်ပါတယ်။ ကလေးတွေကို စိတ်ရှည်သည်းခံတတ်အောင် သင်ကြားပေးခြင်းက သူတို့ကို ပိုပျော်ရွှင်စေပြီး အောင်မြင်မှုတစ်ခုသာမက အဲဒီကိုရောက်ဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခုလုံးကို ပျော်ရွှင်စေဖို့ ကူညီပေးပါလိမ့်မယ်။
Chit_MayMay
Nandar
Source-youaremom.