အမူအကျင့်ကောင်းဆိုတာက ကလေးငယ်တစ်ယောက်အား လူမှုပတ်ဝန်းကျင်မှာ ဘယ်လိုပြုမှုဆက်ဆံရမလဲဆိုတာကို သင်ကြားပေးသော အခြေခံကျင့်ဝတ် စည်းကမ်းဖြစ်ပါတယ်။ ဒီလေ့လာသင်ယူမှုဟာ နှစ်သက်ဖွယ်ကောင်းသော စရိုက်လက္ခဏာတွေနဲ့ လူမှုရေးအရ လက်ခံနိုင်သော အပြုအမှုများ တိုးတတ်စေဖို့အတွက် အရမ်းအရေးကြီးပါတယ်၊ ဒါ့အပြင် လူမှုရေးကျွမ်းကျင်မှုနှင့် ကိုယ်ကျင့်တရားစံနှုန်းတွေကို လက်တွေ့ကျင့်သုံးဖို့ ကူညီပေးပါတယ်။ ကလေးတစ်ယောက် အမူအကျင့်ကောင်းဖို့ဆိုရင် စဉ်ဆက်မပြတ် လှုံ့ဆော်မှု၊ လမ်းညွှန်မှုနှင့် အထောက်အပံ့တွေ လိုအပ်ပါတယ်။ ဒီနေ့မှာတော့ မေမေတို့ ကလေးလေးတွေကို မဖြစ်မနေသင်ထားပေးရမယ့် အမူအကျင့်ကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
ကလေးတွေအား အမူအကျင့်ကောင်း သင်ကြားပေးဖို့ နည်းလမ်းများ
- သူတို့ထက်ငယ်တဲ့သူတွေအပါအဝင် လူတိုင်းကို လေးစားစွာ၊ ယဉ်ကျေးစွာ ပြုမှုဖို့ ကလေးကို သင်ပေးပါ။
- ပါစင်နယ်၊ လှုမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုအတွက် မရှိမဖြစ်လိုအပ်သော ကိုယ့်ထက်ကြီးသူ၊ ရွယ်တူချင်းနှင့် ငယ်တဲ့သူတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲဆိုတာ သင်ပေးပါ။
- လူမှုရေးအရ တန်ဖိုးထားသော အမူအကျင့်ကို တည်ဆောက်ခြင်းဖြင့် confidence နဲ့ self-esteem ကို မြှင့်တင်ပေးပါ။
- ကလေးရဲ့ ပညာရေးနှင့် ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးမှုအတွက် လိုအပ်သော ပြောဆိုဆက်ဆံမှုစွမ်းရည်ကို မြှင့်တင်ပေးပါ။
- လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိစေမယ့် လူမှုရေး တာဝန်ခံသော ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး ကိုယ်ကျင့်တရားစံနှုန်းတွေကို လက်တွေ့ကျကျအသုံးချတတ်သော တာဝန်ရှိ ကလေးတစ်ယောက်ကို ပျိုးထောင်ပေးပါ။
- ကလေးတစ်ယောက်ကို ပျော်ရွှင်ပြီး motivated ဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းကို ပုံဖော်ပေးပါ။
ကလေးတွေကို သင်ပေးထားရမယ့် အမူအကျင့်ကောင်းများ
၁။ အားလုံးကို ကူညီတတ်ပြီး ကြင်နာတတ်သူဖြစ်စေဖို့
အခြားသူတစ်ယောက်ရဲ့ ပြဿနာတွေကို စာနာစိတ်ထားပြီး ကူညီတတ်တဲ့ ကလေးတွေဖြစ်စေချင်မှာပါ။ နေ့လယ်စာယူလာဖို့ မေ့သွားတဲ့ အတန်းဖော်ကို အစားအသောက် မျှကျွေးခြင်း၊ အသက်ကြီးတဲ့သူကို လမ်းဖြတ်ကူးဖို့ ကူညီခြင်း၊ အိမ်မှုကိစ္စတွေမှာ မိခင်အား ကူညီခြင်းတွေဟာ သင့်ကလေးအား အထောက်အကူဖြစ်စေဖို့ လမ်းညွှန်ပေးနိုင်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။

၂။ လူတိုင်းကို ယဉ်ကျေးစွာဆက်ဆံတတ်သူဖြစ်စေဖို့
ယဉ်ကျေးမှုက အခြားသူတစ်ယောက်ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုဖို့နှင့် လေးစားစွာ ပြောဆိုဖို့ အရေးကြီးသော လူမှုရေးကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ မျက်နှာချင်းဆိုင် စကားပြောတာပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပြောတာပဲဖြစ်ဖြစ် ကလေးကို နူးညံ့သိမ်မွေ့စွာ ၊ရှင်းရှင်းလင်းလင်းပြောဖို့ သင်ပေးပါ။ “ကျေးဇူးတင်ပါတယ်”, “ဆောရီးပါ”, “ကျေးဇူးပြုပြီး” , “တဆိတ်လောက်” ဆိုတဲ့စကားလုံးတွေကို အသုံးပြုဖို့ လှုံ့ဆော်ပေးပါ။
၃။ အခြေအနေတိုင်းမှာ ရိုးသားသူဖြစ်စေဖို့
ကလေးကို အမြဲတမ်းရိုးသားဖို့ သင်ပေးပါ။ ဒါက ဖုံးကွယ်ခြင်းနှင့် လိမ်ခြင်းအပေါ် အမှားတွေကို လက်ခံဖို့ လွယ်ကူကြောင်း သိမြင်နားလည်စေပါတယ်။ ထို့အပြင် ထိုကဲ့သို့သော အဖြစ်အပျက်တွေ ဖြစ်ပွားတဲ့အခါတိုင်း သင့်ကလေးအား ရိုးသားမှုအတွက် ချီးမွမ်းပြီး သင်ဘယ်လောက် ဂုဏ်ယူကြောင်း ပြောပြပါ။

၄။ မျှဝေခြင်းကို အလေ့အကျင့်ဖြစ်စေဖို့
လူတစ်ယောက်ရဲ့ ပိုင်ဆိုင်ရာတွေ၊ အချိန် (သို့) လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့/မရတဲ့ပစ္စည်းတွေကို မျှဝေခြင်းက လူနေမှုဘဝရဲ့ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါက လူမှု-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုကို မြှင့်တင်ပေးတဲ့ ဂရုစိုက်မှုနှင့် ထောက်ထားစာနာမှုအမှတ်အသားတစ်ခုဖြစ်ပါတယ်။ ရွယ်တူချင်း၊ မောင်နှမတွေေနှင့်အတူ အစားအသောက်၊ စာအုပ်တွေ၊ အရုပ်တွေ မျှဝေခြင်း၊ အလှူအတန်းလုပ်ဆောင်မှုတွေမှာ ပါဝင်စေခြင်းက သင်ယူခြင်းကို အမှန်တကယ်ဖြစ်စေမယ့် နည်းလမ်းအချို့ဖြစ်ပါတယ်။

၅။ မိတ်ဆက်တတ်တဲ့ အလေ့အထရှိစေဖို့
မိတ်ဆက်ခြင်းက အခြားသူတွေနဲ့ စကားစမြည် စပြောနိုင်မယ့် မရှိမဖြစ်လိုအပ်သော လူမှုရေးကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ကလေးအား ဧည့်သည်တွေနဲ့ တွေ့ရင် ကိုယ့်ကိုယ်ကို မိတ်ဆက်ခိုင်းတာမျိုး သင်ပေးနိုင်ပါတယ်။

၆။ ဂရုတစိုက်နားထောင်တတ်ပြီး ကိုယ့်အလှည့်စောင့်တတ်သူဖြစ်စေဖို့
အခြားသူတွေပြောတာကို ဂရုတစိုက်နားထောင်ပြီး ကိုယ်ပြောမယ့် အလှည့်ကို စောင့်ခြင်းဟာ အခြားလူတစ်ယောက်နှင့် စကားပြောဆိုမှုကို လေးစားကြောင်း ပြသရာရောက်ပါတယ်။ သင့်ကလေးကို ငယ်ရွယ်စဉ်ကတည်းက စိတ်ရှည်စွာ နားထောင်တတ်အောင် သင်ပေးပါ။ ဒါက self-regulation နှင့် သင့်တင့်လျောက်ပတ်စွာ ပြောဆိုဆက်ဆံမှုမှာ အထောက်အကူပြုပါတယ်။
၇။ စကားပြောနေစဉ်မှာ မျက်လုံးချင်းဆုံခိုင်းပါ
စကားပြောနေစဉ်မှာ မျက်လုံးချင်းဆုံခြင်းက အာရုံစူးစိုက်မှုနှင့် စကားပြောသူကို လေးစားမှုရဲ့ လက္ခဏာဖြစ်ပါတယ်။ စကားပြောနေစဉ်အတွင်း အဝေးကို ကြည့်ခြင်း၊ ဆံပင်ကို ကစားနေခြင်း (သို့) လက်သည်းကိုက်နေခြင်းကို ရှောင်ဖို့ ကလေးအားသင်ပေးပါ။ ဒီလိုလုပ်တာဟာ မလေးမစားနဲ့ ရိုင်းစိုင်းရာရောက်ကြောင်း ပြောပြပေးပါ။

၈။ မေးခွန်းတစ်ခုကို ချက်ချင်းတုံ့ပြန်စေပါ
တစ်စုံတစ်ယောက်က မေးတာကို တုံ့ပြန်ခြင်းက လေးစားမှုနှင့် အသိအမှတ်ပြုခြင်းရဲ့ လက္ခဏာဖြစ်ပြီး လျစ်လျူရှုခြင်းက မကောင်းသော အမူအကျင့်ဖြစ်ကြောင်း သင်ပေးပါ။
၉။ ဘာလုပ်လုပ် ခွင့်ပြုချက်တောင်းခံစေပါ
ခွင့်ပြုချက်တောင်းခြင်းက သူတို့ရဲ့ ပါစင်နယ်နေရာ၊ privacyနှင့် တစ်ဦးချင်းကို ရိုသေလေးစားတဲ့ အမှတ်အသားဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အခန်းထဲကို မဝင်ခင် တံခါးခေါက်တာတို့၊ ဖုန်း (သို့)ဘောပင်ကဲ့သို့သော တစ်ယောက်ယောက်ရဲ့ပစ္စည်းကို အသုံးမပြုချင် ခွင့်ပြုချက်တောင်းခံတာတို့က လိုက်နာရမယ့် ဥပမာကောင်းတွေဖြစ်ပါတယ်။

၁၀။ နှာချေ၊ ချောင်းဆိုးစဉ်မှာ ပါးစပ်ကို ဖုံးအုပ်ထားခိုင်းပါ
နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ လက်ကိုင်ပုဝါ (သို့) လက်ဖြင့်ပါးစပ်ကိုကာထားခြင်းက အမူအကျင့်ကောင်းဖြစ်ပါတယ်။ သင့်ကလေးကို ငယ်ရွယ်စဉ်ကတည်းက ဒီအမူအကျင့်ကို ကျင့်သုံးဖို့ သင်ပေးပါ။
၁၁။ တောင်းပန်တတ်ဖို့ သင်ပေးပါ
စကားပြောနေစဉ်အကြားမှာ နှာချေမိတာ၊ အစာစားနေချိန်မှာ လေချဉ်တတ်မိတာ၊ တိတ်ဆိတ်သောနေရာမှာ ကျယ်လောင်စွာ အော်ရယ်မိတာ၊ ပစ္စည်းတစ်ခုခုကို မှားပြီး ချိုးမိတဲ့အခါ တောင်းပန်ခြင်းက ရိုသေလေးစားသော အမှတ်အသားတစ်ခုဖြစ်ပါတယ်။ “တောင်းပန်ပါတယ်” “ခွင့်လွတ်ပါ” ဆိုတဲ့ စကားလုံးတွေသုံးဖို့ လမ်းညွှန်ပါ။ တောင်းပန်ခြင်းက အမှားကို လေးစားစွာ အသိအမှတ်ပြုတဲ့ နည်းလမ်းဖြစ်ကြောင်း သူတို့ကို ပြောပြပါ။
၁၂။ အခြားသူတွေကို ဟာသမလုပ်ဖို့ သင်ပေးပါ
တစ်စုံတစ်ယောက်ရဲ့ အားနည်းချက်တွေကို ရယ်မောခြင်း၊ ပျော်ဖို့အတွက် bullying လုပ်ခြင်းက ရိုသေလေးစားမှုမရှိသော၊ နာကျင်စေသော လုပ်ရပ်ဖြစ်ပါတယ်။ သနားကြင်နာတတ်တဲ့ စိတ်ထားကို သင်ကြားပေးခြင်းက ကလေးတစ်ယောက်အား အခြားသူတွေရဲ့ အားနည်းချက်တွေကို လေးစားစွာ အသိအမှတ်ပြုနိုင်ပါတယ်။
Chit_MayMay
LM_Nandar
Source- momjunction.
Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။