ကလေးတွေကို ရောဂါပိုးမွှားတွေအကြောင်း သင်ပေးခြင်း

0
83
- Advertisement -

“သား ဘာလို့ဆေးရမှာလဲ? ကြည့်လေ…သားလက်က သန့်နေတာပဲ”- ဒါက သင့်ကလေးကို လက်ဆေးဖို့ပြောတဲ့အခါတိုင်း သူ့ရဲ့ပုံမှန်တုံ့ပြန်မှုဖြစ်ပါတယ်။

ရောဂါပိုးရဲ့ အယူအဆကို ကလေးတွေ နားမလည်လို့ပါ။ ကလေးတွေကို ရောဂါပိုးတွေအကြောင်း သင်ကြားပေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်း ရှင်းပြပေးခြင်းက သူတို့ကို ကျန်းမာအောင် ထိန်းသိမ်းတတ်စေဖို့ လွယ်ကူစေပါတယ်။

ကလေးတွေကို ရောဂါပိုးအကြောင်း ဘယ်လိုရှင်းပြမလဲ? ဒါက မလွယ်ကူပါဘူး။ ဒါ့ကြောင့် ကလေးတွေကို ပိုးမွှားအမျိုးမျိုးအကြောင်းနှင့် ထိုပိုးမွှားတွေရဲ့ ရည်ရွယ်ချက်တွေအကြောင်းကို ပြောပြပေးရပါမယ်။ ပိုးမွှားတွေဆိုတာ ကြမ်းပိုး၊ အင်းဆက်တွေလို့ ကလေးတွေ ထင်တတ်ကြပါတယ်၊ ဒါ့ကြောင့် သူတို့ကို ရှင်းပြပေးရပါမယ်။

ပိုးမွှားတွေဆိုတာ ဘာတွေလဲ?

ပိုးမွှားတွေဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို ဝင်လာပြီး ကျွန်တော်တို့ကို ဖျားနာစေနိုင်တဲ့ သေးငယ်သော သက်ရှိတွေ ဖြစ်ပါတယ်။ ၎င်းတို့ကို ကျွန်တော်တို့အသုံးပြုနေတဲ့ အရာဝတ္တုအားလုံးမှာ တွေ့နိုင်ပါတယ်။ ပိုးမွှားတွေဟာ သေးငယ်ပြီး ခိုးကြောင်ခိုးဝှက်နေတတ်ကြပါတယ်။ သတိမပြုမိခင်မှာဘဲ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။

ကလေးအကြီးတွေဆိုရင် ပိုးမွှားတွေက အရမ်းသေးငယ်တာကြောင့် မိုက်ခရိုစကုပ်ဖြင့်သာ မြင်နိုင်ပြီး မျက်လုံးနဲ့ ကြည့်လို့ မမြင်နိုင်ကြောင်း ရှင်းပြပေးနိုင်ပါတယ်။

ရောဂါပိုးမွှားအမျိုးအစားတွေက ဘာတွေလဲ?

အဓိက ရောဂါပိုးတွေမှာ မှို၊ ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများနှင့် protozoa တို့ဖြစ်ပါတယ်။ သူတို့ဟာ လူ့ခန္ဓာကိုယ်၊ တိရိစ္ဆာန်များနှင့် အပင်တွေကို ကျူးကျော်နိုင်ပြီး ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ၎င်းတို့နှင့် ပတ်သတ်ပြီး အချက်အလက်တွေကို ကလေးနှင့်အတူ မျှဝေပါ။

၁။ ဗက်တီးရီးယားပိုး

  • သူတို့ဟာ ဆဲလ်တစ်လုံးတည်းသာရှိသော သေးငယ်တဲ့ သတ္တဝါများဖြစ်ပါတယ်။
  • သူတို့ဟာ အသက်ရှင်ဖို့ ပတ်ဝန်းကျင်မှ အာဟာရများကို စုဆောင်းပါတယ်။ အချို့ဖြစ်ရပ်တွေမှာ သူတို့ဟာ အာဟာရရရှိဖို့ လူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကြပါတယ်။
  • ဘက်တီးရီးယားတွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာအတွင်း၊ အပြင်သို့ မျိုးပွားနိုင်ပြီး ရောဂါပိုးကူးစက်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပေါ်တဲ့ ကူးစက်မှုအများစုမှာ နားရောဂါများ၊ အဆုတ်ရောင်နှင့် လည်ချောင်းနာများ ဖြစ်ပါတယ်။

၂။ ဗိုင်းရပ်စ်

  • ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွင်း နေထိုင်ပွားများပါတယ်။
  • ဗိုင်းရပ်စ်အများစုက အပင်တစ်ပင်၊ တိရိစ္ဆာန်တစ်ကောင် (သို့) လူတစ်ယောက်ကဲ့သို့သော သက်ရှိများအတွင်းမှာ မရှိရင် ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။
  • သို့သော် ဗိုင်းရပ်စ်များဟာ တံခါးခုံများ၊ ကောင်တာများ၊ ပန်းကန်များ (သို့) ခွက်များကဲ့သို့သော သက်မဲ့အရာဝတ္တုတွေမှာ အချိန်တိုတိုအတွင်း အသက်ရှင်နိုင်ပါတယ်။
  • ဗိုင်းရပ်စ်ကို ရှင်သန်စေသော ခန္ဓာကိုယ်ကို ကပ်ပါးလက်ခံကောင်လို့ ခေါ်ပါတယ်။
  • ရောဂါပိုးအမျိုးအစားတွေက ပတ်ဝန်းကျင်နှင့် သူတို့ရှိနေတဲ့ မျက်နှာပြင်အမျိုးအစားကဲ့သို့သော အချက်တွေပေါ်မူတည်ပြီး တစ်ချို့ဗိုင်းရပ်စ်တွေက မိနစ် ၃၀- ၄၅မိနစ် အသက်ရှင်နိုင်စဉ်မှာ တစ်ချို့ဗိုင်းရပ်စ်တွေက ၂၄နာရီထက် ပိုအသက်ရှင်နေနိုင်ပါတယ်။
  • ဗိုင်းရပ်စ်တွေက ဝက်သက်၊ ရေကျောက်နှင့် တုပ်ကွေးကဲ့သို့သော ရောဂါများကို ဖြစ်စေပါတယ်။

၃။ မှို

  • မှိုတွေဟာ အပင်နှင့်တူတဲ့ သက်ရှိတွေဖြစ်ပါတယ်။ သို့သော် အခြားအပင်တွေနဲ့ မတူဘဲ မှိုတွေဟာ အလင်း၊ လေနှင့် ရေကနေ သူတို့ရဲ့ အစားအစာကို မထုတ်လုပ်နိုင်ပါဘူး။
  • အဲဒီအစား သူတို့ဟာ အပင်များ၊ တိရိစ္ဆာန်များ (သို့) လူများကို ကျူးကျော်ခြင်းဖြင့် သူတို့ရဲ့ အာဟာရကို ရရှိပါတယ်။
  • သူတို့က စိုစွတ်ပြီး ပူနွေးတဲ့ နေရာမှာ ရှင်သန်ရတာကို နှစ်သက်ပြီး အန္တရာယ်သိပ်မရှိပါဘူး။
  • သူတို့က ခန္ဓာကိုယ်ပေါ်မှာ အဖုအပိမ့် ယားယံတာတွေ ဖြစ်စေနိုင်ပါတယ်။

၄။ ပရိုတိုဇွာ

  • ပရိုတိုဇွာများဟာ ရေမှတဆင့် ရောဂါတွေကို ပျံနှံ့စေပြီး အစိုဓါတ်ထိန်းပေါ်မှာ ကြီးပြင်းရတာကို နှစ်သက်တဲ့ အလွန်သေးငယ်သော ဆဲလ်တစ်လုံး သက်ရှိများဖြစ်ပါတယ်။
  • သူတို့က ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ခြင်း၊ ဗိုက်အောင့် ၊ဗိုက်နာခြင်းကို ဖြစ်ပေါ်တဲ့ အူအတွင်း ရောဂါပိုးကူးစက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ပိုးမွှားတွေက ဘာလုပ်သလဲ?

ပိုးမွှားတွေက ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတာနှင့် တပြိုင်နက် သူတို့ဟာ ထိုနေရာမှာ ကြာမြင့်စွာနေဖို့ ကြိုးစားကြပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ စွမ်းအင်နှင့် အာဟာရတွေကို စားသုံးပါတယ်။ အတွင်းမှာ အဆိပ်အတောက်တွေကို ဖြစ်စေပါတယ်။ ဒီအဆိပ်အတော်ကများက ဖျားခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်း ကဲ့သို့သော ကူးစက်မှုများကို ဖြစ်စေနိုင်ပါတယ်။

ဆရာဝန်များက ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေကို မိုက်ခရိုစကုတ်ဖြင့် လေ့လာဖို့ သွေးနှင့် ဆီးနမူနာကို ယူပါတယ်။ ထိုနမူနာတွေကို စမ်းသပ်မှုများ ပြုလုပ်ဖို့ ဓါတ်ခွဲခန်းကို ပို့ပါတယ်။ သို့မှသာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာ ဘာပိုးမွှားတွေရှိနေတာကို ဆရာဝန်များ ခွဲခြားသိနိုင်မှာ ဖြစ်ပါတယ်။

ဒီအရာအားလုံးက ကလေးအတွက် ရှုပ်ထွေးကောင်း ရှုပ်ထွေးပါလိမ့်မယ်။ သို့သော် အမေး၊ အဖြေပုံစံလေးနဲ့ ကလေးတွေကို သဘောတရားရှင်းပြပေးရနင် ပိုလွယ်ကူပါလိမ့်မယ်။

ကလေးတွေကို ပိုးမွှားအကြောင်း ဘယ်လိုရှင်းပြမလဲ?

အောက်ပါမေးခွန်းများမှတဆင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းဆိုင်ရာ ရောဂါပိုးမွှားတွေအား သင့်ကလေးနှင့် ဆွေးနွေးနိုင်ပါတယ်။

ပိုးမွှားတွေ ဘယ်လိုပျံ့နှံ့သလဲ?

ပါးစပ်ကို ဖုံးအုပ်ခြင်းမရှိဘဲ နှာချေ၊ ချောင်းဆိုးတဲ့အခါ ရောဂါပိုးတွေပျံ့နှံပါတယ်။ သင်ဟာ လက်ထဲမှာ နှာချေပြီး အရာဝတ္တုတွေကို ကိုင်မယ်ဆိုရင် ရောဂါပိုးမွှားက အဲဒီအရာဝတ္တုတွေဆီ ရောက်ရှိပါတယ်။

ပိုးမွှားတွေ အခြားသူတွေဆီ မပျံ့နှံစေအောင် ဘယ်လိုကာကွယ်နိုင်မလဲ?

တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းခြင်းက ပိုးမွှားတွေကို ကာကွယ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါက သင့်ကလေးတွေကို ပြောပြပေးရမယ့် အရာတွေပါ။

  • နှာချေ၊ ချောင်းဆိုးနေစဉ် နှာခေါင်းနှင့် ပါးစပ်ကို တစ်သျှူးဖြင့် ဖုံးအုပ်ပါ။ ထို့နောက် တစ်သျှူးတွေကို လွှင့်ပစ်ပါ။
  • အကယ်၍ တစ်သျှူးမရှိရင် လက်ထဲမှာ နှာချေတဲ့အခါ ပိုးမွှားတွေ လက်ထဲသို့ ရောက်သွားပြီး အခြားအရာဝတ္တုတွေကို ထိမိစေတာကြောင့် ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောပါ။
  • ပိုးမွှားများ ပျံ့နှံ့နိုင်တာကြောင့် ဖျားနာနေသူတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ အစားအစာ မျှဝေခြင်း၊ ပွေ့ဖက်ခြင်းမပြုရပါ။

ကလေးတွေကို တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် နာမကျန်းဖြစ်စေသော ရောဂါပိုးမွှားတွေအကြောင်း သင်ပေးတဲ့အခါ သူတို့ကို မကြောက်ရွံ့စေသင့်ပါတ။ တစ်ကိုဘ်ရေသန့်ရှင်းသင်တန်းကို ပျော်စရာကောင်းသော လှုပ်ရှားမှုများမှတဆင့် စိတ်ဝင်စားစရာဖြစ်အောင် သင်ပေးပါ။ ဥပမာ- လက်ဆေးနည်းသင်ပေးတဲ့အခါ လက်ဆေးနေရင်း သီချင်းတစ်ပုဒ်ဆုံးအောင် ဆိုခိုင်းပါ။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here