ကလေးတွေကို လေးစားစွာ သဘောထားကွဲလွဲဖို့ သင်ကြားပေးခြင်း

0
287
- Advertisement -

ကလေးတွေ သင်ယူသင့်တဲ့ အရေးကြီးဆုံးစွမ်းရည်များထဲမှ တစ်ခုကတော့ အခြားသူတွေကို ဘယ်လို လေးစားရမယ် ဆိုတာဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်ကို ဖော်ထုတ်ခြင်းနှင့် သူတို့နှစ်သက်တဲ့အရာနှင့် မနှစ်သက်တဲ့အရာတွေကို ရှာဖွေခြင်း ကဲ့သို့သော ပင်ကိုယ်စရိုက်နဲ့ လွတ်လပ်မှုကို တည်ဆောက်ကြပါတယ်။ သူတို့ဟာ ကိုယ်မှန်တယ်လို့ ထင်ရင် သူငယ်ချင်း၊ မိသားစုဝင်၊ ဆရာ၊ ဆရာမနှင့် တစ်စုံတစ်ခုသောအရာတွေကို ရံဖန်ရံခါ မမြင်နိုင်တာက သဘာဝသာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုအားဖြင့် ပြောရရင် ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်တွေကို ပုံဖော်ဖို့နှင့် သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်ပြောဆိုဖို့ သင်ယူတာက ကောင်းပါတယ်။ ကလေးတွေဟာ လူကြီးများနဲ့ ဖြစ်စေ၊ အခြားကလေးတွေနဲ့ ဖြစ်စေ လေးစားစွာ ပြောဆိုရမှာကို နားလည်ဖို့ အရေးကြီးပါတယ်။ တကယ်တော့ တခြားသူတွေရဲ့ ရှုထောင့်တွေနဲ့ ကွဲလွဲရင်တောင် သူတို့စိတ်ကူးကို အေးဆေးတည်ငြိမ်စွာ မျှဝေနိုင်ခြင်းက ရင့်ကျက်တဲ့ လက္ခဏာတစ်ခုပါ။

ယဉ်ကျေးသော ဆွေးနွေးမှုများကို အားပေးဖို့ မိဘတွေ ဘာလုပ်နိုင်သလဲ?

  • အွန်လိုင်းမှာ ကလေးကြည့်နေတဲ့ အရာတွေကို စောင့်ကြည့်ပါ။ လူတွေက စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ မှတ်ချက်တွေကို အွန်လိုင်းမှာ ပြုလုပ်နိုင်ပါတယ်။ ယနေ့ကလေးတွေဟာ အနိုင်ကျင့်ခြင်းကို ဘယ်လိုငြင်းပယ်ရမယ်၊ လေးစားမှုနှင့် ယဉ်ကျေးသိမ်မွေ့ခြင်းကို ဘယ်လို ရွေးချယ်ရမယ်ဆိုတာ သင်ယူဖို့ ပိုအရေးကြီးပါတယ်။
  • သင့်ကလေးကို နားထောင်ကောင်းသူဖြစ်ဖို့ တိုက်တွန်းပါ။ မိဘတွေနဲ့ စကားပြောတဲ့အခါ အာရုံစိုက်စေခြင်းဖြင့် အပြုအမှုကောင်းကို သင်ပေးပါ။ နားထောင်ခြင်းက လေးစားခြင်းရဲ့ လက္ခဏာဖြစ်ပြီး ကျောင်းပညာရေးအတွက်သာမက ဘဝအတွက် အရေးပါသော စွမ်းရည်တစ်ခုဖြစ်ပါတယ်။ သင့်ကလေးအား တစ်ယောက်ယောက် ပြောနေရင် တကယ်နားထောင်တတ်ဖို့ သင်ပေးပါ။ သူတို့အမြင်တွေကို နားလည်ဖို့ ကြိုးစားခိုင်းပါ။
  • ညစာစားတဲ့အခါ လက်ရှိဖြစ်ရပ်များအကြောင်း ပြောဆိုပါ။ ပုံမှန်မိသားစု ညစာစားပွဲက ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အရေးကြီးပြီး အဝလွန်ခြင်းအန္တရာယ် ကျောင်းစွမ်းဆောင်ရည်၊ self-esteem မြင့်မားခြင်းနှင့် ဆက်စပ်မှုရှိပါတယ်။ ကလေးတွေဟာ အပြင်လောကနဲ့ သူတို့ဘဝမှာ ဖြစ်ပျက်နေသော အရာတွေအပေါ် သူတို့ရဲ့ ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုဖို့ သင်ယူရပါမယ်။ သူတို့ဖတ်နေတဲ့ စာအုပ် (သို့) သူကျောင်းမှာ သင်ယူနေတဲ့ အရာတစ်ခုခုအကြောင်းကို ပြောဆိုဖို့ အားပေးပါ။ တစ်ယောက်ရဲ့ ထင်မြင်ချက်ကို တစ်ယောက် လေးစားပေးပါ။
  • သူတစ်ပါးရဲ့ အမြင်ကို ကြည့်တတ်အောင် လေ့ကျင့်ပေးပါ။ ဒါက စာနာမှုရဲ့ အခြေခံသွင်ပြင်တွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းလူကြီးဘဝရောက်လာတဲ့အခါ ကလေးရဲ့ အောင်မြင်မှုအတွက် အရေးပါပါတယ်။ ကလေးတွေဟာ တခြားသူတွေရဲ့ ရှုထောင့်ကနေ ကြည့်တတ်တဲ့ အလေ့အကျင့်ရလာတဲ့အခါ သူတို့နဲ့ သဘောထားချင်း မတိုက်ဆိုင်ရင်တောင် နှစ်ဖက် မျှတွေးတတ်လာပါတယ်။
  • ကလေးအား သူ့ရဲ့ ယုံကြည်ချက်နဲ့ အတွေးတွေကို မှန်ကန်နေစေဖို့ သင်ပေးပါ။ အခြားသူတွေက မတူညီတဲ့ အရာတစ်ခုခု ပြုလုပ်နေချိန်မှာ သင့်ကိုယ်ပိုင်လမ်းကြောင်းကို သွားဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ သင့်ကလေးအား ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို ယုံကြည်မှု ထားရမယ့်အကြောင်း ၊ ကိုယ့်အတွေးအမြင်တွေ အားကောင်းလာစေဖို့ အခြားသူတွေရဲ့ ထင်မြင်ချက်တွေကို စော်ကားဖို့ မလိုကြောင်း ပြောပြပါ။
  • အခြားသူတစ်ယောက်ရဲ့ ထင်မြင်ချက်ကို စော်ကားတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ သဘောတရား၊ ယုံကြည်မှု၊ အိုင်ဒီယာတွေကို သင်သဘောမတူတဲ့အခါ ဘယ်တော့မှ ပုဂ္ဂိုလ်ရေးအရ မတုံ့ပြန်သင့်ပါဘူး။ စော်ကားပြောဆိုခြင်းဟာ ဘယ်ဆွေးနွေးမှုမှာမဆို မပါဝင်သင့်ပါဘူး။

Chit_MayMay

LM_Nandar

Source-verywellfamily

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here