ကလေးတွေကို အော်ဟစ်ဆူပူခြင်းက ရေရှည်မှာ ဒီနည်းလမ်း (၅)မျိုးဖြင့် ထိခိုက်စေ

0
1155
- Advertisement -

ကလေးတွေကို အော်ခြင်းက သားသမီးပြုစုပျိုးထောင်မှုနှင့် ပတ်သတ်တဲ့အခါ နည်းလမ်းကောင်းမဟုတ်ပါဘူး။ သင်ယုံကြည်မှာ မဟုတ်ပေမယ့် ကလေးတွေကို စူးစူးဝါးဝါးအော်ဟစ်ဆူပူခြင်းက ကလေးရဲ့ ပင်ကိုယ်စရိုက်နှင့် ဦးနှောက်ကို ရေရှည်ထိခိုက်စေနိုင်တဲ့ အကြမ်းဖက်မှု ပုံစံတစ်မျိုးလည်းဖြစ်ပါတယ်။

မေမေတို့အတွက် ကလေးတွေကို တလေးတစား ပြုစုပျိုးထောင်ခြင်းက ဘာ့ကြောင့် ပိုကောင်းတာလဲ? ပြီးတော့ အော်ဟစ်တာကို ဘာ့ကြောင့် ရှောင်သင့်တာလဲဆိုတာကို ပြောပြချင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ချစ်ခြင်း၊ စာနာခြင်းဖြင့် ကလေးတွေကို ဘယ်လိုဆုံးမနိုင်သလဲဆိုတာကို ရှာဖွေပါလို့ တိုက်တွန်းချင်ပါတယ်။

စိတ်ပညာရှင်ဂျိုးဇက်စတန်းရဲ့ Outsmarting Anger: 7 Strategies for Defusing Our Most Dangerous Emotion ဆိုတဲ့ စာအုပ်မှာ သင့်အသံကို စမြှင့်လိုက်တဲ့အခါ ကလေးရဲ့ limbic စနစ်ကို သက်ဝင်လှုပ်ရှားစေပါတယ်။ ထိုစနစ်က ‘fight or flight’လို့ခေါ်တဲ့ အလိုအလျောက်တုံ့ပြန်မှုကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် သင်အော်လိုက်တာက ကလေးကို အာရုံစိုက်ပြီး နားထောင်စေမယ့်အစား အမှန်တကယ်တော့ ဆန့်ကျင့်ဘက် ပြုလုပ်နေတာပါ။ ကလေး ပြန်အော်ချင်လာအောင် လုပ်နေသလို ဖြစ်စေပါတယ်။ ပြန်မအော်ရင်တောင် သူတို့ဟာ လွတ်မြောက်ချင်၊ ပုန်းအောင်းချင်လာကြပါတယ်။

ဒါ့အပြင် အော်ဟစ်ဆူပူခြင်းက မိဘနဲ့ ကလေးအတွက် ခံစားမှု မကောင်းစေပါဘူး။ အော်ဟစ်ခြင်းရဲ့ အကျိုးဆက်က ကလေးတွေရဲ့ စိတ်ပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာ ကြည့်လိုက်ရအောင်။

၁။ အော်ဟစ်သံက မွေးကင်းစကလေးရဲ့ ဦးနှောက်ကို အပြောင်းအလဲဖြစ်စေပါတယ်

၂၀၁၁ခုနှစ် လေ့လာမှုတစ်ခုအရ အော်ဟစ်ခြင်းမှ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးကို စောစီးစွာထိတွေ့ခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်ပုံသည် ဘာသာစကားမှတဆင့် သူရရှိသော သတင်းအချက်အလက်ကို ပြောင်းလဲစေနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ကလေးတွေကို အော်ငေါက်ခြင်းက မွေးကင်းစကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲစေနိုင်ပါတယ်။ သူတို့ဟာ ဖြစ်ရပ်တွေကို အကောင်းတွေထက် မကောင်းတဲ့ သတင်းအချက်တွေကို ပိုပြီးစေ့စေ့စပ်စပ် စတင်လုပ်ဆောင်နိုင်ပါတယ်။

၂။ ကလေးတွေကို အော်ဟစ်ခြင်းက စိတ်ဓါတ်ကျခြင်းနှင့် မိမိကိုယ်ကို လေးစားမှုနိမ့်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်

မိဘ (သို့) ဆရာက သင့်ကိုအော်လိုက်တဲ့အခါ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ သင်မှတ်မိပါသလား? ကလေးတွေကို သင်အော်ဟစ်တဲ့အခါ ကြောက်စိတ်၊ ဝမ်းနည်းစိတ်နှင့် ခံပြင်းစိတ်ကို တွန်းပို့ပေးပါတယ်။ သို့သော် ဒီယာယီခံစားမှုထက် ကျော်လွန်ပြီး ကလေးတွေရဲ့စိတ်ကို လည်း ထိခိုက်စေနိုင်ပါတယ်။

ထို့အပြင် အချို့သော သုတေသနတွေမှာ နှုတ်ကြမ်းလျှာကြမ်းဖြင့် ကလေးကိုပြောဆိုခြင်းက လူကြီးဘဝရောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်တယ်လို့ အကြံပြုထားပါသေးတယ်။ အမှန်က အောဟစ်ခြင်းဟာ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့နှင့် ဆက်စပ်နေပါတယ်။ ထို့အပြင် အရက်နှင့် မူးယစ်ဆေးသုံးစွဲခြင်း (သို့) အန္တရာယ်ရှိသော လိင်ပိုင်းဆိုင်ရာအပြုအမှုများကဲ့သို့သော မိမိကိုယ်ကို ဖျက်ဆီးတဲ့ လုပ်ရပ်များနှင့်လည်း ဆက်စပ်မှုရှိပါတယ်။

၃။ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းခြင်းက အမူအကျင့်ဆိုင်ရာ ပြဿနာများကို ပိုဆိုးစေပါတယ်

ဒီဆောင်းပါးရဲ့ အစမှာ ပြောခဲ့သလိုပဲ ကလေးတွေကို အော်ဟစ်ခြင်းက သူတို့ရဲ့ limbic system ကနေ တုန့်ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒီတုန့်ပြန်မှုက တိုက်ရမလား(သို့) ထွက်ပြေးရမလားဆိုတာကို ဖြစ်ပေါ်စေပါတယ်။ များသောအားဖြင့် ကလေးတွေကို အသံကျယ်ကျယ်ဖြင့် အော်ဟစ်ခြင်းက ပြဿနာတွေကို ပိုဆိုးစေပါတယ်။ ၎င်းက သူတို့ကို ပုန်ကန်မှုနှင့် ခေါင်းမာမှုကို တိုးမြှင့်ပေးပါလိမ့်မယ်။

သုတေသီများက မိဘတွေရဲ့ အော်သံကြောင့် စိတ်ဖိစီးမှု အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ၁၃နှစ်အရွယ်ကလေးတွေဟာ လူလတ်ပိုင်းအရွယ်မှာ မကောင်းတဲ့ အပြုအမှုတွေကို တိုးပွားစေခဲ့တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ် ဒါ့ကြောင့် အခြေအနေတွေ ပိုရှုပ်ထွေးခြင်းမှ တားဆီးလိုပါက ကလေးတွေကို အော်ဟစ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

၄။ အော်ဟစ်ခြင်းက သူတို့ကို အရာရာကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမှားကို သင်ပေးစေပါတယ်

မိဘဆိုတာ ကလေးတွေ ကြည့်ရှုတဲ့ မှန်တွေပါ။ ကျွန်မတို့ရဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ ကျွန်မတို့မသိပါက ကျွန်မတို့ ကလေးတွေကို ဘယ်လိုမျှော်လင့်လို့ရနိုင်မှာလဲ? ထိန်းချုပ်မှု ဆုံးရှုံးခြင်းဖြင့် သူတို့ကို ငါတို့လုပ်သလို လိုက်လုပ်လို့ သင်ကြားပေးသလို ဖြစ်နေပါတယ်။ ကျွန်မတို့ အော်ဟစ်တဲ့အခါ မင်းလိုချင်တာကို မင်းဘယ်လိုရယူနိုင်မလဲဆိုတာ ပြသနေသလို ဖြစ်ပါတယ်။

၅။ အော်ဟစ်ခြင်းက ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်

အချို့သော လေ့လာမှုများအရ မိဘတွေ အော်ဟစ်ခြင်းကနေ ကလေးတွေ ရရှိလာတဲ့ စိတ်ဖိစီးမှုဟာ နာတာရှည်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီရောဂါတွေက စိတ်ဖိစီးမှု ထုတ်လွှတ်သော endocrine ဟော်မုန်း ထွက်ရှိမှုကြောင့် ဖြစ်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ အဆစ်ရောင်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း (သို့) ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ၊ နောက်ကျောနှင့် လည်ပင်းပြဿနာများ၊ တခြားနာတာရှည်ရောဂါများ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် ကျွန်မတို့ဟာ ကလေးတွေကို ပျော်ရွင်မှု၊ စိတ်ခံစားမှုဆိုင်ရာ စာနာမှု၊ ခံနိုင်ရည်ရှိမှုနှင့် ကျန်းမာသော လူကြီးတွေအဖြစ် ကြီးပြင်းစေလိုပါက ကျွန်မတို့ရဲ့ စိတ်ခံစားမှုကို ဘယ်လိုစီမံရမယ်ဆိုတာကို အရင်ဆုံးလေ့လာဖို့ လိုအပ်ပါတယ်။ ကလေးတွေကို အော်ဟစ်ခြင်းက ပြဿနာတွေအတွက် အဖြေမဟုတ်ပါဘူး။ ထို့အပြင် ကလေးတွေ မြန်မြန်ဆန်ဆန် သင်ယူနိုင်မှာလည်း မဟုတ်ပါဘူး။

ဒီနေ့မှာ အော်တာတွေကို ရပ်တန့်လိုက်ပြီး ကလေးတွေကို ပြုစုပျိုးထောင်တာနဲ့ ပတ်သတ်ပြီး အကောင်းမြင်နည်းတွေကို စမ်းကြည့်ပါ။ သင်ဟာ ပေါက်ကွဲလုနီးပါးဖြစ်နေပြီလို့ ခံစားရတဲ့အခါ ထွက်သွားပါ။ ကလေးအား အလေးထားပြီး ပြောဆိုပါ။ သင်ဟာ ကလေးတွေရဲ့ ကြည့်မှန်တစ်ချက်ဖြစ်ပြီး နောင်အနာဂတ်မှာ သူတို့ရဲ့ စဉ်းစားပုံဟာ သင်နှင့် များစွာသက်ဆိုင်လိမ့်မယ်လို့ သတိရပေးပါ။

Chit_MayMay

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here