ကလေးတစ်ယောက် ပူဆွေးသောကဖြစ်နေတဲ့အခါ သူတို့သောကရောက်နေကြောင်းကို သင်သတိထားမိမှာတောင် မဟုတ်ပါဘူး။ ကလေးတွေဟာ လူကြီးတွေထက် စိတ်ရှုပ်ထွေးသော ခံစားမှုများကို ကွဲပြားခြားနားစွာ ပြသပါတယ်။ ကလေးတွေမှာ သောကမရှိဘူး၊ စိတ်ခံစားချက် ထိခိုက်မှု မရှိနိုင်ဘူးလို့ မထင်ပါနဲ့နော်။ ကလေးတွေဟာ ငယ်ရွယ်ပေမယ့်လည်း ဝမ်းနည်းပူဆွေးတတ်ကြပါတယ်။
သေခြင်းတရားကို နားလည်နိုင်စွမ်း
ကလေးငယ်တွေဟာ သေခြင်းသဘောတရားနှင့် တည်မြဲခြင်းသဘောကို နားမလည်နိုင်သေးတာကြောင့် ကလေးငယ်တွေမှာ ဝမ်းနည်းပူဆွေးခြင်းကို သတိကြီးစွာထားဖို့ လိုအပ်ပါတယ်။ ကလေးတစ်ယောက်ဟာ သေခြင်းတရားက ခေတ္တယာယီဖြစ်တယ်လို့ ယုံကြည်နိုင်ပါတယ်။ ကာတွန်းအမြောက်အများမှာ လူတစ်ယောက်က သေကြေဒဏ်ရာရပြီးရင် ပြန်ရှင်လာတာကို ပြသတာကြောင့် ဖြစ်ပါတယ်၊။
အကျိုးဆက်အားဖြင့် ငယ်ရွယ်သော ကလေးတွေဟာ သူတို့ချစ်ခင်ရတဲ့ တစ်စုံတစ်ယောက် ဆုံးရှုံးရပြီဆိုရင် မိနစ်အနည်းငယ်လောက်တော့ ငိုလိုက်ပြီး နောက်ပိုင်းမှာ မေ့သွားတတ်ကြပါတယ်။ သူတို့ဟာ သေဆုံးခြင်းက ထာဝရဖြစ်ကြောင်း နားမလည်တာကြောင့် အမှန်တကယ် ဆုံးရှုံးမှုက ဘာလဲဆိုတာကို နားလည်သဘောပေါက်မှာ မဟုတ်ပါဘူး။
သေဆုံးခြင်းအကြောင်း နားလည်ခြင်းက အသက်အရွယ်အလိုက် ကွဲပြားသလို ဝမ်းနည်းပူဆွေးတဲ့ လက္ခဏာများလည်း ရှိနိုင်ပါတယ်။ သင့်ကလေးဝမ်းနည်းပူဆွေးတဲ့အခါ အသိအမှတ်ပြုပေးဖို့ အရေးကြီးပါတယ်။ သို့မှသာ သူတို့ဟာ စိတ်လှုပ်ရှားမှုတွေကို ကျန်းမာသောနည်းလမ်းနှင့် ဆက်ဆံနိုင်မှာ သေချာစေပါတယ်။

ကလေးတစ်ယောက်မှာ ဝမ်းနည်းပူဆွေးနေတဲ့ လက္ခဏာများ
ဝမ်းနည်းပူဆွေးမှုရဲ့ အစောပိုင်းအဆင့်တွေမှာ ကလေးတွေဟာ မိမိတို့ ချစ်မြတ်နိုးရသူတစ်ယောက် ပျောက်ဆုံးသွားတာကို အနည်းငယ် ငြင်းပယ်ခြင်းက ပုံမှန်ဖြစ်ပါတယ်။ သူတို့ဟာ ကွယ်လွန်သွားတဲ့ သူတွေ အချိန်မရွေး ပေါ်လာလိမ့်မယ်လို့ မျှော်လင့်နေပါလိမ့်မယ်။ ဒါက ခဏတာအတွက် ပုံမှန်ဖြစ်သော်လည်း အချိန်ကြာလာတာနှင့်အမျှ အရွယ်ရောက်လာတဲ့ ကလေးတွေမှာ ဆုံးရှုံးမှုရဲ့ အဖြစ်မှန်ကို သဘောပေါက်သွားပါတယ်။
သင့်ကလေးဟာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင် ပျောက်သွားတာပဲဖြစ်ဖြစ်၊ အိမ်နီးချင်း၊ ဆရာ (သို့) မိသားစုဝင်တစ်ယောက် ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် ဆုံးရှုံးပြီးနောက်မှာ ဒီလိုအရာလေးတွေ တွေ့ကောင်းတွေ့နိုင်ပါတယ်။
တွယ်ကပ်ခြင်း – ဆုံးရှုံးပြီးနောက်မှာ ကလေးဟာ အရမ်းတွယ်ကပ်လာတတ်ပါတယ်။ သူဟာ ကျောင်းသွားမယ့်အချိန်ရောက်ရင် ငိုပါလိမ့်မယ်၊ (သို့မဟုတ်) သင်အာရုံစိုက်နိုင်အောင် ယခင်က သူကျွမ်းကျင်ခဲ့တဲ့ အလုပ်တွေကို အကူအညီတောင်းနိုင်ပါတယ်။ လသားကလေးတွေဟာ သူတို့ရဲ့ စောက်ရှောက်သူတွေရဲ့ စိတ်သောကို ခံစားရနိုင်ပါတယ်။ ထို့ကြောင့် သူတို့ဟာ စိတ်တိုလွယ်ခြင်း၊ ပိုပြီးငိုခြင်းတွေဖြင့် တုံ့ပြန်နိုင်ပါတယ်။
ဖွံ့ဖြိုးမှုဆိုင်ရာ ဆုတ်ယုတ်ခြင်း- ကလေးငယ်တွေနှင့် မူကြိုကလေးတွေဟာ အိပ်ရာထဲ သေးပေါက်ထည့်တာ (သို့) တစ်ညလုံးအိပ်မပျော်တာတွေ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တစ်ယောက်ဟာ ပြန်ပြီး တွားသွားတာတို့၊ နို့ဘူးနှင့် ပြန်သောက်ချင်တာတို့ ဖြစ်နိုင်ပါတယ်။
ပညာရေးဆိုင်ရာ ပြဿနာများ – ဆုံးရှုံးမှုနှင့် ကြုံတွေ့ရတဲ့ ဆယ်ကျော်သက်နှင့် အရွယ်ရောက်ကလေးတွေဟာ တစ်ချိန်က သူတို့လုပ်ခဲ့ဖူးတဲ့ ပညာရပ်တွေကို ကျရှုံးခြင်း၊ အတန်းပျက်ကွက်ခြင်းတွေဖြင့် ဝမ်းနည်းပူဆွေးမှုကို မကြာခဏ ပြသပါတယ်။
အိပ်စက်မှု ပြဿနာများ – ဝမ်းနည်းပူဆွေးနေတဲ့ ကလေးတွေဟာ မိဘတွေ (သို့) သူတို့နဲ့ အနီးကပ်နေသူတွေနဲ့ အတူအိပ်ချင်ကြပါလိမ့်မယ်။ သေဆုံးသွားတဲ့ လူတွေနဲ့ ပတ်သတ်ပြီး အိမ်မက်တွေ၊ အိမ်မက်ဆိုးတွေ မက်နိုင်ကြပါတယ်။
အာရုံစိုက်မှု ခက်ခဲခြင်း – ကလေးတစ်ယောက်ဟာ ဘယ်လုပ်ဆောင်မှုကို မဆို အာရုံမစိုက်နိုင်ခြင်း၊ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
စိုးရိမ်ပူပန်မှု – ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေဟာ အရာရာတိုင်းကို အထူးသဖြင့် သူတို့ဘဝမှာ ရှိတဲ့လူတွေနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်လာကြပါတယ်။ ဥပမာ- သူတို့ချစ်ရတဲ့ အဘိုး/အဘွားဆုံးသွားခဲ့တယ်ဆိုရင် မိဘတွေ ထပ်ပြီးဆုံးရှုံးမှာကို သဘာဝအရ စိတ်ပူတတ်ကြပါတယ်။သူ့ကို အမြဲချစ်နေမယ်ဆိုတာနဲ့ စောင့်ရှောက်သွားမယ်ဆိုတဲ့ စကားတွေနဲ့ နှစ်သိမ့်နိုင်ပါတယ်။

စွန့်ပစ်ခြင်းရဲ့ ခံစားချက်များ – ကလေးတစ်ယောက်ဟာ သစ္စာဖောက်သွားတယ်၊ စွန့်ပစ်ခံရတယ်လို့ ခံစားရနိုင်ပါတယ်။
အမူအကျင့်ဆိုင်ရာတုံ့ပြန်မှုများ – ဘယ်အသက်အရွယ်မဆို ကလေးတွဟော အမူအကျင့်ဆိုင်ရာ ပြဿနာများကို ပြသခြင်းဖြင့် ဝမ်းနည်းပူဆွေးမှုကို တုံ့ပြန်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေအနေနဲ့ ကျောင်းပြေးခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းစတဲ့ အန္တရာယ်များးသောအပြုအမှုတွေ လုပ်လာနိုင်ပါတယ်။
လူကြီးတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းပူဆွေးမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ သိပ်တော့ မလွယ်ကူပါဘူး။ အကောင်းဆုံး ကြားဝင်ဆောင်ရွက်မှုက ကလေးရဲ့ အသက်အရွယ်အပေါ် မူတည်ပြီး ကွဲပြားပါတယ်။
ဝမ်းနည်းပူဆွေးမှုကို ဖြေရှင်းဖို့ သင့်ကလေးအား ကူညီနိုင်တဲ့ နည်းဗျူဟာအချို့မှာ-
ဆုံးရှုံးမှုနှင့် ပတ်သတ်ပြီး ရိုးရိုးသားသားပြောပါ။ ဥပမာ- “ငါတို့ သူ့ကို ဆုံးရှုံးလိုက်ရပြီ”, “သူအခု အိပ်နတေယ်” ဆိုတဲ့ စကားလုံးကို သုံးခြင်းဟာ ရှုပ်ထွေးပြီး ကြောက်လန့်စေနိုင်ပါတယ်။ လူတစ်ယောက်ဟာ အိပ်ပျော်တာ (သို့) ပျောက်ဆုံးတာ မဟုတ်ကြောင်း ကလေးနားလည်ဖို့ အရေးကြီးပါတယ်။ ကလေးကြောက်သွားအောင် အသေးစိတ်ပြောစရာမလိုပါဘူး။ အမှန်တရားကိုသာ ပြောပြသင့်ပါတယ်။
ဆုံးရှုံးမှုကို အသိအမှတ်ပြုဖို့ ကလေးကို ကူညီပေးပါ – အသုဘကို ကလေးမသွားသင့်၊ သွားသင့်ဆိုတာ ဆုံးဖြတ်ဖို့ သင့်အပေါ်မှာ မူတည်ပါတယ်။ သင့်ကလေးသွားဖို့ ကြောက်လန့်ပါက အတင်းမခိုင်းပါနဲ့။ နာရေးသွားတာက အမှန်တရားကို လက်ခံနိုင်ဖို့ အထောက်အကူ ပြုပါတယ်။ သင့်ကလေးရဲ့ဆုံးရှုံးမှုကို အသိအမှတ်ပြုဖို့ အခြားနည်းလမ်းတွေ ရှာနိုင်ပါတယ်။
စိတ်ရှည်ပါ – ကလေးကို စိတ်ရှည်ပေးဖို့နဲ့ နှစ်သိမ့်မှုပေးဖို့ အရေးကြီးပါတယ်။
သင့်ကိုယ်သင် ဂရုစိုက်ပါ – ကလေးတွေက သူတို့မိဘတွေကို အတုယူတတ်ပါတယ်။ အဲ့တာကြောင့် ကလေးတွေရှေ့မှာ သင့်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ သင့်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောနိုင်ပေမယ့် လူကြီးတွေရဲ့ ပြဿနာများစွာကို ပြောပြီး ကလေးကို ဝန်မပိစေဖို့ သတိပြုပါ။
ဝမ်းနည်းပူဆွေးမှုနှင့် ပတ်သတ်တဲ့ စာအုပ်များကို ဖတ်ပါ – ဆုံးရှုံးခြင်း၊ သေခြင်းနှင့် လူသေတဲ့အခါ ဘာဖြစ်မယ်ဆိုတာနဲ့ ပတ်သတ်ပြီး ကလေးမေးတဲ့ မေးခွန်းတွေကို ဖြေရှင်းဖို့ အသင့််ပြင်ထားပါ။ အဖြေကို မသိရင် မသေချာဘူးလို့ပြောပါ။