ကလေးတွေမှာ အစာစားချင်စိတ် ဆုံးရှုံးခြင်းရဲ့ အကြောင်းရင်း (၈)ချက်

0
124
- Advertisement -

ကလေးတွေမှာ အစာစားချင်စိတ် ပျောက်ဆုံးခြင်းက မိဘအများစုအတွက် စိုးရိမ်မှု ဖြစ်စေနိုင်ပါတယ်။ ဒါက အသက် နှစ်နှစ်မှ ငါးနှစ်ကြားကလေးတွေမှာ အဖြစ်များပါတယ်။ ဘယ်လိုပဲဖြစ်စေ အချို့သောရှားရှားပါးပါး ကိစ္စတွေမှာ အစာစားချင်စိတ် ပျောက်ဆုံးခြင်းက စိုးရိမ်စရာ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကလေးက မကြာခဏ အစာစားချင်စိတ် လျော့နည်းလာပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ စိတ်ပူသင့်လဲ?

အချို့သော ကလေးငယ်တွေဟာ အစားအသောက် လိုအပ်ချက်နည်းပါးသေးတာကြောင့် တကယ်လို့ သင့်ကလေးမှာ (သူတို့ရဲ့ အသက်အရွယ်အလိုက်) ပုံမှန်ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ရှိပါက စိုးရိမ်စရာ မရှိနိုင်ပါဘူး။ ဒါပေမယ့် ကလေးက အသက်ကြီးလာရင်၊ ကိုယ်အလေးချိန်ကျလာပြီး အစာစားချင်စိတ် ချက်ချင်းဆုံးရှုံးသွားရင် အကြောင်းရင်းကိုသိရှိဖို့ ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

- Advertisement -

ကလေးတွေမှာ အစာစားချင်စိတ် ဆုံးရှုံးရတဲ့ အကြောင်းရင်းများ

မေမေတို့ကလေးက အမြဲတမ်း မောပန်းပြီး စိတ်တိုနေပါက အစာစားချင်စိတ် မရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါတွေကတော့ ကလေးတွေရဲ့ အစာစားချင်စိတ်ကို ဆုံးရှုံးစေရတဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းတချို့ပါပဲ။

၁။ ကြီးထွားမှုနှုန်း နှေးကွေးခြင်း

ကြီးထွားမှု အပြောင်းအလဲတွေက ကလေးတွေမှာ အစာစားချင်စိတ်ကို ကျဆင်းစေနိုင်ပါတယ်။ ၁နှစ်သားအရွယ်မှာ ကလေးတွေဟာ လျင်မြန်စွာ ကြီးထွားကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကြီးထွားမှုနှုန်း နှေးကွေးလာပြီး အစာလျှော့စားလာနိုင်ပါတယ်။ ဒီကာလအတွင်း အစာစားချင်စိတ် ကျဆင်းမှုက လုံးဝပုံမှန်ဖြစ်ပါတယ်။

၂။ ဖျားခြင်း

မကြာခဏ ဖျားနာခြင်းက ကလေးတွေမှာ အစာစားချင်စိတ်ကို သိသိသာသာ ဆုံးရှုံးစေနိုင်ပါတယ်။ ကလေးက လည်ချောင်းနာခြင်း၊ အစာအိမ်တုပ်ကွေး၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း (သို့) တခြားရောဂါလက္ခဏာတွေဖြစ်ရင် သူတို့က ပုံမှန်စားနေကျထက် လျှော့စားနိုင်ပါတယ်။ ကလေးအများစုက ပြန်ကောင်းမွန်လာတဲ့အခါမှာ အစာစားချင်စိတ် ပြန်ရရှိကြပါတယ်။

၃။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုက ငယ်ရွယ်တဲ့ ကလေးတွေမှာ အစာစားချင်စိတ် ဆုံးရှုံးခြင်း အပါအဝင် ဆိုးကျိုးများစွာ ရှိနိုင်ပါတယ်။ တကယ်လို့ ကလေးက အစာစားဖို့ စိတ်ပါဝင်စားမှု ပျောက်ဆုံးနေပါက (သို့) အိပ်ပျော်ဖို့ ခက်ခဲနေပါက သူတို့ဟာ စိတ်ဖိစီးမှုကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ အစာစားချင်စိတ်ကို ပြေပျောက်စေဖို့ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး ဝေဒနာကို သက်သာစေဖို့ လိုအပ်ပါတယ်။ ကလေးဘဝမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းတစ်ချို့က –

  • မိသားစုဝင်၊ အိမ်မွေးတိရိစ္ဆန် သေဆုံးခြင်း (သို့) မွေးချင်းမောင်နှမ မွေးဖွားခြင်းကဲ့သို့သော မိသားစု ပြဿနာများ
  • အနိုင်ကျင့်ခံရခြင်း
  • ပညာရေးဖိအားတွေနဲ့ မိဘတွေရဲ့ လက်တွေ့မကျသော မျှော်လင့်ချက်တွေကို ရင်ဆိုင်နိုင်စွမ်းမရှိခြင်း

၄။ စိတ်ဓါတ်ကျခြင်း

စိတ်ဓါတ်ကျခြင်းက ကလေးရဲ့ အစာစားချင်စိတ်ကို ဆုံးရှုံးစေတဲ့ အခြားအကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ မိဘအများစုက စိတ်ဓါတ်ကျခြင်းကို ဝမ်းနည်းမှုနဲ့ မှားတတ်ကြပါတယ်။ ဒါပေမယ့် ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာက မတူပါဘူး။ ဝမ်းနည်းတဲ့ ခံစားချက်တွေက အချိန်နဲ့အမျှ ပျောက်ကွယ်သွားပေမယ့် စိတ်ဓါတ်ကျတာကတော့ ပျောက်ကွယ်မသွားပါဘူး။ စိတ်ဓါတ်ကျခြင်းက ကလေးအား ဝမ်းနည်းစေရုံသာမက သူတို့ရဲ့ ပုံမှန်ဘဝကိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်။

ကလေးက ယခင်ကနှစ်သက်ခဲ့တဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်စားမှုသိသိသာသာ ကင်းမဲ့နေရင် စိတ်ဓါတ်ကျခြင်း ဖြစ်နိုင်ပါတယ်။ စားသောက်မှု အလေ့အထ ပြောင်းလဲမှုက စိတ်ဓါတ်ကျခြင်းရဲ့ ခိုင်မာသော ညွှန်ပြချက်တစ်ခုဖြစ်နိုင်ပါတယ်။ စိုးရိမ်ပူပန်မှုတွေ ရှိနေရင် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူဖို့ အကြံပြုအပ်ပါတယ်။

၅။ ဆေးဝါးများ

ကလေးက မကြာသေးခင်က ပဋိဇီဝဆေးတွေ သုံးစွဲနေရရင် သူတို့ရဲ့ အစာစားချင်စိတ်ကို ထိခိုက်နိုင်ပါတယ်။ အခြားဆေးဝါးတွေကလည်း အစာစားချင်စိတ်ကို ထိခိုက်စေနို်ငပါတယ်။

၆။ သွေးအားနည်းရောဂါ

သွေးအားနည်းရောဂါက ကလေးရဲ့ အစာစားချင်စိတ် ကျဆင်းခြင်းရဲ့ နောက်ထပ်ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ သွေးအားနည်းသော ကလေးတွေဟာ ထုံထိုင်း၊ မောပန်းကာ စိတ်တိုနေပုံရတတ်ပါတယ်။ မကုသဘဲထားပါက သွေးအားနည်းရောဂါက သင့်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျောင်းစွမ်းဆောင်ရည်ကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်ကလေးမှာ သွေးအားနည်းတယ်လို့ သံသယရှိပါက သွေးစစ်မှု ပြုလုပ်ပါ။

၇။ အူလမ်းကြောင်း ကပ်ပါးပိုးများ

အူအတွင်း ကပ်ပါးပိုးတွေက ကလေးတွေမှာ အစာစားချင်စိတ်ကို ဆုံးရှုံးစေနိုင်ပါတယ်၊။ ကပ်ပါးပိုးတွေက ကလေးရဲ့ အစာခြေစနစ်အတွင်းသို့ ဝင်ရောက်ကာ ကပ်ပါးကောင်တွေအဖြစ် နေထိုင်ကြပြီး အူလမ်းကြောင်းမှ သွေးထွက်ခြင်း၊ အစာစားချင်စိတ် ဆုံးရှုံးခြင်း၊ ဝမ်းကိုက်ရောဂါ စသည်တို့ကိုဖြစ်စေပါတယ်။ သန်ချဆေးကို ဆေးဝါးကျွမ်းကျင်သူ (သို့) ဆရာဝန်မှတဆင့် ရယူနိုင်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေရှိပါက တစ်နှစ်လျှင် နှစ်ကြိမ် သန်ချပါ။ သင့်ကလေးကို အသက်နှစ်နှစ်နောက်ပိုင်းမှာ (သို့) ကလေးအထူးကုဆရာဝန်ရဲ့ အကြံပေးချက်အရ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် သန်ချပါ။

၈။ ဝမ်းချုပ်ခြင်း

ကလေးတွေမှာ ဝမ်းမမှန်ခြင်းက ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကလေးတွေမှာ အစာစားချင်စိတ် ပျောက်ဆုံးခြင်းကလည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အထက်ဖော်ပြပါ အကြောင်းရင်းတွေအပြင် ကလေးတွေမှာ အစာစားချင်စိတ် ဆုံးရှုံးရခြင်းက အာဏာသုံးသော မိဘအုပ်ထိန်းမှု၊ မိခင်ကျွေးတဲ့ အစားအသောက် ပမာဏ၊ မိသားစု အစားအသောက်၊ လူမှုရေးအခြေအနေတွေ၊ အစားအသောက် အသစ်တွေ စမ်းရမှာကို ကြောက်တာ ကဲ့သို့သော အခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Chit_MayMay

Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here