ဖေဖေမေမေတို့ အားလုံးက သားသားမီးမီးတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေတတ်ကြသူတွေပါ။ မိဘတွေက ဆရာဝန်တွေဖြစ်တယ်ဆိုရင် ကလေးတွေရဲ့ သဘောသဘာဝအားလုံးကိုသိကြပေမယ့် တစ်ချို့သောထူးထူးဆန်းဆန်းဖြစ်ရပ်တွေဆိုရင်တော့ ဆရာဝန်မဟုတ်တဲ့ ဖေဖေမေမေတို့က မသိနိုင်ပါဘူး။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ သားသားမီးမီးတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ မွေးမွေးချင်းမျက်ရည်မထွက်ဘဲငိုခြင်း။
ကလေးတွေဟာ မွေးဖွားပြီးနောက် ချစ်မေမေတို့ရဲ့ ဗိုက်ထဲက ထွက်လာပြီဆိုတည်းက ငိုလေ့ရှိပေမယ့် များသောအားဖြင့် မွေးကင်းစကလေးတွေက မျက်ရည်မထွက်ဘဲ ငိုလေ့ရှိပါတယ်။ ဒါက ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ မျက်ရည်ပြွန်တွေက အပြည့်အဝဖွံ့ဖြိုးခြင်းမရှိသေးတာကြောင့်ပါ။ အဲ့ဒီအချက်ကြောင့်လည်း မျက်ရည်တွေက မျက်လုံးထဲက မထွက်လာနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

၂။ မွေးကင်းစမှာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းခြင်း။
မွေးကင်းစ သားသားမီးမီးလေးတို့က မွေးဖွားတဲ့ရက်ကနေ (၃) ရက် ဒါမှမဟုတ် (၄) ရက်အတွင်းမှာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းတတ်ပါတယ်။ အချက်အလက်တွေအရ လူ့လောကထဲပထမဆုံးရောက်ရှိလာတုန်းက ရှိတဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ (၅) ရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားတာပါ။ ဒါပေမယ့် ဒါက စိုးရိမ်စရာမဟုတ်ဘဲ နောက်ရက်တွေမှာတော့ သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်က ပြန်ပြန်ပြီး တိုးတက်လာပါလိမ့်မယ်။

၃။ သားသားမီးမီးတို့ရဲ့ သွားအနေအထား။
သားသားမီးမီးတို့အတွက် ပထမဆုံးသွားက သူတို့အသက် (၆) လ (၇) လအတွင်းကနေ (၁) နှစ်အတွင်းမှာ ပေါက်လေ့ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ သွားတွေကတစ်ချောင်းပြီးတစ်ချောင်းပေါက်လာမှာဖြစ်ပေမယ့် အသက် (၃) နှစ်အရွယ်ရောက်တဲ့အထိ သွားတွေအပြည့်အစုံ ပေါက်လာဦးမှာမဟုတ်ပါဘူး။ နောက်ပြီး အဲ့ဒီသွားတွေက နို့သွားလေးတွေဖြစ်ပြီး (၆) နှစ်အရွယ်ဝန်းကျင်လောက်မှာ ပြန်ကျိုးလေ့ရှိပါတယ်။

၄။ သူစိမ်းတွေကို ကြောက်ရွံ့ခြင်း။
သားသားမီးမီးလေးတို့ဟာ သူတို့အသက် (၈) လဝန်းကျင်လောက်ရောက်လာပြီဆိုရင် သူစိမ်းတွေကို ကြောက်ရကောင်းမှန်းသိလာပါတယ်။ ဒါပေမယ့် ဒါက ကလေးတိုင်းအတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါပဲ။ ထူးဆန်းပြီးရယ်စရာကောင်းတာတစ်ခုကတော့ သူတို့လေးတွေက သူစိမ်းတွေကို ကြောက်ရွံ့တာမှန်ပေမယ့် အခြားသော သူတို့နဲ့မသိတဲ့ ကလေးတွေကိုတော့ မကြောက်ရွံ့ကြဘူးလို့ဆိုပါတယ်။

၅။ သားသားမီးမီးတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့အရာများ။
သားသားမီးမီးတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယေဘုယျအားဖြင့် နေထိုင်စားသောက်မှုပုံစံ၊ ပတ်ဝန်းကျင်၊ ကျန်းမာရေးနဲ့ပတ်သက်လို့ဂရုစိုက်မှု အစရှိတာတွေက မျိုးရိုးဗီဇထက် ပိုမိုအရေးကြီးပါတယ်။ အဲ့ဒါကြောင့် သူတို့လေးတွေ ငယ်ရွယ်စဥ်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခြေခံအချက်အလက်တွေကို သေချာစနစ်တကျနဲ့ ဂရုတစိုက်ထိန်းသိမ်းပေးသင့်ပါတယ်။

၆။ မွေးဖွားပြီးနောက်ပိုင်း ဖွံ့ဖြိုးကြီးထွားမှု။
သားသားမီးမီးတို့က မွေးဖွားပြီး ပထမဆုံး (၁) နှစ်တာကာလအတွင်းမှာ လျင်လျင်မြန်မြန်နဲ့ ကြီးထွားဖွံ့ဖြိုးတတ်ကြပြီး ခန္ဓာကိုယ်အရွယ်အစားက (၅၀) ရာခိုင်နှုန်းအထိ ကြီးထွားလာနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ ဖွံ့ဖြိုးကြီးထွားမှုက နည်းနည်းလေးတန့်သွားတယ်လို့ပြောလို့ရပေမယ့် ပုံမှန်အတိုင်းပဲ အရပ်ထွက်တာ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်လာတာတွေက ရှိနေဆဲပါပဲ။ အပျိုဖော်၊ လူပျိုဖော်ဝင်တဲ့အချိန်တွေကတော့ ခန့်မှန်းခြေ (၄) နှစ်လောက်ကြာမြင့်ပါတယ်။ အဲ့ဒီထဲကမှ ပထမဆုံး (၂) နှစ်မှာ မိန်းကလေးရော၊ ယောက်ျားလေးရောရဲ့ ခန္ဓာကိုယ်အရွယ်အစားတွေက ချက်ချင်းဆိုသလို ကြီးထွားဖွံ့ဖြိုးလာတတ်ကြပါတယ်။

#HM
#ChitMayMay
Source: youaremom