မိဘတွေအနေနဲ့ သူတို့သားသမီးတွေမှာ မကောင်းတဲ့အပြုအမှုတွေ လွှမ်းမိုးခံရတယ်လို့ မကြာခဏ ခံစားရတတ်ပါတယ်။ ဒီအခြေအနေတွေမှာ ကိုယ့်ကလေးတွေကို အော်ဟစ်တာ၊ ကဲ့ရဲ့တာ (သို့) အပြစ်ပေးတာ ပြုလုပ်ကြပါလိမ့်မယ်၊ ဒါက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုကို ပျက်စီးစေကြောင်း ဖော်ပြပေးခဲ့ပြီးတာကြောင့် အဲဒီအစား အပြုသဘောဆောင်တဲ့ အပြုအမှုကို အားပေးတဲ့ စကားအသုံးအနှုန်းတွေကို အသုံးပြုပေးတာက ပိုကောင်းမွန်ပါလိမ့်မယ်။
မေမေတို့ ကလေးကို ကောင်းတဲ့ အပြုအမှုတွေ အားပေးဖို့ဆိုရင် မေမေတို့ အသုံးပြုနိုင်တဲ့ စကားအသုံးအနှုန်းတွေရှိပါတယ်။ ဘယ်လိုစကားလုံးတွေလဲဆိုတာ ကြည့်လိုက်ပါနော်။
အပြုသဘောဆောင်တဲ့ အပြုအမှုကို အားပေးတဲ့ စကားအသုံးအနှုန်းများ
၁။ “သားတာဝန်ကျေကျေလုပ်နိုင်ရင် ဆုရနိုင်မယ်”
မကောင်းတဲ့ အပြုအမှုတွေကို အပြစ်ပေးမယ့်အစား ကောင်းတဲ့ အပြုအမှုတွေကို အားဖြည့်ခြင်းက ပိုမိုထိရောက်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ကလေးတွေကို လုပ်ဆောင်မှုတစ်ခု ထပ်လုပ်စေလိုရင် ၎င်းကို အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဆုလက်ဆောင်က ပစ္စည်းဖြစ်ဖို့မလိုပါဘူး၊ သူတို့နဲ့ ကစားပေးခြင်း၊ ပန်းခြံကို ပို့ပေးခြင်း၊ ရုပ်ရှင်သွားပြခြင်း၊ စက်ဘီးစီးခြင်း(သို့) တခြားသူတွေနဲ့ အပြင်ပေးထွက်ခြင်းတို့ ဖြစ်ပါတယ်။
၂။ “သား/သမီးပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတာ မေမေသိတယ်”
မေမေတို့ ကလေးတွေ မှန်မှန်ကန်ကန် ပြုမှုလုပ်ဆောင်နိုင်တယ်ဆိုတာ ယုံကြည်ကြောင်း ဖော်ပြပေးဖို့ အရေးကြီးပါတယ်။
၃။ “မေ့မေ့သားသမီးတွေအတွက် ဂုဏ်ယူတယ်”
ကိစ္စရပ်တွေက သူတို့အတွက် မှားယွင်းသွားရင်တောင် သူတို့ရဲ့ အောင်မြင်မှုနဲ့ အားထုတ်မှုတွေအတွက် သင်ပျော်ရွှင်တယ်ဆိုတာ ကလေးကို အသိပေးပါ။ ဒီနည်းအားဖြင့် သူတို့ကို နောက်တစ်ကြိမ်မှာ ပိုကောင်းအောင် လုပ်ဖို့ အားပေးရာရောက်စေပါတယ်။

၄။ “ဒီလိုဆက်လုပ်မယ်ဆိုရင် သားစကားကို မေမေနားမထောင်ပေးတော့ဘူး”
သူတို့အမှားလုပ်မိတာတွေကို ရှင်းပြပေးဖို့ သူတို့ကို အော်ဟစ်တာမျိုး၊ ပြောတာမျိုးက လက်မခံနိုင်တဲ့ အပြုအမှုကိုသာ ပိုမိုအားကောင်းစေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့အပျက်သဘော တစ်ခုခုလုပ်တဲ့အခါမှာ သင်ဟာ သူတို့ကို အာရုံစိုက်နေလို့ပါ။ ထို့ကြောင့် အခန်းထဲမှ ထွက်သွားတာ (သို့) အခန်းထဲမှ ထွက်ဖို့ သူတို့ကိုပြောတာက အကောင်းဆုံးဖြစ်ပါတယ်၊ သို့မှသာ သင်ဟာ အပျက်သဘောဆောင်တဲ့ အပြုအမှုကို ပိုပြီး အာရုံမစိုက်မိမှာပါ။
၅။ “အမေ့ကို အမြဲတမ်း အမှန်အတိုင်းပဲပြောနော် ၊ လိမ်တာမကြိုက်ဘူး”
ကလေးအတော်များများက ဆူပူခံရမှာကို ကြောက်တာကြောင့် လိမ်တတ်ကြပါတယ်။ ထို့ကြောင့် သူတို့အမှန်အတိုင်း ပြောတဲ့အခါ ဆုချရပါမယ်။ သူတို့ရဲရင့်တာကို ချီးမွမ်းပေးရပါမယ်။
၆။ “ထပ်ကြိုးစားဦး”
တကယ်လို့ သူတို့တစ်ခုခုကို မလုပ်နိုင်ခဲ့ရင် မှားသွားတဲ့အရာကို အာရုံစိုက်မယ့်အစား သူတို့အမှားတွေကို ပြန်ပြင်နိုင်ဖို့၊ ထပ်ကြိုးစားဖို့ အခွင့်အရေးပေးရပါမယ်။
၇။ “I love you”
သင့်ကလေးတွေကို ချစ်ကြောင်း ပြောပြပြီး ဒီအချက်ကို အမြဲတမ်းသတိပေးနေခြင်းဟာ သူတို့ကို self-esteem ကောင်းစေပြီး ပိုမိုကောင်းမွန်စွာ ပြုမှုဖို့နဲ့ ပိုပြီး အကောင်းမြင်ဖို့ ကူညီပါလိမ့်မယ်။

၈။ “သားကိုလုပ်ခိုင်းခဲ့တာ မှတ်မိလား? သားလုပ်ခဲ့လား?”
လုပ်ခိုင်းထားတဲ့ တာဝန်တစ်ခုခုကို သူတို့ မလုပ်ခဲ့လို့ ဆူပူကြိမ်းမောင်းမယ့်အစား အပြုသဘောဆောင်တဲ့နည်းနဲ့ အဲဒီလိုလုပ်တာက အကောင်းဆုံးဖြစ်ပါတယ်။ သူတို့ဘာလုပ်ရမယ်ဆိုတာ သူတို့ကို သတိပေးနိုင်ပါတယ်။
၉။ “သားအမှားလုပ်လို့ရတယ်, ဒါပေမယ့် အမှားထဲကနေ သင်ခန်းစာယူရမယ်”
“ငါမင်းကိုပြောခဲ့တယ်မှလား” လို့ပြောတာထက် သူတို့အမှားတစ်ခုပြုမိကြောင်း နားလည်စေတာက သင့်ကလေးအတွက် ပိုကောင်းပါတယ်။ လူကြီးတွေလိုပဲ ကလေးတွေဟာ သူတို့အမှားမလုပ်မိခဲ့ရင် မသင်ယူတတ်ကြပါဘူး။
၁၀။ “မေမေက သားအကူအညီလိုရင် ကူညီဖို့ အဆင်သင့်ပဲ”
ဒီနည်းနဲ့ သူတို့တစ်စုံတစ်ရာ လိုအပ်ရင် သူတို့အတွက် အဲဒီနေရာမှာ သင်ရှိနေလိမ့်မယ်ဆိုတာကို ပြသပါလိမ့်မယ်။ သူတို့က ဒီအချက်ကို သတိရပြီး ဆုံးရှုံးမှုခံစားရရင် သူတို့ သင့်ဆီကို လာပါလိမ့်မယ်။

၁၁။ “သားဒါကို လုပ်ဖို့မရည်ရွယ်ခဲ့ဘူးဆိုတာ မေမေသိတယ်” ဆိုတာက အပြုသဘောဆောင်တဲ့ အပြုအမှုတွေကို အားပေးတဲ့ စကားအသုံးအနှုန်းတွေထဲက နောက်ဆုံးတစ်ခုပါ
ဒီနည်းအားဖြင့် သင်ယုံကြည်ထားတဲ့အတိုင်း ကလေးအား ထပ်မလုပ်ဖို့ သေချာစေပြီး သူတို့အပေါ် ယုံကြည်မှုရှိစေပါတယ်။
သင့်ကလေးတွေရဲ့ အပြုအမှုကောင်းတွေကို အားပေးတဲ့ စကားအသုံးအနှုန်းတွေကို ဖော်ပြပေးပြီးဖြစ်တဲ့အတွက် ဒါတွေကို အကောင်အထည်ဖော်ဖို့က မေမေတို့အလှည့် ဖြစ်ပါတယ်။ မေမေတို့ကလေး ကောင်းတဲ့အရာတစ်ခုခုလုပ်တဲ့အခါ သူတို့ကို ဘယ်လောက်ဂုဏ်ယူကြောင်း ၊ ဘယ်လောက်ချစ်ကြောင်းပြောပေးခြင်းဖြင့် ဂရုစိုက်ပေး၊ အားဖြည့်ပေးဖို့ အရေးကြီးပါတယ်။ သင့်ကလေးရဲ့ အပြုအမှုအတွက် ကောင်းတဲ့ရလဒ်တွေကို မြင်ချင်ရင် ဒီစကားအသုံးအနှုန်းတွေကို နေ့စဉ်ဘဝမှာ အသုံးချပါ။
Chit_MayMay
LM_Nandar
Source-youaremom
Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။