
မိဘတွေအနေနဲ့ သားသမီးတွေ အလွယ်တကူ အာရုံပျံ့လွင့်တာကို မြင်ရတဲ့အခါ အာရုံစူးစိုက်မှု ချို့ယွင်းချက်တွေရှိနေမလားဆိုပြီး စိုးရိမ်မိနို်ငပါတယ်၊ အမှန်က ဒီအရာဟာ အဆင့်ဆင့် တိုးတက်နေတဲ့ ရှုပ်ထွေးသော စွမ်းရည်တစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ကလေးတွေဆီကနေ သူတို့ပေးနိုင်တာထက် ပိုတောင်းဆိုတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးတွေက အသက်အရွယ်အလိုက် အာရုံစူးစိုက်မှုကို ဘယ်လောက်ကြာကြာထိန်းထားနိုင်တယ်ဆိုတာကို သိရှိထားတာက အသုံးဝင်ပါတယ်။
ကလေးတွေ ဘယ်လောက်ကြာကြာ အာရုံစိုက်နိုင်သလဲ?
သင်ယူမှုပေါ်မှာ မူတည်တာကြောင့် အာရုံစိုက်ခြင်းနဲ့ အာရုံစူးစည်းခြင်းက ကလေးဘဝမှာ မဖြစ်မနေ လိုအပ်တဲ့ လုပ်ဆောင်မှုနှစ်ခုဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ အာရုံစူးစိုက်မှုဆိုင်ရာ အရင်းအမြစ်တွေအပေါ် တဖြည်းဖြည်း ထိန်းချုပ်နိုင်လာပြီး ကြာရှည်အာရုံစိုက်လာနိုင်ကြပါတယ်။ ဒါပေမယ့် ဒါက သူတို့ရဲ့ ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ရင့်ကျက်မှုပေါ်မှာ မူတည်ပါတယ်။ ခိုင်းစေနို်ငတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။

၁။ ဘဝရဲ့ ပထမနှစ်
တစ်နှစ်သားအရွယ်မှာ ကလေးရဲ့ အာရုံစူးစိုက်မှုက တဒင်္ဂဖြစ်ပြီး ပြောင်းလဲလွယ်ပါတယ်။ မွေးကင်းစကလေးဟာ သူတို့ကို ပြုစုစောင့်ရှောက်ပေးသူတွေရဲ့ မျက်နှာ (သို့) အသံကို အာရုံစိုက်နိုင်ပေမယ့် ပတ်ဝန်းကျင် လှုံ့ဆော်မှုတစ်ခုခုကြောင့် လျှင်မြန်စွာ အာရုံပျံ့လွင့်သွားနိုင်ပါတယ်။ သူတို့ရဲ့ အာရုံစူးစိုက်မှု အတိုင်းအတာက ၄မိနစ်, ၅မိနစ်ထက်မပိုပါဘူး။
၂။ အသက် ၁နှစ်ကနေ ၂နှစ်အထိ
ဒီအချိန်မှာ ကလေးတွေဟာ သူတို့ သိချင်တဲ့အရာ (ဒါမှမဟုတ်) သူတို့ရဲ့ အာရုံကို ဆွဲဆောင်တဲ့ အရာပေါ်မှာ အာရုံစိုက်လာကြပါတယ်။ သူတို့ဟာ ရည်ရွယ်ချက်ရှိရှိ အာရုံမစိုက်နိုင်ကြသေးဘဲ အာရုံစူးစိုက်မှုကို ၆မိနစ် (သို့) ၈မိနစ်ထက် ပိုမထိန်းနိုင်ပါဘူး။
၃။ အသက် ၂နှစ်မှ ၃နှစ်အထိ
ဒီအဆင့်မှစလို့ စိတ်ဆန္ဒအရ အာရုံစူးစိုက်မှုဟာ တိုးတက်လာပါတယ်။ ကလေးငယ်ဟာ သူတို့ရဲ့ အာရုံစူးစိုက်မှုနေရာကို ထိန်းချုပ်နိုင်နေပြီဖြစ်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းက တိုးလာပေမယ့် အကန့်အသတ်ရှိနေဆဲဖြစ်ပြီး ၁၀မိနစ်မှ ၁၅မိနစ်ခန့်သာရှိပါတယ်။
၄။ အသက် ၃နှစ်မှ ၄နှစ်အထိ
အာရုံစူးစိုက်မှု တိုးလာပါတယ်။ ဒီအသက်အရွယ်မှာ သင့်ကလေးဟာ သူတို့ရဲ့ အာရုံကို အာရုံပြောင်းနိုင်နေပြီဖြစ်ပြီး ၁၅မိနစ်ကနေ မိနစ် ၂၀ခန့် အာရုံစိုက်နေနိုင်ပါတယ်။ ဒါပေမယ့် သူတို့အတွက် မောပန်းလွယ်ပြီး လက်ရှိအရာကို သူတို့ မနှစ်သက်လျှင် လှုပ်ရှားမှုအသစ်တစ်ခုသို့ ပြောင်းလဲချင်ပါလိမ့်မယ်။
၅။ အသက် ၄နှစ်မှ ၅နှစ်အထိ
ဒီအသက်အရွယ်မှာ ကလေးဟာ ( ပုံမှန်အားဖြင့် နည်းသော်လည်း) ၂၅မိနစ်အထိ အာရုံစူးစိုက်နိုင်ပါတယ်။သူတို့ဟာ attention ကို ပိုင်းခြားပြီး စတင်အသုံးပြုလာတာကြောင့် အလုပ်တစ်ခုမှာ အာရုံစိုက်နေရင်း တခြားအရာတွေများစွာကို အာရုံစိုက်နိုင်ကြပါတယ်။ ဥပမာအားဖြင့် သူတို့က သင်ပြောနေတာကို နားထောင်ပြီး သင့်ရဲ့ မေးခွန်းတွေကို ကစားရင်းနဲ့ ပြန်ဖြေနိုင်ပါတယ်။
၆။ အသက် ၆နှစ်မှ ၉နှစ်အထိ
ကျောင်းနေအရွယ်မှာ ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းက သိသိသာသာတိုးလာပါတယ်။ ဒီအသက်အရွယ်မှာ ကလေးဟာ အလုပ်တစ်ခုမှာ သူတို့ရဲ့ အာရုံစူးစိုက်မှုကို မိနစ် ၃၀မှ ၄၅မိနစ်အထိ ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် သူတို့ဟာ အလုပ်တစ်ခု (သို့) activity တစ်ခုကို မကြိုက်ရင်တောင် တမင်တကာ အာရုံစိုက်ခိုင်းလို့ရပါတယ်။ ဒါတွေကာ ပညာရပ်ဆိုင်ရာ သင်ယူမှုမှာ အရမ်းအရေးကြီးတဲ့ တိုးတက်မှု နှစ်ခု ဖြစ်ပါတယ်။
ကလေးတွေဟာ ပျင်းရင် အချိန်တိုတိုအတွင်း အာရုံပျံ့လွင့်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ လှုပ်ရှားမှုတွေကို ပြောင်းလဲလိုတာ (သို့) ကြားထဲမှာ ခေတ္တနားချိန် လိုအပ်နိုင်ပါတယ်။
၇။ အသက် ၁၀နှစ်နှင့်အထက်
ဒီအရွယ်ကစပြီး ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေဟာ မိနစ် ၅၀ ကနေ တစ်နာရီကျော်အထိ အချိန်ကြာကြာ အာရုံစူးစိုက်နိုင်ကြပါတယ်။ စိတ်အနှောက်အယှက်ဖြစ်ပေမယ့်လည်း အာရုံစိုက်ပြီး အလုပ်ဆက်လုပ်နိုင်ကြပါတယ်၊ သို့သော်လူကြီးတွေလိုပဲ ဒါက activity ပေါ်မှာ မူတည်ပါတယ်။ ဒါ့အပြင် ဒီအဆင့်မှာပင် စိတ်ပိုင်းဆိုင်ရာ အနားယူမှုတွေ လိုအပ်မှာဖြစ်ပါတယ်။

ကလေးတွေ အာရုံစိုက်နိုင်အောင် ဘယ်လိုကူညီပေးမလဲ?
ကလေးတွေဟာ အသက်ကြီးလာတာနှင့်အမျှ အလုပ်တစ်ခုအပေါ် အာရုံစိုက်နိုင်မှုစွမ်းရည်က တဖြည်းဖြည်းတိုးလာပါတယ်။ ဒါက ကြီးကောင်ဝင်ပြီးသည့်တိုင်အောင် မဖွံ့ဖြိုးသေးတဲ့ ဦးနှောက်ဧရိယာတစ်ခုဖြစ်တဲ့ prefrontal cortex ရဲ့ရင့်ကျက်မှုနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ ဆင့်ကဲဖြစ်စဉ်အဆင့်ကို သူတို့အောင်မြင်နိုင်တာထက် ပိုမတောင်းဆိုမိစေဖို့ စိတ်ရှည်ရှည်ထားရန် အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကလေးတွေရဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းအချို့ရှိပါတယ်။
စိတ်အားထက်သန်မှုကို အားပေးပါ – ဆွဲဆောင်မှုရှိပြီး နှစ်သက်စရာကောင်းတဲ့ လုပ်ဆောင်ချက်တွေက သိချင်စိတ်ကို နှိုးဆွပေးပြီး ကလေးတွေရဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။
ကလေးတွေမှာ အခြားသူတွေထက် အာရုံစူးစိုက်နိုင်စွမ်းပိုတဲ့ တစ်နေ့တာအချိန်တွေ ရှိပါတယ်။ သူတို့အိပ်ချင်တာ၊ ဆာလောင်တာ၊ ပင်ပန်းနွမ်းနယ်တာ (သို့) စိတ်တိုနေတာဆိုရင် သူတို့ရဲ့ အာရုံစူးစိုက်မှုက အကောင်းဆုံးဖြစ်မှာ မဟုတ်သလို သူတို့ကို အာရုံစိုက်စေဖို့ ကြိုးစားရန် ဒီအချိန်က အကောင်းဆုံးအချိန်မဟုတ်ပါဘူး။
ပတ်ဝန်းကျင်ကို အာရုံစိုက်ပါ – သင့်ကလေးအား အာရုံစူးစိုက်မှု ရှိနေစေလိုပါက ပတ်ဝန်းကျင်ဟာ အနှောက်အယှက်တွေနဲ့ မသက်ဆိုင်တဲ့ လှုံ့ဆော်မှုတွေ ကင်းစင်နေဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် နောက်ခံမှာ ရုပ်မြင်သံကြားဖွင့်ထားခြင်း (သို့) တစ်ခန်းတည်းပဲ အခြားညီအစ်ကိုမောင်နှမတွေ ကစားနေခြင်းက ကြီးမားတဲ့ အာရုံထွေပြားမှုကို ဖြစ်စေနိုင်ပါတယ်။ ရှုပ်ပွနေ၊ ညစ်ပတ်နေတဲ့နေရာ (သို့) အလင်းရောင်အားနည်းတဲ့နေရာကလည်း တူညီတဲ့ သက်ရောက်မှုရှိနို်ငပါတယ်။
အချိန်တွေကို စုစည်းပါ – ကလေးတွေကို သူတို့လုပ်ဆောင်ခဲ့တဲ့ တာဝန်တွေ ပြီးမြောက်စေဖို့ လှုံ့ဆော်ပေးရမှာ ဖြစ်သော်လည်း သူတို့ကောင်းစွာ အနားယူဖို့ လိုအပ်ပါတယ်။ အသက်အရွယ်အလိုက် အာရုံစူးစိုက်မှုအချိန်ကို အထက်ဖော်ပြပါ အချက်အလက်များအတိုင်း စီစဉ်နိုင်ပါတယ်။ မိနစ်အနည်းငယ်လောက် အနားယူပြီးရင် သူတို့ရဲ့ အလုပ်တွေကို ပြန်စနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ကလေးတွေအပေါ် ဖန်သားပြင်နဲ့ နည်းပညာတွေရဲ့ သက်ရောက်မှုကို မေ့ထားလို့ မရပါဘူး။ မိုဘိုင်းစက်ပစ္စည်းတွေ၊ အက်ပ်တွေနဲ့ လူမှုကွန်ရက်တွေက သူတို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေတာကြောင့် အသုံးပြုမှုကို ကန့်သတ်ဖို့ အရေးကြီးပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အချို့သော လှုပ်ရှားမှုတွေဖြစ်တဲ့ အသက်ရှုနည်းစနစ်တွေ၊ ပန်းချီဆွဲခြင်းနဲ့ puzzles အတူတူဆက်ခြင်း (သို့) ပုံတူဆွဲခြင်း ကဲ့သို့သော လုပ်ဆောင်ချက်တွေက ဒီလုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးတာကြောင့် သူတို့အား အကောင်းဆုံးသော ဖျော်ဖြေရေး ရွေးချယ်စရာတစ်ခုဖြစ်လာစေပါတယ်။
Chit_MayMay
Nandar
Source-youaremom