ကလေးတွေဆိုတာ ဘယ်လိုအသက်အရွယ်ပဲဖြစ်ဖြစ် သူတို့လေးတွေကို ပြုစုပျိုးထောင်ရတာဟာ အင်မတန်သတိထားဆင်ခြင်ရပြီး အနုစိတ်ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ သားသမီးတွေ မှန်ကန်တဲ့လမ်းပေါ်ကိုလျှောက်လှမ်းနိုင်ဖို့အတွက် မိဘတွေကိုယ်တိုင်က ရှေ့ဆောင်လမ်းပြလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ပြုလုပ်သမျှ အပြုအမူတွေ၊ ပြောသမျှ စကားလုံးတွေကို အရမ်းအာရုံစိုက်ပြီး လုပ်ဖို့၊ ပြောဖို့ အရေးကြီးတာပေါ့။ အထူးသဖြင့် အစစအရာရာကို လေ့လာသင်ယူနေတဲ့ အရွယ်တွေမှာ ပိုပြီးတော့ကို စကားရွေးချယ်မှုအပေါ် သတိထားရမှာဖြစ်ပါတယ်။ ဒါဆိုရင် သားသမီးတွေအရှေ့မှာ ဘယ်လိုစကားမျိုးတွေ ပြောမိခြင်းမှ ရှောင်ကျဥ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကလေးတွေက ငယ်တယ်ဆိုပေမယ့်လည်း ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ အကုန်သင်ယူတတ်ကြပါတယ်။ ပညာရှင်များပြောစကားအရ ကလေးငယ်တစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ စိတ်ဓာတ်ကျယ်ပြန့်လာဖို့အတွက် လူကြီးမိဘတွေ ပြောသမျှက အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ ဒါကြောင့် ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေကို ကလေးတွေအရှေ့မှာ လုံးဝကို မပြောဆိုသင့်ပါဘူး။

နောက်တစ်ချက်ကတော့ ကလေးငယ်တွေရဲ့ အသိဥာဏ်လေးတွေ၊ တော်တတ်မှုတွေကို အသိအမှတ်ပြုပြီး ချီးမွမ်းပေးတာကောင်းပေမယ့်လည်း တော်လိုက်တာ၊ တတ်လိုက်တာဆိုပြီး မကြာခဏဆိုသလို ပြောပေးခြင်းက သူတို့ကိုယ်သူတို့ ဥာဏ်ကြီးရှင်တွေအဖြစ် မွေးဖွားလာတယ်လို့ ထင်မှတ်သွားစေနိုင်ပါတယ်။ ဒီအခါ နောက်အခေါက်တွေမှာ သေချာကြိုးစားအားထုတ်ခြင်းရှိမှာမဟုတ်တော့ပါဘူး။

ဘယ်လောက်ပဲ ဒေါသဖြစ်နေပါစေ၊ သူတို့လေးတွေကို စချင်လို့ဖြစ်စေ ဘယ်လိုအကြောင်းအရင်းတွေကြောင့်ဖြစ်ဖြစ် စိတ်ထဲကပေါ်လာသမျှ မကောင်းတဲ့နာမည်ကို မခေါ်သင့်ပါဘူး။ အခုလိုကိုယ့်ပါးစပ်ကထွက်လာတဲ့ စကားတွေကြောင့် ကလေးက အတတ်သင်သွားနိုင်ကာ လူကြားထဲမှာ ဒီလိုစကားတွေကို ပြန်ပြောမိနိုင်တာကြောင့် အထူးသတိထားပါ။
#Chit_May_May
#Thinzar
Ref- timesofindia