ကလေးတွေ စိတ်ဆိုးစိတ်ကောက်ကြတဲ့အခါ မိဘအများစုဟာ ပြဿနာရဲ့ အကြောင်းရင်းမှန်ကို ရှာဖွေဖို့ မကြိုးစားကြဘဲ အာရုံလွှဲဖို့သာကြိုးစားကြပါတယ်။ စိတ်ဆိုးစိတ်ကောက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း အပြင် ငိုကြွေးခြင်းတို့ရဲ့ အဓိကအကြောင်းရင်းတွေကတော့ သင်ထင်သလို ရှုပ်ထွေးခက်ခဲနေခဲ့တာမျိုးမဟုတ်ပါဘူး။ လက်တွေ့မှာတော့ စိတ်ဆိုးစိတ်ကောက်ရခြင်းရဲ့ အခြေခံအကြောင်းတရားတွေဟာ အစာအာဟာရကင်းမဲ့ခြင်း (သို့) အိပ်ရေးမဝတာကြောင့် ဖြစ်တတ်ပါတယ်။

၁။ အိပ်ရေးမဝခြင်း
လူကြီးတွေလိုပဲ ကလေးတွေဟာ သူတို့ရဲ့ အိပ်စက်ချိန်တွေကို အပြည့်အဝရရှိဖို့လိုအပ်ပါတယ်။ ကလေးတွေနဲ့ လူကြီးတွေအကြား မတူတဲ့အချက်က ကလေးတွေဟာ လူကြီးတွေထက် အိပ်ချိန်၊ အနားယူချိန် ပိုများများလိုအပ်တယ်ဆိုတာပါပဲ။ နေ့ကလေးထိန်းစင်တာတွေမှာဆိုရင် အိပ်စက်ခြင်းကို ဘာသာရပ်တစ်ခုအနေနဲ့ သီးသန့်ထားကြပါတယ်။ ဒါ့ကြောင့် ကလေးစိတ်ဆိုးစိတ်ကောက်တဲ့အခါ ပထမဆုံးစဉ်းစားရမယ့်အကြောင်းအရာတစ်ခုက သင့်ကလေးဟာ အိပ်ချိန်လုံလုံလောက်လောက်ရရဲ့လားဆိုတဲ့ အချက်ပါပဲ။

၂။ ဆာလောင်ငတ်မွတ်ခြင်း
လူကြီးတွေလိုပဲ ကလေးတွေလည်း သတိထားရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ သူတို့အလွန်အကျွံကစားနေတယ်ဆိုရင် သူတို့ဗိုက်ဆာနေတယ်ဆိုတာ မေ့လျော့နေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဆိုးဒေါသဖြစ်ခြင်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ သကြားဓာတ်ဖြည့်စွက်ဖို့ လိုအပ်နေတယ်ဆိုတာ သတိပြုမိလာတာကြောင့်ဖြစ်ပါတယ်။ သင့်ကလေး စိတ်ဆိုးစိတ်ကောက်နေပြီဆိုရင် သင့်ကိုယ့်သင်ဒုတိယမေးရမယ့် မေးခွန်းက သူတို့ဘယ်အချိန်လောက်က အစားအစာကို နောက်ဆုံးစားခဲ့တာလဲဆိုတာပါပဲ။
ကျွမ်းကျင်သူတွေအဆိုအရ မိဘတွေဟာ ကျန်းမာစေတဲ့ အဆာပြေအစားအစာတွေရှိထားသင့်တယ်လို့ ဆိုကြပါတယ်။ ဥပမာ – သစ်သီးဝလံများ (သို့) တစ်ချို့ cracker တွေကို ဝယ်ထားသင့်ပါတယ်။ သို့ပေမယ့် အချိုရည်ဗူးတွေ (သို့) ချောကလက်တွေလို သကြားပါဝင်တဲ့ အစားအစာတွေကို မဆိုလိုပါ။

၃။ အလွန်အကျွံတက်ကြွနေခြင်း
စိတ်ဖိစီးမှုများတဲ့နေရာတွေ – တစ်ချိန်တည်းမှာ ဟာသတွေနဲ့ မီးအလင်းရောင်များ၊ တစ်ခြားကလေးများနှင့် တေးဂီတများ စတဲ့အလွန်အကျွံစိတ်ဓာတ်တက်ကြွစေတဲ့ မွေးနေ့ပါတီတွေ၊ စျေးပွဲတော်တွေအားလုံးဟာ ကလေးကိုစိတ်ဆိုးစိတ်ကောက်တာတွေဖြစ်စေပါတယ်။ ဒီလိုအခြအနေတွေမှာ ကလေးတွေဟာ ရူးမိုက်မိုက်အလုပ်တွေ၊ တစ်ခြားကလေးတွေနဲ့ တိုက်ခိုက်ခြင်းနှင့် ရုတ်တရက်ငိုကြွေးခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်လာပြီဆိုရင် လက်ရှိအခြေအနေကနေ ကွဲထွက်ပြီး သူတို့အေးချမ်းနိုင်မယ့် တစ်နေရာရာကို ခေါ်ဆောင်သွားပေးပါ။

၄။ စိတ်ပျက်ငြီးငွေ့ဖွယ်အခြေအနေတွေ ကြုံရခြင်း
ကလေးတွေ ပျင်းရိငြီးငွေ့လာတဲ့အခါ သူတို့ရဲ့ အပြုအမူတွေဟာ မှားယွင်းလာတတ်ပါတယ်။ ဒီအချက်ဟာ အားလုံးလိုလိုကြုံတွေ့ရတဲ့ ပုံမှန်အခြေအနေပါ။ ဒီအချက်ဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်လက္ခဏာတစ်ခုဖြစ်တဲ့ သိချင်စိတ်ပြင်းပြခြင်း၊ စပ်စုခြင်းတို့ရဲ့ ထုတ်ကုန်တစ်ခုပါ။ ဒီလိုဖြစ်လာတယ်ဆိုရင် ကလေးအတွက် အန္တရာယ်မရှိနိုင်သော အသစ်တစ်ခုခုကို လေ့လာနိုင်ဖို့ (သို့ ) ကြိုးကိုင်ခြယ်လှယ်နိုင်ဖို့ ပြုလုပ်ပေးပါ။ တစ်ချို့လှည့်ကွက်လေးတွေ လုပ်ပါ။ ဥပမာ – ကလေးကို ခရီးတိုလေးတွေ ခေါ်ဆောင်သွားပေးပါ။ ကမ်းခြေ၊ တောင်ပေါ်ဒေသတစ်ခုခုကို အပန်းဖြေနိုင်မယ့် နေရာတစ်ခုခုကို ခေါ်ဆောင်သွားပြီး အာရုံပြောင်းပါ။ နောက်တစ်ခုက သင့်ကလေးရဲ့ ကစားစရာတွေကို လျှို့ဝှက်စွာ အသစ်တွေကို ဖြည်းဖြည်းချင်း လဲပေးပါ။
Chit_May_May
Nyein_Thu
Ref- youaremom